သန်လျင်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ၏ရိုက်နှက်မှုကြောင့် စွပ်စွဲဖမ်းဆီးခံရသူတဦး ရုံးထုတ်တွင်သေဆုံးခဲ့ရသည်ဟုဆိုကာ မိသားစုဝင် များ၏ တိုင်တန်မှုအပေါ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်းက ယနေ့နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
သေဆုံးသူသည် အသက် ၂၈ နှစ်အရွယ် အငှားယာဉ်မောင်းတဦးဖြစ်ပြီး ဘက္ထရီပျောက်ဆုံးမှုတွင် ခိုးယူခဲ့သူနှစ်ဦးမှ ၎င်း၏ကားအားငှားရမ်းခဲ့ခြင်းကြောင့် အမှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ စက်တင်ဘာ ၁၂ ရက်နေ့ညပိုင်းတွင် ဖမ်းဆီးခံရပြီး စက်တင်ဘာ ၂၆ ရက်နေ့ရုံးထုတ်တွင် သေဆုံးခဲ့ကြောင်း သိရသည်။
ကော်မရှင်အနေဖြင့် သေဆုံးသူ၏ မိသားစုဝင်များ၊ သေဆုံးသူနှင့်အချုပ်အတွင်း တွေ့ဆုံခဲ့သူ၊ ဆေးစစ်ချက်ထုတ်ပေးသည့် ဆရာဝန်စသူများအား သန်လျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူတွေ့ဆုံကာ မေးမြန်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ခေါင်းဆောင်၊ ကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်က ပြောသည်။
ဦးဘုန်းကြွယ်က “ဘယ်ဘက်ဖြစ်ဖြစ် လူ့အခွင့်အရေးအရ ထိခိုက်နစ်နာမှုတွေမရှိအောင် ကာကွယ်ရမှာ တာဝန်ပါပဲ၊ လုပ်ထုံးလုပ် နည်းတွေကို လိုက်နာမှုမရှိတဲ့အခါ ထိခိုက်နစ်နာမှုတွေကများတယ်၊ နှစ်ဖက်စလုံးမှာ ထိခိုက်တာပါပဲ ”ဟု ပြောသည်။
သေဆုံးသူ ကိုအောင်အောင်သည် ခိုးမှုမသင်္ကာဖြင့် သန်လျင်မြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ရဲတပ်ဖွဲ့ဝင်များ၏ နည်းမျိုးစုံ နှိပ်စက် ညှင်းပမ်းမှုကြောင့် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် ရုံးထုတ်တွင်သေဆုံးခဲ့သည့်အတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန် မိခင်ဖြစ်သူမှ တိုင်ကြားခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက် နေ့တွင် ကော်မရှင်သို့ တိုင်စာရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မသင်္ကာမှုဖြင့် ဖမ်းဆီးချုပ်နှောင်မှုများတွင် ရဲတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမေးမြန်းမှုများနှင့် ပတ်သက်ပြီး လူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်ကြားစာ ရောက်ရှိမှု ပိုမိုမြှင့်တက်လာပြီး အာဏာပိုင်အဖွဲ့ အစည်းများအနေဖြင့် ရဲလက်စွဲလုပ်ထုံးလုပ်နည်း၊ ကျင့်ထုံးဥပဒေတို့အရ ပေးအပ်ထားသည့် အခွင့်အာဏာများကို တိကျစွာ နားလည်းလိုက်နာဖို့လိုအပ်ကြောင်းလည်း ဦးဘုန်းကြွယ်က ထောက်ပြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အလုံမြို့နယ်ရဲတပ်ဖွဲ့ဝင်များမှ ခရီးသွားလုပ်ငန်းရှင်တဦးအား ခိုးမှုမှသံသယရှိသူဟုဆိုကာ ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးနောက် ရိုက်နှက် နှိပ်စက်မှုများပြုလုပ်ခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှုများခံခဲ့ရပြီး ဖမ်းဆီးခံရသူကိုလည်း ရဲတပ်ဖွဲ့ဝင်များက ပြန်လည်တောင်းပန်ခဲ့ရသည်။
ယင်းအမှုဆက်စပ်ပြီး အလုံမြို့မရဲစခန်းမှ ကျူးလွန်သူ ရဲတပ်ဖွဲ့ဝင်များအား လမ်းမတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်လွင်ဦး ဦးဆောင်သည့်ခုံအဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း ရဲတပ်ဖွဲ့က ဧရာဝတီသို့ပြောကြားထားသည်။
အလားတူ အချုပ်သားသေဆုံးမှုများနှင့်ပတ်သက်ပြီး ဒေးဒရဲမြို့မရဲစခန်းတွင် ငါးဖမ်းပိုက်ပျောက်ဆုံးမှုကြောင့် ဖမ်းဆီးထားသည့် အချုပ်သား တဦးသေဆုံးခဲ့သည့် ဖြစ်စဉ်တွင် တာဝန်ရှိသည့် အမှုစစ်နှင့် ရဲတပ်ဖွဲ့ဝင်များအား အမြန်ဆုံးထိရောက်စွာ အရေးယူဆောင်ရွက်ရန်လည်း သြဂုတ်လ ၁ ရက်နေ့တွင် လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနထံ အကြံပြုစာပေးပို့ခဲ့သည်။
လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ် က “ ရဲတွေမှာ ရဲလက်စွဲ လုပ်ထုံးလုပ်နည်းတွေ၊ ကျင့်ထုံးအရ လုပ်ပိုင်းခွင့် တွေရှိတယ်၊ ဒါတွေကို ဥပဒေနဲ့အညီလိုက်နာလုပ်ဆောင်ရင် ဒီလိုလက်လွတ်စပယ် ကိစ္စတွေနည်းတာပေါ့၊ လိုက်နာဆောင်ရွက်မှု အားနည်းတဲ့အခါကျတော့ မဖြစ်သင့်တာတွေ ဖြစ်လာတယ်လို့ယူဆတယ်၊ လုပ်ထုံးလုပ်နည်းတွေကို တယောက်ထဲသိနေလို့လဲမရဘူး၊ အကုန်သိဖို့လိုတယ်၊ အပြစ်ရှာတာထက် အဖြေကိုရှာဖို့လိုတယ်၊ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း ရဲလက်စွဲလုပ်ထုံးလုပ်နည်းတွေ ကို နားလည်လိုက်နာဖို့ လိုပါတယ်” ဟု ပြောသည်။
ကော်မရှင်အနေဖြင့် အမှုနှင့်ပတ်သက်သည့် သန်လျင်မြို့မရဲစခန်းမှ အမှုစစ်၊ နယ်ထိန်းစသည့် ရဲတပ်ဖွဲ့ဝင်များကိုလည်း တွေ့ဆုံမေးမြန်းသွားမည်ဖြစ်ပြီး ခိုးမှုတွင် ဖမ်းဆီးကာ အင်းစိန်ထောင်သို့ ပို့ဆောင်ထားသူနှစ်ဦးကိုလည်း သွားရောက်တွေ့ဆုံကာ မေးမြန်မည်ဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်တပ်ဖွဲ့ဝင်များနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ အသိပညာနှင့် ဥပဒေ၊ စည်းမျဉ်းများအပေါ် ပိုမိုသိရှိ နားလည်လာရေး အတွက်လည်း ကော်မရှင်အနေဖြင့် ပညာပေးလုပ်ငန်းများတိုးမြှင့်လုပ်ဆောင်သွားရန် အစီအစဉ်များရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် – ရဲတပ်ဖွဲ့က ခရီးသွားလုပ်ငန်းရှင်တဦးကို မှားဖမ်းပြီး နှိပ်စက်