ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အနောက်ရဲ ဒုက္ခသည်စခန်းတွင် နိုဝင်ဘာ လ ၁၈ ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်က တရားခံ ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘင်္ဂါလီ ၄ ဦး သေနတ်ဒဏ် ရာရှိခဲ့ကြောင်း သတင်း ရရှိသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသော ဘင်္ဂါလီလူပေါင်း ၁၀၆ ဦးအား ပို့ဆောင်မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က တရားခံ ၂ ဦးအား ဝင်ရောက် ဖမ်းဆီးစဉ် စခန်းရှိ ဘင်္ဂါလီများက လူစုလူဝေးဖြင့် ၎င်းတရားခံ ၂ ဦးအား လုယူရန်ကြိုး စားရာမှနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပေါက်တောမြို့မစခန်းမ ရဲအုပ် သန်းဌေး က “တရားခံ ၂ ဦးကို သွားဖမ်း တာပါ။ အဲဒီမှာ တုတ်၊ ဓား ကိုင်ပြီးတော့ လူအုပ်တွေက ဝိုင်းလာပြီး တရားခံကို လူယူဖို့ ကြိုးစားတယ်။ ခြောက်လှန့်ပြီး ပထမ မိုးပေါ်ထောင် ပစ်တော့ နောက်မဆုတ်ဘဲ လူတွေက ပိုများလာတယ်။ အဲဒီမှာ ကာကွယ် ပစ်ခတ်ရင်း ဒဏ်ရာ ရရှိသွားတာပါ ” ဟု ဧရာဝတီသို့ ပြောသည်။
ယခုရက်ပိုင်းအတွင်းက မလေးရှားနိုင်ငံသို့သွားရောက်ရန် လှေဖြင့်ထွက်ခွာလာသော ဘင်္ဂါလီ ၁၀၆ ဦးကို ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြိုနယ်တွင် ဖမ်းမိသည့်ဖြစ်စဉ်တွင် လူမှောင်ခိုပို့မှုဖြင့် ယင်း ဒုက္ခသည်းစခန်းမှ ဘင်္ဂါလီ ၂ ဦးကို ဝင်ရောက် ဖမ်းဆီးစဉ် တုတ်၊ ဓား ကိုင်ဆောင်ပြီး လူအုပ်ဖြင့် တရားခံအား လုယူရန် ကြိုးစားရာမှနေ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း ပေါက် တော မြို့နယ် ရဲတပ်ဖွဲ့က ဆိုသည်။
ပေါက်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိဖြစ်သူ ဦးကျော်စိုးမင်း က “ကျနော်တို့ဆီကို ကြန်းနန်း မရောက်သေးတော့ ဖြစ်စဉ်ကို တိတိကျကျ ဘာမှ ပြောလို့မရသေးဘူး။ လောလောဆယ် ကျနော်တို့ သိရသလောက်က အဲဒီ ဒဏ်ရာရတဲ့ လူ ၄ ဦးကို AZG နယ်စည်းမခြားဆရာဝန်အဖွဲ့ ကုသမှုတွေ လုပ်နေတယ် လောက်ပဲ သိရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက စခန်းအတွင်းသို့ မဝင်နိုင်သေးဘဲ အသင့်အနေအထားဖြင့် လုံခြုံရေး ယူထားသလို ဒုက္ခသည်စခန်းရှိ ဘင်္ဂါလီများမှာလည်း မိမိတို့စခန်းမှနေ အခြေအနေကို စောင့်ကြည့် နေကြောင်းလည်း သိရသည်။