ဗီယက်နမ်အသင်းသည် ယခုနှစ် အာရှဘောလုံးအဖွဲ့ချုပ်၏ ဆူဇူကီးဖလားပြိုင်ပွဲတွင် အကောင်းဆုံး အသင်းတသင်း ဖြစ်လျက်ရှိသည်။ ရွှေနဂါးများ (ဗီယက်နမ်) အနေဖြင့် အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) တက်ရန် သေချာနေပြီဖြစ်ပြီး ရမှတ် ၆ မှတ် ရရှိထားသည်။ သို့သော်လည်း သူတို့သည် မြန်မာအသင်းနှင့် အလားတူ စွာပင် ခက်ခဲသည့် စိန်ခေါ်မှုတခုနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အုပ်စု (က) ၏ ထိပ်တန်းတွင် ရပ်တည်နေသော ပြိုင်ဘက်များလည်း ဖြစ်ကြသည်။
သို့သော် မြန်မာအသင်း အနေဖြင့် ပြိုင်ဘက်ကို ကျော်လွှားနိုင်သည့် ပိုကောင်းသော အသင်းတသင်း ဖြစ်လာစေရန် မည်သို့ ကြိုးစားနိုင်မည်နည်း။
ဗီယက်နမ်အသင်းသည် ယခုပွဲစဉ်များတွင် လာအို၊ မလေးရှား အသင်းတို့နှင့် ကန်ခဲ့ပြီး နှစ်သင်းလုံးကို အလွယ်တကူ နိုင်ခဲ့သည်။ လာအိုအသင်းကို ၃ ဂိုး – ဂိုးမရှိဖြင့် နိုင်ခဲ့သည့်အပြင် မလေးရှားကိုလည်း ၂ ဂိုး-ဂိုးမရှိဖြင့်ပင် နှစ်ပွဲစလုံး နောက်တန်းခံစစ်လုံအောင် ကစားခဲ့ရာ ဗီယက်နမ်တို့က ဒုတိယအဆင့်အတွက် အလှမ်းသာခဲ့သည်။
အဓိက ကစားသမားများ
၂၀၁၈ ခုနှစ်၊ AFF ဆူဇူကီးဖလားပြိုင်ပွဲအတွင်း အောင်သူသည် မြန်မာအသင်းကို ဦးဆောင် ကစားခဲ့သူအဖြစ် ထင်ပေါ်ခဲ့ပြီး ယခုအချိန်အထိ နံပါတ် ၁၀ တွင် စောင့်ကြည့်ခံရသူ ဖြစ်သည်။ လာအိုနှင့် ကစားသည့်ပွဲစဉ်တွင် သူသည် မြန်မာအသင်း၏ ကစားကွက်ကို ထိန်းညှိပေးခဲ့ပြီး အဆိုပါ ညပွဲစဉ်တလျှောက်လုံး ခြေစွမ်းပြခဲ့သည်။ သို့သော် အောင်သူနှင့် တညီတည်း အရေးပါသူများမှာ ကွင်းလယ် ဖန်တီးရှင် လှိုင်းဘိုဘိုနှင့် နောက်တန်း ခံစစ်မှူး သိန်းသန်းဝင်းတို့ ဖြစ်ကြသည်။
ဗီယက်နမ်အသင်းအတွက် ငုယင်ကောင်ဖူယွန်နှင့် ငုယင်အာ့ချ်ဒက်တို့က နှစ်ဂိုးစီသွင်းထားပြီး ယခုအချိန်အထိ ခြေစွမ်းပြထားသူများ ဖြစ်သည်။ ထို့အပြင် သူတို့နှစ်ဦးသည် ကစားကွက် အချိတ် အဆက်မိမိဖြင့် အရွှေ့အပြောင်း ကျွမ်းသူများဖြစ်ကြောင်း မလေးရှားကို နှစ်ဂိုး – ဂိုးမရှိဖြင့် နိုင်ခဲ့သည့်ပွဲတွင် တွေ့ရသည်။ ခံစစ်လုံသည့် ဗီယက်နမ် နောက်တန်းကိုလည်း ချီးကျူးရမည်ဖြစ်ပြီး ပွဲစဉ်များတွင် ခြေမှားသည်ဟူ၍ မရှိသေးပေ။
ကစားကွက်ပုံစံ
မြန်မာအသင်းသည် ၄-၅-၁ ဖြင့် ကစားခဲ့ပြီး တိုက်စစ်ဆင်နေစဉ်အတွင်း ၄-၃-၃ သို့ လျင်မြန်စွာ ပြောင်းလဲ နိုင်ခဲ့သည်။ သို့သော် ၄-၅-၁ မှာ ပွဲချိန်မိနစ် ၉၀ တလျှောက်လုံး အသင်း၏ ခံစစ်ကို ထိန်းထားနိုင်သော ထင်ရှားသည့် လက္ခဏာဖြစ်ပြီး ပြိုင်ဘက် အသင်းကို ဘောလုံးပိုင်ဆိုင်ဖို့ အချိန်မပေးခဲ့ပေ။
