အစိုးရက ဖွဲ့စည်းထားသည့် ဆိုရှယ် မီဒီယာ စောင့်ကြည့်ရေး အဖွဲ့(Social Media Monitoring Team – SMMT) သည် အားနည်းချက်များစွာဖြင့် အလုပ်မဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) က ဝေဖန် လိုက်သည်။
လူမှုကွန်ရက်၌ ဘုရားပုံများကို မျိုးစုံ ပြုလုပ်နေခြင်း၊ ဆရာတော် အရှင် ဉာဏိသာရ မိုက်ကိုင်နေသည်ကို ဘီယာ ပုလင်း ထည့်ပေးခြင်းများကို မဖြုတ်ချနိုင်သလို အမုန်းစကား (Hate Speech )များ ဖြန့်ဖြူးနေသည့် ဇာနည်ထိုက် အကောင့်၊ ရိုနေ ဆန်းလွင် အကောင့်များကို လည်း ပိတ်ပေးနိုင်ခြင်း မရှိကြောင်း ကြံ့ခိုင်ရေး ပါတီ၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက နိုဝင်ဘာ ၂၀ ရက်က ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။
ထို့ပြင် အစိုးရ၏ Team သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူမှုကွန်ရက် အကောင့်များကိုလည်း ကာကွယ်ပေးနိုင်ခဲ့ခြင်း မရှိကြောင်း ၎င်းက ဆိုသည်။
ဒေါက်တာ မောင်သင်းက“ကာကွယ်ရေး ဦးစီးချုပ်လို လူမျိုးကတော့ ခုနကလို Hate Speech တွေကို ပြောမှာ မဟုတ် ဘူး။ ဆဲဆိုတာမျိုးတွေလည်း ပြောမှာ မဟုတ်ဘူး။ အဲဒါမျိုးကျတော့ ဘာလို့ မထိန်းသလဲ သူတို့ ပြောထားတာက ဆို ရှယ် မီဒီယာကို ထိန်းသိမ်းရန် ပြောထားတာ။ သေချာတာကတော့ သူတို့ ထိန်းတယ်ဆိုရင် ဒီလို ထိန်းတဲ့နေရာမှာ အားနည်းချက်တွေ ရှိနေပြီ”ဟု ပြောသည်။
လူမှု ကွန်ရက်တခု ဖြစ်သည့် Facebook ကမူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တပ်မတော်ပိုင် မြဝတီ ရုပ်မြင် သံကြား အပါအဝင် မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၂၀ တို့သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန် ရာတွင် ပါဝင်ခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၊ မြန်မာနိုင်ငံ ဆိုင်ရာ အချက်အလက် ရှာဖွေရေး အဖွဲ့ က ထုတ်ဖော်ခဲ့၍ ပိတ်ပင်ရခြင်းဟု ကြေညာခဲ့သည်။
ထို့ကြောင့် ထိုလူပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည့် Facebook ပေါ်မှ စာမျက်နှာ ၆ ခုနှင့် အကောင့် ၆ ခု၊ အင်စတာဂရမ် မှ အကောင့်တခုတို့ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လက ဖယ်ရှားခဲ့သည်။
ကြံ့ခိုင်ရေး အမတ်လည်း ဖြစ်သူ ဒေါက်တာ မောင်သင်းသည် နိုဝင်ဘာ ၂၀ ရက်နေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် တွင် ဆိုရှယ် မီဒီယာ စောင့်ကြည့်ရေး အတွက် ငွေကျပ် သန်းပေါင်း ၆၄၂၆ သန်း အကုန်ကျခံ သုံးစွဲခြင်းသည် မည်သူ များက မည်သည့် ဥပဒေအရ မည်သည့် အတိုင်းအတာ အထိ စောင့်ကြည့်၍ နိုင်ငံတော် သမ္မတရုံး၏ အထူးရန်ပုံငွေမှ သုံးစွဲခြင်းသည် အထူးရန်ပုံငွေ မူဝါဒနှင့် ကိုက်ညီမှု ရှိ၊ မရှိ မေးခွန်းထုတ်ခဲ့သည်။
