ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းရှိ မန်ပြိန်း (အထက်) ရွာ အနီးတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်များနှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ပူးပေါင်း တပ်များအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအကြားတွင် ဒေသခံအမျိုးသမီးတဦး သေဆုံးပြီး ၈၀ ကျော် တိမ်းရှောင်နေကြရသည်။
မန်ပြိန်းရွာအနီးတွင် နိုဝင်ဘာ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သော TNLA၊ SSPP ပူးပေါင်းတပ်များနှင့် RCSS တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မန်ပြိန်း (အထက်) ရွာ မှ ဒေါ်မာလွတ် ဆိုသူ သေနတ်ကျည်ဆံထိမှန် သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒေသခံ ၈၅ ဦးမှာလည်း ရွာနှင့် ၁၂ မိုင် အကွာရှိ မန်ပြိန်း (အောက်) ရွာသို့ ထွက်ပြေး တိမ်းရှောင်နေကြရခြင်းဖြစ်သည်။
ဒေါ်မာလွတ်၏ သမတ်ဖြစ်သူ ကိုတူးမိုင်က “အခုလောလောဆယ် ကျနော်တို့ အပေါ်မန်ပြိန်းရွာက ၁၂ မိုင်အကွာရှိ အောက်ရွာက မူလွန်ကျောင်းမှာ စုနေတယ်။ အကုန်လုံးက ၈၅ ဦးရှိတယ်။ ရွာဘက်မှာ စပါးပုံနေတဲ့အချိန် သေနတ်သံကြားတော့ ရှောင်ပြေးတာ။ မြင်တဲ့လူတွေ ပြောကြတာ ပြောက်ကျားဝတ်စုံ ဝတ်ထားတဲ့သူတွေလို့ ပြောတယ်။ ကျနော်တို့က ပြည်သူတွေပါ မပစ်နဲ့လို့ပြောတာ ပစ်လိုက်တာ။ သေနတ်မှန်ပြီး ဆုံးသွားတာ။ ဘယ်အဖွဲ့လို့တော့ မသိရဘူး။ ဝတ်ထားတဲ့ ဝတ်စုံကတော့ ပြောက်ကျားလို့ ပြောတယ်” ဟု ပြောသည်။
အဆိုပါ မန်ပြိန်းကျေးရွာအနီးတွင် နိုဝင်ဘာလ ၁၅ ရက်နေ့ကတည်းက TNLA နှင့် RCSS တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၁၆-၁၇ ရက်နေ့များတွင် SSPP အဖွဲ့က TNLA နှင့် ပူးပေါင်းပြီး RCSS ကို တိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ပွဲများကြောင့် တိုက်ပွဲရှောင် ထွက်ပြေး လာသူများမှာ နိုဝင်ဘာလ ၁၅ ရက်ကတည်း မန်ပြိန်း (အောက်) ရွာတွင် ခိုလှုံနေကြခြင်းဖြစ်သည်။
လက်ရှိတွင် မန်ပြိန်း အထက်ရွာ အနီးမှာ RCSS နှင့် TNLA – SSPP ကြား တိုက်ပွဲ ဖြစ်ပွားမှု မရှိတော့သော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု သိရပြီး ဒေသခံ တဦး သေဆုံးမှုနှင့် ပတ်သက်၍ မည်သို့ သေဆုံးရခြင်းကို မသိသေးကြောင်းနှင့် အရပ်သားများ ထိခိုက်မှု မရှိစေရန် မှာကြားထားသည်ဟုလည်း TNLA ဘက်မှ သိရသည်။
TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က “စစ်ရေးကတော့ အဲဒီနားမှာ တင်းမာနေသေးတယ်၊ ဒီနေ့တော့ ဘာမှ သတင်းမကြားသေးဘူး။ တိုက်ပွဲ ဖြစ်လား မဖြစ်လား ဆိုတာ။ ကျနော်တို့ မူဝါဒက အရပ်သားတွေ ရှိတဲ့ နေရာကို မလှုပ်ရှားဖို့၊ သွားတိုက်တာမျိုး မလုပ်ဖို့ အတတ်နိုင်ဆုံး ရှောင်ရှားတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်ကလည်း မန်ပြိန်း (အထက်) ရွာတွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်အဖွဲ့ တိုက်ပွဲများကြောင့် ဒေသခံ အမျိုးသား စံမွန် (ခေါ်) မာဂမ် ဆိုသူ သေဆုံးခဲ့ဖူးကာ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရင်း လသားအရွယ် ကလေးငယ်တဦး ထပ်မံ သေဆုံးခဲ့ရသည်။
တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကိုတူးမိုင်မှာ ယင်းလသားအရွယ် ကလေးငယ်၏ ဖခင်လည်း ဖြစ်သည်။
ကိုတူးမိုင် က “အခက်အခဲကတော့ ကူညီထောက်ပံ့တာတော့ မရှိဘူး။ ဟိုတခေါက် ကျနော်တို့ တခေါက်ပြေးတဲ့အချိန်က နည်းနည်းပါးပါး ကျန်တာပဲ စားနေကြတယ်။ အခက်အခဲက ဆီရော၊ ဆန်ရော၊ အကုန်လုံး ခက်ခဲမှုရှိတယ်။ အဝတ်အစားလည်း လိုတာပေါ့။ မီးလည်း မရဘူး၊ အကုန်လုံးအမှောင်ထဲမှာပဲ။ ညလည်း ဒီအတိုင်းနေရတာ။ တိုက်ပွဲကထပ်ပြီး ဖြစ်လာမယ့် အနေအထားတော့ ရှိပါတယ်။ အဲဒါကြောင့်မလို့ ကျနော်တို့လည်း အိမ်မှာမနေရဲတဲ့ အနေအထား ရှိတယ်” ဟု ဆိုသည်။
မန်ပြိန်းအထက်ရွာအနီး တိုက်ပွဲများ ရပ်တန့်နိုင်ရေးနှင့် ပတ်သက်၍ တပ်မတော်နှင့် ဖြစ်နေခြင်း မဟုတ်သည့်အတွက် လွှတ်တော်တွင်း မေးမြန်းရာတွင် အခက်အခဲရှိကြောင်း၊ ပါတီအနေဖြင့်မူ ဆောင်ရွက်မှုများ ရှိကြောင်းနှင့် လတ်တလောတွင် တိုက်ပွဲရှောင်များအား အကူအညီပေးရးကိုမူ လုပ်ဆာင်နိုင်ခြင်း မရှိသေးကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရစီအဖွဲ့ချုပ် (SNLD) ကိုယ်စားများထံမှ သိရသည်။
SNLD ပါတီမှ လားရှိုးမဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက “အစိုးရတပ်နဲ့ ဖြစ်တယ်ဆိုရင်တော့ တမျိုးပေါ့။ သက်ဆိုင်ရာ လွှတ်တော်မှာ မေးရင် မေးမယ်ပေါ့။ သက်ဆိုင်ရာ တိုင်းမှူးတွေ မေးရင် မေးမယ်ပေါ့။ အခုကျတော့ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းတွေ ဖြစ်တော့ ကျနော်တို့လည်း လွှတ်တော် ကိုယ်စားလှယ် အနေနဲ့ မဟုတ်ဘဲ၊ ပါတီအနေနဲ့တော့ ဆောင်ရွက်တာတွေတော့ ရှိတယ်ပေါ့နော်” ဟု ဆိုသည်။
ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြောင့် အရပ်သား သေဆုံးမှုများ ရှိနေသည့်အတွက် အပစ်အခတ်ရပ်စဲကြရန် ဒေသခံများက လိုလားလျက် ရှိသည်။
ကိုတူးမိုင်က “လောလောဆယ် အပစ်အခတ်ရပ်စဲရေးကို လိုလားပါတယ်။ တိုက်ပွဲ ဖြစ်ရင်တော့ ကျနော်တို့ ပြည်သူတွေကို မထိပါးအောင် လုပ်ပေးစေချင်တယ်။ အခုလည်း လှုပ်ရှားနေတုန်းပဲ၊ ကျနော်တို့ ပတ်ဝန်းကျင် ရွာတွေနားမှာပဲ။ မန်ပြိန်းရွာ၊ ၁၃ မိုင်အကွာက ဂေါ်ရခါးရွာ၊ ပန်းဟုန်ရွာ၊ အဲဒီအနီးအနားပတ်ဝန်းကျင်မှာပဲ သူတို့ တပ်တွေ လှုပ်ရှားနေကြတာ၊ အရပ်သားတွေ မထိအောင် ကူညီကြပါ” ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲများဖြစ်နေသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) မှာ NCA မထိုးရသေးသည့် အဖွဲ့များဖြစ်ပြီး NCA လက်မှတ်ထိုးနိုင်ရေးအတွက် အစိုးရ၊ တပ်မတော်တို့ဖြင့် ညှိနှိုင်းလျက် ရှိသည်။