တနင်္သာရီတိုင်း ဒေသ မြိတ်မြို့နယ် ရွေဘေး ကျေးရွာအတွင်း မွန်အမျိုးသား ပါတီနှင့် မွန်ငြိမ်းချမ်းရေး ခွဲထွက် အဖွဲ့တို့ ကြား မြေပိုင်ဆိုင်မှု အငြင်းပွား နေကြောင်း သတင်း ရရှိသည်။
ရွှေဘေးကျေးရွာအတွင်းရှိ တဧကခန့် ကျယ်ဝန်းသည့် မြေနေရာအတွက် အငြင်းပွားနေခြင်းဖြစ်ပြီး ယခင်စစ်အစိုးရ လက် ထက် က မွန်ငြိမ်းချမ်းရေး ခွဲထွက်အဖွဲ့ နေထိုင်ရန်အတွက် အဖွဲ့ပိုင်၊ အများပိုင်မြေအဖြစ် ချထားပေးခဲ့ခြင်း ဖြစ်ကာ ခွဲထွက် အဖွဲ့ဝင်များက မွန်အမျိုးသားပါတီအား ရုံးခန်းဖွင့်လှစ်ရန်အတွက် လှူဒါန်းထားသည့် မြေနေရာဟု သိရသည်။
မွန် အမျိုးသား ပါတီမှ ဦးနိုင်စိုးမြင့်က“ဒီနေရာက ပါတီရဲ့ မြေနေရာပါ။ အများပိုင်ကို ပါတီရုံးနေရာအတွက် ပေးထား တာ ပေါ့။ အဲဒါကို သူပိုင်တာလို့ ပြောနေတာ။ အဲဒါ မဟုတ်ဘူး၊ အားလုံးက သက်သေရှိတယ်”ဟု ပြောသည်။
သို့သော် ယင်းမြေနေရာကို မွန်ငြိမ်းချမ်းရေး ခွဲထွက်အဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်စိုက်ချမ်းနှင့် ဇနီးဖြစ်သူ ဒေါ်အင်စိုးတို့က ၎င်းတို့ အမည် ပေါက် မြေနေရာဖြစ်သဖြင့် ဖယ်ရှားပေးရန် ပြောဆိုရာမှ အငြင်းပွားနေခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဒီကိစ္စကို ဖြေရှင်းဖို့ တိုင်းတို့၊ ခရိုင်တို့မှာ စီစဉ်နေပါတယ်”ဟု ဦးနိုင်စိုးမြင့်က ဆိုသည်။
နိုဝင်ဘာလ ၁၄ ရက်က ဒေါ်အင်စိုးထံ မွန်အမျိုးသားပါတီက သတိပေးစာ ပေးပို့ထားသေးရာ ယင်းစာထဲတွင် ပါတီပိုင် ဖြစ်သည့်အတွက် မြေနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ၁၀ ရက်အတွင်း အပ်နှံပေးရန်နှင့် ပိုင်ဆိုင်မှုနှင့် ပတ်သက်သော အချက်များကို လာရောက်ညှိနှိုင်းရန် ဖော်ပြထားကာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်း ဦးစီးမှူးတို့ကိုလည်း မိတ္တူတွဲ ပို့ထားသည်။
ခရိုင် အုပ်ချုပ်ရေးမှူးမှာ မြို့နယ် လယ်ယာမြေစိစစ်ရေးကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ကာ မြေစာရင်းဦးစီးမှူးမှာ ယင်း ကော်မတီ အတွင်းရေးမှူး ဖြစ်သည်။
သို့သော် နိုဝင်ဘာလ ၁၅ ရက်တွင် ပါတီထံ ပြန်လည်ပေးပို့သည့် ဒေါ်အင်စိုး၏ အကြောင်းပြန်စာတွင် ၎င်းမြေမှာ ခင်ပွန်းဖြစ်သူ ဦးနိုက်စိုက်ချမ်း အမည်ပေါက် ဝယ်ယူထားသည့် မြေဖြစ်ကာ တရားဝင် စာရွက်စာတမ်းများ ရှိကြောင်း နှင့် ကျူးကျော်ဝင်ရောက်နေသည့် မွန်အမျိုးသားပါတီအား အမြန်ဆုံး ဖယ်ရှားပေးရန် အသိပေးပါသည်ဟု ပါရှိသည်။