သက်ဆိုင်ရာ ဝန်ကြီးဌာနတခုဖြစ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာကမူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၁၉ တွင် အစိုးရသည် နိုင်ငံတော် တည်ငြိမ်ရေး၊ တရား ဥပဒေ စိုးမိုးရေးအတွက် လည်းကောင်း၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၇၅ တွင် လည်းကောင်း မည်သည့် သတင်း အချက်အလက်နှင့် ဆက်သွယ်မှုများကိုမဆို ရရှိနိုင်ရေး အတွက် နိုင်ငံသားများ၏ မူလအခွင့်အရေးကို မထိခိုက်စေဘဲ သက်ဆိုင်ရာ အဖွဲ့ကို လိုအပ်သလို ညွှန်ကြား ဆောင် ရွက် နိုင်သည်ဟု ပြဌာန်းထားကြောင်း လွှတ်တော်တွင် တုံ့ပြန်ခဲ့သည်။
ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် အကောင့်များ အပိတ်ခံရခြင်းမှာ အစိုးရ၏ SMMT အဖွဲ့နှင့် မသက်ဆိုင်ဘဲ ၎င်းတို့အဖွဲ့ သည် အကြမ်းဖက်သမားများ အချင်းချင်း ဆက်သွယ်မှုများကို စောင့်ကြည့်ရန်၊ ယင်း ကိစ္စကို ဖြေရှင်းရန် အရေးပေါ် ဖွဲ့စည်းခဲ့ရခြင်း ဖြစ်ကြောင်း ပို့/ဆက် ဒု ဝန်ကြီး ဦးကျော်မျိုးက လွှတ်တော် အပြီး သတင်းထောက်များကို ပြောသည်။
“နိုင်ငံတိုင်းက အစိုးရတိုင်းက လုပ်ပါတယ်။ လုပ်တယ်ဆိုပေမယ့် တဖက်ကလည်း တန်ပြန်၊ တုံ့ပြန်မှု မရှိအောင်လို့ သတင်း အချက် အလက်တွေကို ကိုယ်လုပ်စရာရှိတာ လုပ်သွားမယ်။ ဒါပေမယ့် တတ်နိုင်သမျှတော့ လိုသလောက်ပဲ ဖွင့်ဟပြောဆိုတာ ရှိပါတယ်”ဟု ၎င်းက ပြောဆိုသည်။
လူမှု ကွန်ရက်ပေါ်ရှိ အမုန်းစကားများ၊ အကြမ်းဖက်ရန် လှုံ့ဆော်မှုများအားလုံးကို မတားဆီးနိုင်ခြင်းမှာ အလွန် ကျယ် ပြန့်သည် ကိစ္စကြီးတခု ဖြစ်နေခြင်း၊ အစိုးရအနေဖြင့် ယခုလို အဆင့်မြင့်သည့် ပညာများကို ကျွမ်းကျင်လာသည်နှင့် အမျှ ထိရောက်မှု ရှိလာမည် ဖြစ်ကြောင်း၊ ထိရောက်မှု ရှိလာပါက အများပြည်သူနှင့် လွှတ်တော်သို့ အသိပေးသင့် သည်များကို ပေးမည် ဖြစ်ကြောင်း ဒုဝန်ကြီးက ပြောသည်။
ထို့ပြင် SMMT အတွက် လိုအပ်သော နည်းပညာနှင့် စက်ပစ္စည်းများ ဝယ်ယူရန် စုစုပေါင်း ကုန်ကျငွေ ကျပ် ၆၄၂၆ သန်းမှာ ၂၀၁၇ – ၁၈ ဘဏ္ဍာရေးနှစ်တွင် မပါဝင်သော်လည်း နိုင်ငံတော် လုံခြုံရေးအတွက် လျင်မြန်စွာ အထောက် အကူပြုရန် အရေးပေါ် ကိစ္စရပ် ဖြစ်နေသဖြင့် ဥပဒေနှင့် အညီ ရယူသုံးစွဲခဲ့ခြင်း ဖြစ်ကြောင်းလည်း ပို့/ဆက် ဝန်ကြီး ဌာနက လွှတ်တော်တွင် ရှင်းသည်။
ရန်ကုန်မြို့မှ နိုင်ငံရေး ဆောင်းပါရှင်း ဦးသီဟသွေးကလည်း SMMT အဖွဲ့၏ ကျပ်သန်းပေါင်းများစွာ အသုံးပြုနေမှုကို သာ သိရပြီး ထိုအဖွဲ့၏ အလုပ်လုပ်နေခြင်းကို မြင်နိုင်ရန် အခွင့်အရေး မရှိသဖြင့် အဖွဲ့၏ လုပ်နိုင်စွမ်းနှင့် အလုပ် ပြီးမြောက်မှု တို့ကို မသိရသည်မှာ ပြဿနာ ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“အစိုးရအနေနဲ့ ဒီလို စောင့်ကြည့်ဖို့တော့ လိုတယ်။ ဆိုရှယ် မီဒီယာက Impact ရှိတာကိုး။ သုံးတဲ့ User ကလည်း သန်း ချီပြီး ရှိတဲ့ အတွက် အရွယ်ရောက်ပြီးသူတိုင်း သုံးနေတာမိုလို့ တခုခု လှှုံ့ ဆော်လိုက်တိုင်း တခုခု ဖြစ်သွားတယ်။ လူတိုင်းရဲ့ ဦးနှောက်ထဲကို အတွေး သော်လည်းကောင်း၊ လှုံ့ဆော်မှု သော်လည်းကောင်း ပေးနိုင်တဲ့ ယန္တရားကြီးကို စောင့်ကြည်နေတာကတော့ လုပ်ကို လုပ်ရမယ်”ဟု ၎င်းက ဆိုသည်။