သတင်း

ရေနံ နှင့် သဘာဝ ဓာတ်ငွေ့မှ ၂ နှစ်ဆက်တိုက် အခွန်အများဆုံး ရရှိဟု MEITI အစီရင်ခံစာ ဖော်ပြ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းမှ ရရှိသည့် အခွန်ဘဏ္ဍာငွေများ အနက် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ် ငန်းသည် ၂နှစ်ဆက်တိုက် အခွန်အများဆုံး ပေးဆောင်သော ကဏ္ဍအဖြစ် ရှိနေကြောင်း မြန်မာနိုင်ငံ သဘာဝ သယံ ဇာတ အရင်းအမြစ်များ တူးဖော် ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (MEITI) အစီရင် ခံစာ ဖော်ပြချက် အရ သိရသည်။

MEITI ၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် (ဒုတိယအကြိမ်နှင့် တတိယအကြိမ်) အစီရင်ခံစာများ ထုတ်ပြန် ခြင်း အခမ်းအနားကို ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီ လာဟိုတယ်တွင် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ပြုလုပ်ပြီး MEITI သုံးပွင့်ဆိုင် ညွန့်ပေါင်း အဖွဲ့မှ တာဝန်ရှိ သူများက အစီရင်ခံစာပါ အချက်အလက်များကို ရှင်းလင်း ပြောဆိုခဲ့ကြသည်။

အစီရင်ခံစာတွင် ၂၀၁၄-၂၀၁၅ (ဒုတိယအကြိမ်အစီရင်ခံစာ) ဘဏ္ဍာရေးနှစ်တွင် တွင်းထွက်သယံဇာတ တူးဖော် ထုတ် လုပ် ခြင်း ကဏ္ဍများ၏ အခွန်အခရငွေ အားလုံး၏ ၈၅ ရာခိုင်နှုန်းကိုလည်းကောင်း၊ ၂၀၁၅-၂၀၁၆ (တတိယအကြိမ် အစီရင်ခံစာ) ဘာဏ္ဍာရေးနှစ်တွင် ၇၆ ရာခိုင်နှုန်းကိုလည်းကောင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍမှ ကောက်ခံရရှိခဲ့ သည် ဟု ဖော်ပြထားသည်။

အစိုးရအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများ(ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကုမ္ပဏီများ အပါအဝင်) ထံမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ ကျပ် သန်းပေါင်း ၂,၈၈၂,၂၀၆ နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌ ကျပ် သန်းပေါင်း ၂,၅၇၉,၉၁၇ ကို ကောက်ခံ ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ ဒုတိယနှင့် တတိယအကြိမ် အစီရင်ခံစာတို့တွင် ၂၀၁၄-၂၀၁၅ နှင့် ၂၀၁၅-၂၀၁၆ ခုနှစ်တို့ကို လွှမ်းခြုံသော ရေနံ နှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်/ကျောက်စိမ်းနှင့် သတ္တု (အခြားသတ္တုများနှင့်ပုလဲ)ကဏ္ဍတို့မှ အခွန်ဘဏ္ဍာ ငွေများကို ဖော်ပြထားသည်။

အစီရင်ခံစာအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျောက်မျက်နှင့် ကျောက်စိမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ သတ္တုကဏ္ဍမှ ၄ ရာခိုင်နှုန်းကို လည်းကောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျောက်မျက်နှင့် ကျောက်စိမ်းကဏ္ဍမှ ၂၁ ရာခိုင်နှုန်း၊ သတ္တု ကဏ္ဍမှ ၃ ရာခိုင်နှုန်းကိုလည်းကောင်း အခွန် ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

