တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ KNU ပြန်ပါလာရေး အစိုးရနှင့် ညှိနှိုင်း
ဆိုင်းငံ့ထားခဲ့သော တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မြန်နိုင်သမျှ အမြန်ဆုံး ပြန်လည် စတင်ရန် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးသူများနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ အလွတ်သဘောဆွေးနွေးမှုအတွင်း ကတိပြုခဲ့ကြသည်။
KNU သည် အစိုးရနှင့် ၎င်းတို့အကြား သဘောထား ကွဲလွဲမှုများရှိသောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိပ္ပါယ်ရှိသော ပါဝင်မှုဖြစ်စေရန် အဖွဲ့အစည်းအတွင်း ထပ်မံဆွေးနွေးရန်ဟု ဆိုကာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ များတွင် တရားဝင်ပါဝင်မှုကို အောက်တိုဘာလ နှောင်းပိုင်းက ဆိုင်းငံ့ထားခဲ့သည်။ ထိုသို့ဆိုင်းငံ့လိုက်ခြင်းကြောင့် ဒေသတွင်းတွင် ပဋိပက္ခများပြန်လည် စတင်လာမည်ကို ပြည်သူလူထုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သူများက စိုးရိမ်ခဲ့ကြသည်။
ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာတွင် တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် စသည်တို့ကို အာမခံခြင်းအပြင်၊ စာချုပ်ပါပြဌာန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ရေး ဖော်ပြထားသော်လည်း တနိုင်ငံလုံး ပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် မူရင်းဦးတည်ချက်မှ လမ်းကြောင်းလွဲသွားမည်ကို KNU အဖွဲ့ဝင်အချို့က စိုးရိမ်ကြသည်။ KNU အဖွဲ့အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ တရားဝင်ယန္တရားသို့ ပြန်သွားရန် သဘောတူသည်အထိ တရားဝင်တွေ့ဆုံမှု ရပ်ဆိုင်းထားသော်လည်း ၎င်းတို့သည် အလွတ်သဘောဆွေးနွေးသည့် လမ်းကြောင်းကို ဖွင့်ထားမည်ဖြစ်ကြောင်း ယခင်အပတ်က ပြောဆိုထားသည်။
နိုဝင်ဘာ ၁၇ ရက်နေ့က အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ KNU တို့အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။
နှစ်ဖက်စလုံးသည် ထိုအလွတ်သဘော ဆွေးနွေးသည့် အကြောင်းအရာများကို ခေါင်းဆောင်များအား ပြန်လည်တင်ပြမည်ဖြစ်ပြီး နှစ်လ သုံးလ သို့မဟုတ် ထိုထက်စောစွာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် မျှော်လင့်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်သော အစိုးရပြောခွင့်ရသူ ဦးဇော်ဌေး ကပြောသည်။
“ခဏလေး ရပ်ဆိုင်းသွားတဲ့ အနေအထားကနေ ပုံမှန်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ယန္တရား ပြန်သွားဖို့ ကျန်တဲ့အဖွဲ့တွေနဲ့လည်း သွားနိုင်ဖို့ ကျနော်တို့က အမြန်ဆုံးကြိုးပမ်းသွားမယ်” ဟု စနေနေ့က KNU နှင့်ဆွေးနွေးပွဲ အပြီးတွင် ဦးဇော်ဌေးက သတင်းထောက်များကို ပြောဆိုသည်။
နှစ်ဖက်လုံးမှ စေ့စပ်ညှိနှိုင်းသူများသည် ငြိမ်းချမ်းရေးကို NCA လမ်းကြောင်းမှတဆင့် ရှေ့ဆက်သွားရန် အမြင်ချင်းတူသဖြင့် KNU နှင့်အလွတ်သဘော ဆွေးနွေးပွဲများသည် ပြည်သူလူထု၏ အထက်ပါ စိုးရိမ်ပူပန်မှုများကို လျှော့ချနိုင်ကြောင်း ဦးဇော်ဌေးပြောသည်။
ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး ခေါင်းဆောင်သည့် အစိုးရ စေ့စပ်ညှိနှိုင်းသူများသည် NCA လက်မှတ်ရေးထိုးထားသည့် အဓိက အဖွဲ့ နှစ်ဖွဲ့၊ လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် အဖွဲ့နှစ်ဖွဲ့တို့နှင့် တဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးမှုကို နိုဝင်ဘာ ၁၆ မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ကြသည်။
KNU သည် NCA မှတဆင့် စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ရေးတွင် အခိုင်အမာရပ်တည်သော်လည်း ထိုစာချုပ်ကို အကောင်အထည်ဖေါ်ရာတွင် မှန်ကန်မျှတရမည်ဟု KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောတာဒိုမူးက သတင်းထောက်များကို ပြောသည်။
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများအကြား NCA စာချုပ်ဆိုင်ရာ အချက်အလက်များအပေါ် ဖွင့်ဆိုမှု ကွဲလွဲခြင်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရန် ခက်နေသည်ဟု လေ့လာသူများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများက ပြောဆိုထားသည်။
“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာတဲ့အခါ လုပ်ငန်းစဉ်တွေက မှန်ကန်ဖို့ လိုပြီး တရားမျှတမှု ရှိရမှာ ဖြစ်သလို substance လို့ ခေါ်တဲ့ ဆွေးနွေးမှုအကြောင်းအရာပိုင်းမှာလည်း အားလုံးကြားမှာ (အနှစ်သာရပြည့်ဝတဲ့) ဘုံသဘောထားတွေ ချမှတ်နိုင်ဖို့က အရေးကြီးတဲ့အတွက်ကြောင့် ဒီလိုအခြေခံတွေ ရအောင် ညှိရမှာ ဖြစ်ပါတယ် ” ဟု ဖဒိုတာဒိုမူးကပြောသည်။
နှစ်ဖက်လုံးသည် NCA ကို လေးစားလိုက်နာသောကြောင့် ထိုလမ်းကြောင်းမှ မသွေဖည်လိုဘဲ NCA ဖော်ဆောင်မှုအောင်မြင်ရေးအတွက် ကျေကျေလည်လည် ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားရန် သဘောတူခဲ့ကြောင်း ဦးဇော်ဌေးပြောသည်။