နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ထောင် ၇ နှစ်စီ ချခံထားရသော ရိုက်တာ သတင်းထောက်များ၏ အယူခံကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က ကြားနာရန် လက်ခံကြောင်း တရားခံ ရှေ့နေများက နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပြောကြောင်း ရိုက်တာသတင်းက ထုတ်ပြန်ရေးသားသည်။
ယခုလ အစောပိုင်းကတင်သွင်းသည့် ထိုအယူခံတွင် ရဲတပ်ဖွဲ့က ထောင်ချောက်ဆင်ကြောင်း အထောက်အထားနှင့် ရာဇဝတ်မှုမမြောက်ကြာင်း အထောက်အထားများလည်း ပါကြောင်း သတင်းက ဆိုသည်။
အသက် ၃၂ နှစ်ရှိပြီဖြစ်သော ကိုဝလုံးနှင့် အသက် ၂၈ နှစ်ရှိပြီဖြစ်သော ကိုကျော်စိုးဦးတို့သည် စက်တင်ဘာလက ရန်ကုန်ရှိခရိုင်တရားရုံးတခုတွင် ပြစ်ဒဏ်ချမှတ်ခံရသည်။ ထိုအမှုသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီတိုးတက်မှုကို မေးခွန်းထုတ်စရာဖြစ်စေပြီး သံတမန်များနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအကြား ဝေဖန်မှုများ ဖြစ်စေခဲ့သည်။
ထိုသတင်းထောက်များကို ထောင်ဒဏ်ချမှတ်ခြင်းသည် သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်ခြင်းမရှိကြောင်း၊ နိုင်ငံတော် လျှို့ဝှက်ချက်များကို ၎င်းတို့လက်ဝယ်တွေ့ သောကြောင့်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ထိုစီရင်ချက်ချပြီး ရက်သတ္တပတ်ဖြစ်သော စက်တင်ဘာလတွင်ပြောသည်။
“တရားရုံး၏ စီရင်ချက်သည် မှားနေသောကြောင့် မိမိတို့ အယူခံတင်ထားသည်” ဟု Reuters ဥက္ကဋ္ဌနှင့် အယ်ဒီတာချုပ် စတီဖင် ဂျေ အက်ဒ်လာ က ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။
“၎င်းတို့ကို သူလျှိုများအဖြစ် ပြစ်ဒဏ်ချမှတ်ရာတွင် ပြင်းထန်သော လုပ်ထုံးလုပ်နည်း ချိုးဖောက်မှုဖြစ်သည့် ရဲတပ်ဖွဲ့က အကွက်ဆက်ဖမ်းသည့် ငြင်းဆိုမရသော အထောက်အထားများနှင့် တရားစီရင်ရာတွင် ရာဇဝတ်မှု၏ အဓိက အစိတ်အပိုင်းများကို သက်သေပြရန် ပျက်ကွက်ခြင်းတို့ကို လျစ်လျှူရှုထားသည်” ဟုလည်း ဆိုသည်။
သတင်းထောက်များ၏ ရှေ့နေများက အယူခံကို ရန်ကုန်အခြေစိုက် ဗဟိုတရားရုံးတွင် နိုဝင်ဘာလ ၅ ရက်နေ့က တင်သွင်းခဲ့သည်။ အယူခံကို အယူခံ တရားသူကြီးတဦးသည် တရားလိုဘက်နှင့် တရားခံဘက်၏ နှုတ်ဖြင့်၊ စာဖြင့် လျှောက်လှဲချက်များကို ကြားနာပြီး စီရင်ချက် ချမည်ဖြစ်သည်။
ပြည်တွင်း သတင်းစာဆရာများအနေဖြင့် ရန်ကုန်တိုင်းလွှတ်တော်ချုပ်အဆင့်ဖြင့် အယူခံမရပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ထိုမှ မရလျှင် နောက်ဆုံး သမ္မတ ဦးဝင်းမြင့်ထံသို့ အယူခံ အဆင့်ဆင့် တင်စေလိုကြကြောင်း အလွတ်သဘော ပြောဆိုနေကြသည်။
သမ္မတ ဦးဝင်းမြင့်အနေဖြင့် အကျဉ်းသားများကို လွှတ်ပေးနိုင်သော လုပ်ပိုင်ခွင့် အာဏာရှိပြီး သတင်းစာ လွတ်လပ်ခွင့်နှင့် စတုတ္ထမဏ္ဍိုင်၏ အခန်းကဏ္ဍ အရေးကြီးကြောင်း ၎င်း၏ မိန့်ခွန်းများတွင် ထည့်သွင်း ပြောဆိုဖူးသည့်အပြင် မကြာသေးမီက ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် အလဲဗင်း သတင်းစာဆရာများ အမှုတွင် ကြားဝင်ခဲ့သဖြင့် သတင်းစာဆရာများ အချုပ်မှ လွတ်မြောက်လာခဲ့သည်။