MEITI အစီရင်ခံစာတွင် ပါဝင်သည့် အခွန်ကောက်ခံမှုစနစ်၊ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း၊ စာရင်းစစ်ဆေးခြင်း လုပ်ထုံး လုပ်နည်းများနှင့် ဥပဒေများ၊ သယံဇာတဆိုင်ရာ စီမံအုပ်ချုပ်မှု၊ အခွန်ဘဏ္ဍာခွဲဝေခြင်း၊ မူဝါဒများ၊ အကြံပြု တိုက်တွန်းချက် များကို လေ့လာဆန်းစစ်ပြီး ရေရှည်တည်တံ့ဖွံ့ဖြိုးသည့် တွင်းထွက်သယံဇာတ လုပ်ငန်းများ ပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ အားကောင်းလာစေရန် အကောင်အထည်ဖော်ရေးသည် MEITI အဖွဲ့ဝင်များ၏ ရည်မှန်းချက်ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်တိုင်း ဒေသကြီး မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့ (MATA) အဖွဲ့ဝင် ဦးဝင်းမျိုးသူက“ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်လို့ ပြောတယ်။ အဲဒီအတွက် ကျနော်တို့က အနာသိမှ ဆေးရှိမှာဖြစ်တယ်။ ဘာတွေနာနေလဲ။ ဘာကြောင့်ဖြစ်လဲ။ အဲဒီလိုမှ ဆေးပေးမယ်။ အနာသိအောင် EITI အစီရင်ခံစာ ရေးတာဖြစ်တယ်”ဟု ပြောသည်။

၂၀၁၄ ဇူလိုင် ၂ ရက်၌ မက္ကဆီကို နိုင်ငံတွင် ကျင်းပသော ၂၇ ကြိမ်မြောက် နိုင်ငံတကာ EITI ဘုတ်အဖွဲ့ အစည်း အဝေး တွင် မြန်မာနိုင်ငံအား ၄၅ နိုင်ငံမြောက် EITI အဖွဲ့ဝင်လောင်း နိုင်ငံ အဖြစ် အတည်ပြု လက်ခံခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပထမအကြိမ် EITI အစီရင်ခံစာကို ၂၀၁၅ ဒီဇင်ဘာလတွင် ထုတ်ပြန်နိုင်ခဲ့သည်။

ယင်းအစီရင်ခံစာတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်မျက်/ကျောက်စိမ်းနှင့် သတ္တုကဏ္ဍတို့မှ စာရင်းတိုက်ဆိုင် စစ်ဆေးထာားသော အခွန်ဘဏ္ဍာ ဆိုင်ရာနှင့် အခြားသော အချက်အလက်များကို ဖော်ပြခဲ့သည်။

EITI အဖွဲ့ဝင်လောင်း ဖြစ်သည့် မြန်မာနိုင်ငံသည် ၂၀၁၈ ဇူလိုင်မှ စတင်ကာ ဒီဇင်ဘာ ကာလအထိ နိုင်ငံတကာ EITI အတွင်းရေးမှူးရုံး၏ ဆန်းစစ်လေ့လာ အကဲဖြတ်ခြင်း (Validation) ကို ခံယူနေရပြီး ယခုထုတ်ပြန်ပြီးသည့် MEITI အစီရင်ခံစာများသည် ယင်းဆန်းစစ်လေ့လာ အကဲဖြတ်ခြင်း လုပ်ငန်းစဉ်ကို အထောက်အကူ ပြုမည်ဖြစ်ကြောင်း MEITI အဖွဲ့ဝင်များက ရှင်းပြသည်။

၂၀၁၉ ဖေဖော်ဝါရီ လကုန်ခန့်တွင် ပြုလုပ်မည့် နိုင်ငံတကာ EITI ဘုတ်အဖွဲ့ဝင် အစည်းအဝေးတွင် မြန်မာနိုင်ငံအား အဖွဲ့ဝင်လောင်း နိုင်ငံမှ တင်းပြည့်အဖွဲ့ဝင် နိုင်ငံ (Compliance Country) ဖြစ်မဖြစ်ကို ဆုံးဖြတ်ချက် ရရှိမည် ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading