ထိုင်းအာဏာပိုင်များက လူကုန်ကူး ဂိုဏ်းများ လက်ချက်ဖြင့် လူကုန်ကူးခံခဲ့ရသော မြန်မာနိုင်ငံသား ၇၃ ဦးကို အိမ်ပြန်ပို့ခဲ့ပြီး နောက်ထပ် ရွှေ့ပြောင်း လုပ်သားများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်သည့် လုပ်ရပ်များကို ဖြိုခွင်း နှိမ်နင်းသွားမည် ဖြစ်ကြောင်း ကတိပြု ပြောကြားခဲ့သည်။
အဆိုပါ လူကုန်ကူး ခံရသူများကို ယခုနှစ် အစောပိုင်းတွင် လူကုန်ကူး တိုက်ဖျက်ရေးအဖွဲ့တဖွဲ့က ကယ်ဆယ် ထားခဲ့ပြီး ၎င်းတို့ကို ထိုင်းအာဏာပိုင်များက တာ့ခရိုင်၊ မဲဆောက်မြို့နှင့် မြန်မာနိုင်ငံ ဘက်ခြမ်း မြဝတီမြို့တို့ကို ဆက်သွယ်ထားသည့် ထိုင်း–မြန်မာ ချစ်ကြည်ရေး တံတားအထိ ပြန်ပို့ပေးခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ လွှဲပြောင်းသည့် အစီအစဉ်တွင် နှစ်နိုင်ငံဘက်မှ အဆင့်မြင့် အရာရှိများကို ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဗျူရိုအရာရှိချုပ် ရဲချုပ် စူရာချက်ဟက်ပန်နှင့် မြန်မာအစိုးရဘက်မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းတို့ ဦးဆောင်ခဲ့သည်။
လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၇၃ ဦးမှာ လူကုန်ကူးဂိုဏ်းများ၏ သွေးဆောင် ဖျားယောင်းမှုကြောင့် ထိုင်း တောင်ပိုင်းတွင် အလုပ်လုပ်ရန် ရောက်ရှိလာသူများဟု ယုံကြည်ရကြောင်း ရဲချုပ် စူရာချက်၏ အဆိုအရ သိရသည်။
ယင်း လူကုန်ကူး ဂိုဏ်းများနှင့် ပတ်သက်၍ အသေးစိတ်ကို စုံစမ်းစစ်ဆေးရေးမှူးများက ထုတ်ဖော်ခြင်း မရှိသေးဘဲ “သံသယရှိသူ အများအပြားကို ဖမ်းဆီးထားသည်” ဟုသာ ပြောသည်။
အဆိုပါဒေသတွင် လူကုန်ကူးမှု အဆုံးသတ်စေရေး အတွက် ထိုင်းအစိုးရ၏ ကတိကဝတ်ကို အကောင်အထည် ဖော်သည့် အနေဖြင့် ယခုကဲ့သို့ ကိုင်တွယ် အရေးယူခဲ့ခြင်း ဖြစ်သည်။
နှစ်နိုင်ငံ အစိုးရများအကြား သဘောတူ လက်မှတ်ရေးထားသည့် နားလည်မှု စာချွန်လွှာအရ ရွှေ့ပြောင်း လုပ်သားများ အားလုံး တရားဝင် လုပ်ကိုင်ခွင့် ရရှိစေရန် ထိုင်းအစိုးရက အလုပ်သမား မှတ်ပုံတင်ရေး အဆင့်ဆင့်ကို ဆောင်ရွက်ပေးနေသည်။
တရားမဝင် လူကုန်ကူးနေသည့် ဂိုဏ်းများ၏ ဘေးမှ တားဆီးနိုင်ရန်အတွက် အဆိုပါ အလုပ်သမား မှတ်ပုံတင်ရေး အဆင့်ဆင့် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက ပြောသည်။
ပြန်ပို့ခဲ့သော လူကုန်ကူးခံရသူများ ဘ၀ ပြန်လည် ထူထောင်ရေးအတွက် ဘတ်ငွေ ၁၄၆,၀၀၀ (ကျပ် သိန်း ၇၀ ခန့်) ကိုလည်း ထိုင်းအာဏာပိုင် များက ထောက်ပံ့ခဲ့သည်။