ရန်ကုန်မြို့ အဆင့်မြှင့်တင်ရန် ပြင်သစ်နိုင်ငံမှ ယူရို သန်း ၇၀ ချေးငွေယူမည့် အစီအစဉ်အား လွှတ်တော် အမတ်များက နိုဝင်ဘာ ၁၉ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဝေဖန်လိုက်သည်။
နိုင်ငံတော် သမ္မတက ပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းများ ဆောင်ရွက်ရန်အတွက် ပြင်သစ် ဖွံ့ဖြိုးရေး အေဂျင်စီ ထံမှ ယူရို သန်း ၇၀ ရယူရန် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ဝေဖန်ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် ဂန့်ဂေါ မဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က“ပညာရေး၊ ကျန်းမာရေးအစရှိတဲ့ ကိစ္စတွေ၊ နိုင်ငံတဝန်းက မြစ်ချောင်း ကမ်းပါးပြိုလို့ ရွှေ့ပြောင်းနေရတဲ့ ရပ်ရွာတွေ၊ လယ်ယာတွေ အစရှိသဖြင့် ဦးစားပေးသင့် သည့် ကိစ္စတွေ များစွာ ရှိပါတယ်”ဟု ပြောသည်။
ပြင်သစ်နိုင်ငံ ချေးငွေမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းပါးတလျှောက် ဖွံ့ဖြိုးရေးနှင့် မြို့ပြယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး မဟာဗျူဟာ စီမံကိန်းများ ဆောင်ရွက်ရန်အတွက် ဖြစ်သည် ဟု သိရသည်။
ယင်းချေးငွေ ကိစ္စနှင့် ပတ်သက်၍ ယနေ့ လွှတ်တော်တွင် ကိုယ်စားလှယ် ၉ ဦး ပါဝင်ဆွေးနွေးကြသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်မောင် (ဒဂုံမြို့သစ် မြောက်ပိုင်း) ကလည်း“မန္တလေးမှာဆိုရင် လူနေမှု တော်တော် ကောင်းတဲ့မြို့ ဖြစ်သွားပြီလို့ ဖေ့စ်ဘုတ်မှာ တော်တော်လေး ရေးကြတယ်။ ယနေ့ထိ ရန်ကုန်မြို့ ပေါ်မှာ မှောင်ကြီးမည်းကြီး သွားနေရတုန်း။ အဲဒီတော့ ရာဇဝတ်မှု ထူပြောလာတယ်။ ရာဇဝတ်မှုတွေ ကျဆင်းစေချင် ရင် လင်းထိန်နေဖို့ လိုတယ်။ ဒါမျိုးလုပ်သင့်တာပေါ့”ဟု ဆိုသည်။
ချေးငွေဖြင့် လုပ်ဆောင်မည့် လုပ်ငန်းများမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လုပ်ဆောင်ရမည့် ကိစ္စရပ်များသာ ဖြစ်ပြီး နိုင်ငံတွင် ယင်းကိစ္စထက် အရေးကြီးသည့် ကိစ္စရပ် များစွာ ရှိနေသေးကြောင်း၊ ချေးငွေဖြစ် သည့် အတွက် အတိုးပေးဆောင်ရမည် ဖြစ်သောကြောင့် ချေးယူမည်ဆိုပါကလည်း လူထုလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်သည့် စီမံကိန်းမျိုးသာ ဖြစ်သင့်ကြောင်းလည်း ကိုယ်စားလှယ်များက ထောက်ပြ ဝေဖန်ထားသည်။
ပြည်သူ့လွှတ်တော် (တွံတေးမဲဆန္ဒနယ်) ကိုယ်စားလှယ် ဦးမြင့်လွင် ကလည်း“ဒီဟာနဲ့ ပတ်သက်ပြီး ဘယ်သူမှန်တယ်၊ မှားတယ် မပြောလိုပါဘူး။ တတ်နိုင်သမျှတော့ Executive Power (အုပ်ချုပ်ရေး အာဏာ) ကို ရယူထားကြတဲ့ အစိုးရ အဖွဲ့၊ ပြည်ထောင်စု ဝန်ကြီး အဖွဲ့တွေ အနေနဲ့ ကျနော်တို့ လွှတ်တော်များ၊ လွှတ်တော် ကိုယ်စားလှယ်များနဲ့ သေချာ ညှိနှိုင်း ပေါင်းစပ်ပြီးတော့ ဆောင်ရွက်သွားဖို့ အတွက် ပြည်ထောင်စု ဝန်ကြီးများနဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို ကျနော် အကြံပြု လိုပါတယ်”ဟု ပြောသည်။
ဆွေးနွေးမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများက ပြန်လည် ရှင်းလင်းမှုနှင့် လွှတ်တော် အဆုံး အဖြတ် ရယူခြင်းကို လာမည့် နိုဝင်ဘာလ ၂၆ ရက် လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာထားသည်။