၎င်းတို့၏ ကစားကွက်အများစုမှာ ကွင်းလယ်ဖန်တီးရှင် လှိုင်ဘိုဘို၏ ပခုံးပေါ်သို့ လုံးလုံးလျားလျား တာဝန် ကျရောက်လျက် ရှိသည်။ လှိုင်းဘိုဘို အနေဖြင့် ယခုအချိန်အထိ သူ့တာဝန်သူ ကျေပွန်နေဆဲဖြစ်သည်။
မြန်မာအသင်းနှင့်ခြားနားစွာပင် ဗီယက်နမ်အသင်းသည် နောက်ခံလူ ၃ ယောက်ဖြင့် အမြဲကစားလေ့ရှိသည်။ သို့သော် ပွဲစဉ်အဖွင့် ရှေ့ပိုင်းပွဲများ ကစားရာတွင် ၄-၂-၃-၁ ဖြင့် ဘက်ညီစွာ ကစားတတ်သည်။ မည်သို့ပင်ဆိုစေ ဗီယက်နမ်အသင်းသည် သူတို့နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ်အတွက် ၅-၄-၁ ဖြင့် ကောင်းစွာ ကစားနိုင်ခဲ့သည်။
တိုက်စစ်ဆင်နေစဉ် အတွင်း ဗီယက်နမ်သည် ၅-၄-၁ မှ ၃-၄-၃ သို့ ပြောင်းပြီး တောင်ပံခံစစ်နှင့် ကွင်းလယ်တွန်းအား တို့ကို သုံးတတ်သည်။ သို့သော် ၎င်းတို့သည် ခံစစ်ပုံစံ မည်သို့ထိန်းရမည်ကိုသိပြီး အရှုံးပေးရမည့် ဘောလုံးဖြစ်စေကာမူ အသေအလဲ ခုခံဖျက်ထုတ် တတ်သည်။
မြန်မာအသင်းသည် ဘောလုံးကို ထိန်းထားနိုင်မည့်ဟန်ရှိသည့် အသင်းတသင်းဖြစ်သည်။ ကန်ခဲ့ပြီးသည့် နှစ်ပွဲစလုံးတွင် ကောင်းစွာ ကစားနိုင်ခဲ့ပြီး အာရှခြင်္သေ့များက ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းကျော် ရှိခဲ့ပြီဖြစ်သည်။ ကံမကောင်း အကြောင်းမလှလျှင် ပြိုင်ဘက်ဗီယက်နမ်က ဘောလုံးပိုင်ဆိုင်မှု မဆိုသလောက်ဖြင့် ညီတူမျှတူ ခြေစွမ်းပြနိုင်သည်။
ဗီယက်နမ်အသင်းသည် ၎င်း၏ ကစားခဲ့သော နောက်ဆုံးပွဲစဉ်တွင် မလေးရှားအသင်းကို ဖိကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၃၁ ရာခိုင်နှုန်းသာ ရှိသော်လည်း ၂ ဂိုး-ဂိုးမရှိဖြင့် မလေးရှားကို ဂိုးပြတ် အနိုင်ရခဲ့သည်။ ပွဲအစအဆုံး ကစားပွဲကို ထိန်းနိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းကို ကစားကွက် တည်မရအောင် ပိတ်ထားခဲ့သည်။ ထို့အပြင် ဗီယက်နမ်အသင်း၏ စိတ်ဓာတ်နှင့် တည်ဆောက်ပုံ ကျစ်လျစ်ခြင်းက တဖက်အသင်း ဂိုးမသွင်း နိုင်အောင် ဟန့်တားနိုင်ခဲ့ပြီး သူ့အသင်းသာ ဂိုးရခဲ့သည်။
ကျစ်လစ်တောင့်တင်းလှသည့် ဗီယက်နမ် အသင်း၏ခံစစ် တံတိုင်းကို ထိုးဖောက်ရန် မြန်မာအသင်းအနေဖြင့် ရေကုန်ရေခမ်း ကြိုးပမ်းရဦးမည် ဖြစ်သည်။
မြန်မာအသင်းအတွက် ကစားကွက် ဖန်တီးသူများဖြစ်သည့် တိုက်စစ်မှူး အောင်သူနှင့် လွင်မိုးအောင်တို့ နောက်တွင် နောက်ထပ်ပံ့ပိုးမှု လိုသည်။ ၎င်းတို့နှစ်ဦး ဗီယက်နမ် နောက်တန်းခံစစ်သို့ ထိုးဖောက်ကစား၍ နေရာယူနိုင်ရန်အတွက် မြန်မာ နောက်တန်းမှလည်း ခံစစ်လုံဖို့ အထူးလိုသည်။
မြန်မာအသင်းအဖို့ ကွင်းလယ်ကစားသမားက ပိတ်ပေးခြင်းဖြင့် တန်ပြန် ထိုးစစ်ဒဏ်ကို ခံနိုင်ရည်ရှိလျှင် ၄-၅-၁ ကစားကွက်မှာလည်း အကျိုးဖြစ်ထွန်းနိုင်သည်။
ကိုးကား ။ ။ FOX Sports Asia