အဆိုပါ ပြန်ကြားစာအား ကမ်းရိုးတန်းဒေသကြီး တိုင်းစစ်ဌာနချုပ် တိုင်းမှူး (မြိတ်မြို့)၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင် အထွေ ထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် လက်ထောက် ညွှန်ကြားရေးမှူး၊ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေး ကော်မတီနှင့် စာရင်းအင်း ဦးစီးဌာနတို့ကိုလည်း မိတ္တူတွဲ ပို့ထားကြောင်း သိရသည်။
ပြန်ကြားစာနှင့် ပတ်သက်၍ ဒေါ်အင်စိုးအား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
မွန် ငြိမ်းချမ်းရေး ခွဲထွက်အဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်စိုက်ချမ်း၏ ညီဖြစ်သူ ဦးညွန့်ဝင်းကို ဆက်သွယ် မေးမြန်းခဲ့ရာ“အဲဒီရွာမှာက ကျနော့် အစ်ကို ဝယ်ထားတဲ့ မြေတွေလည်းရှိတယ်။ အဖွဲ့ပိုင် မြေတွေလည်း ရှိတယ်။ အခု ဖြစ်နေတဲ့ ကိစ္စကိုတော့ ကျနော် က ကြားတော့ ကြားသိရတယ်။ ကာယကံရှင်မဟုတ်တော့ အသေးစိတ်တော့ မပြောနိုင်ပါဘူး။ ကျနော့် အစ်ကို ကတော့ နိုင်ငံခြား ခရီးလွန်နေပါတယ်”ဟု ပြောသည်။
ဦးနိုင်စိုက်ချမ်း ဘက်ကမူ ၎င်းပိုင်မြေပေါ်တွင် ဝင်ရောက်ရုံးခန်း ဖွင့်ထားသည့် မွန်အမျိုးသား ပါတီမှ ပါတီဝင်များကို အရေးယူပေးရန် အတွက် ပါတီ ဗဟိုအမှုဆောင် ကော်မတီထံ စာပေးပို့ တိုင်ကြားရန် စီစဉ်နေသည်ဟု သိရသည်။
မြေယာအငြင်းပွားမှုနှင့် ပတ်သက်၍ သတင်းများ ကြားသိနေရသော်လည်း တိုင်ကြားစာ မရောက်လာသည့် အပြင် ကွင်းဆင်း စုံစမ်းမှုများ မလုပ်ရသေးသည့် အတွက် အသေးစိတ်ကို မပြောနိုင်သေးကြောင်းလည်း မြိတ်မြို့နယ် လယ်ယာမြေ စိစစ်ရေး ကော်မတီ အဖွဲ့ထံမှ သိရသည်။
ကော်မတီ အဖွဲ့ဝင်ဖြစ်သူ တိုင်းဒေသကြီး မဲဆန္ဒနယ် (၂) ကိုယ်စားလှယ် ဒေါ်ရီရီချိုက မြေယာ အငြင်းပွားမှု ဖြစ်ပါက စိစစ်ရေး ကော်မတီက ကွင်းဆင်း စစ်ဆေးကာ မြေစာရင်း ဦးစီးဌာနတွင် မြေရာဇဝင်ကို ပြန်လည် စိစစ်ရကြောင်း၊ ထို့ပြင် ကော်မတီ လုပ်ထုံးလုပ်နည်းအရ အငြင်းပွားနေသည့် နှစ်ဦးနှစ်ဖက်စလုံးကို မေးမြန်းပြီးမှသာ ဖြေရှင်း ဆောင် ရွက် ပေးရကြောင်း ရှင်းပြသည်။