ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ပန်ကိုင်ကျေးရွာအနီး ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား ယနေ့မနက်ပိုင်းက တိုက်ပွဲများ ဖြစ်ပွားကြသည်ဟု ပန်ကိုင်ကျေးရွာမှ ဒေသခံများက ပြောသည်။
ပန်ကိုင်ကျေးရွာ၊ ဟိန္ဒူဘာသာရေး-ဂေါ်ရခါးအဖွဲ့၊ အတွင်းရေးမှူး ဦးကော်နစ်က “ ဒီမနက် ၆ နာရီကနေ ၉ နာရီကျော်လောက် ထိကို ပစ်ကြခတ်ကြတယ်။ ရွာက ဒေသခံ ၅၀ ကျော်လောက်က ဒီရွာနဲ့ ၂ မိုင်ကျော်လောက်ဝေးတဲ့ ပန်လုံရွာကို ပြေးကြတယ်” ဟု ပြောသည်။
ရွာသူရွာသားများမှာ နေ့လည်ပိုင်းက ထွက်ပြေးခဲ့ကြပြီး ညနေပိုင်းတွင် ပစ်ခတ်သည့် အသံများ မကြားရတော့ သဖြင့် ရွာကို ထွက်ပြေးကြသူအားလုံး ပြန်ရောက်လာကြပြီဟုလည်း ဦးကော်နစ်က ပြောသည်။
ဦးကော်နစ်က “လမ်းနဲ့နီးပြီး လက်နက်ကြီးကျဖို့ စိုးရိမ်ရတဲ့ အိမ်တွေက ပြေးကြတာ။ ကျနော်တို့နဲ့တချို့တွေ ကတော့ နည်းနည်းဝေးတော့ အိမ်မှာပဲ နေကြတယ်”ဟု ပြောသည်။
ပန်ကိုင်ကျေးရွာတွင် ဒေသခံရွာသူရွာသား ၁၀၀ ကျော် နေထိုင်ပြီး ရွာအနီးတွင် RCSS နှင့် TNLA တပ်ဖွဲ့များ လှုပ်ရှားကြသည်။
နမ္မတူမြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ခံ ကိုမျိုးကလည်း မနက်ပိုင်းတွင် တိုက်ပွဲဖြစ်၍ ဒေသခံများ ပြေး ကြသည့် သတင်းရသဖြင့် ကယ်ဆယ်ရေးလုပ်ရန် သွားရာ အခြေအနေပြန်တည်ငြိမ်သွားသဖြင့် ကယ်ဆယ်ရေး အဖွဲ့များ ပြန်လာခဲ့ရသည်ဟုလည်း ပြောသည်။
TNLA မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က “ ဒီနေ့တော့ တိုက်ပွဲသတင်းတတ် လာတာ မရှိသေးဘူး။ မနေ့ကတော့ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအထက်၊ ပန်ကိုင်ရွာ တောင်ကြောမှာ ဖြစ်တယ်” ဟု ပြောသည်။
အောက်ခြေတပ်ဖွဲ့များထံမှ သတင်းမရသေးသဖြင့် ပန်ကိုင်ကျေးရွာအတွင်း ဖြစ်ပွားသည့် အခြေအနေကို အတည်မပြုနိုင်သော်လည်း နောက်ဆုံးရရှိထားသည့် သတင်းအရ ထိုနေရာတွင် TNLA နှင့် RCSS တို့ နှစ်ဖက်တပ်ဖွဲ့များ အသင့်အနေအထားဖြင့် ဆိုင်ထားဆဲ ဖြစ်သည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။
ဧရာဝတီမှ RCSS ၏ ပြောရေးဆိုခွင့်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရပါ။
လားရှိုးမြို့နယ် အတွင်းတွင်လည်း RCSS နှင့် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ပူးပေါင်း တပ်များအကြား ယခုလလယ်ပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲများအကြားတွင် လူသေဆုံးမှု ရှိခဲ့သလို ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရမှုများလည်း ရှိသည်။
မန်ပြိန်းရွာအနီးတွင် နိုဝင်ဘာ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့သော TNLA၊ SSPP ပူးပေါင်းတပ်များနှင့် RCSS တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မန်ပြိန်း (အထက်) ရွာ မှ ဒေါ်မာလွတ် ဆိုသူ သေနတ်ကျည်ဆံထိမှန် သေဆုံးခဲ့ခြင်း ဖြစ်ပြီး ဒေသခံ ၈၅ ဦးမှာလည်း ရွာနှင့် ၁၂ မိုင် အကွာရှိ မန်ပြိန်း (အောက်) ရွာသို့ ထွက်ပြေး တိမ်းရှောင်နေကြရခြင်းဖြစ်သည်။
TNLA နှင့် RCSS တို့သည် ၂၀၁၅ ခုနှစ်မတိုင်မီက မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည်။
RCSS သည် ယခင်က ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက်ကာ အဓိကလှုပ်ရှားပြီး ၂၀၁၅ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ နမ့်ဆန်နှင့်မန်တုံမြို့နယ်တို့ထိပါ လှုပ်ရှားလာခဲ့ပြီး TNLA နှင့် တိုက်ပွဲများ စတင် ဖြစ်ပွား လာခဲ့ခြင်း ဖြစ်သည်။
ကျောက်မဲမြို့နယ်၊ နမ္မတူမြို့နယ်၊ နမ့်ခမ်းမြို့နယ်တို့တွင်လည်း TNLA နှင့် RCSS တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားပြီး TNLA ဘက်က RCSS နယ်မြေကျော်လှုပ်ရှားခြင်းကြောင့် ဖြစ်သည်ဟု ပြောဆိုပြီး RCSS ကမူ နယ်မြေကျော်လှုပ်ရှားခြင်းမဟုတ်ဟု ဧရာဝတီကို ငြင်းဆိုထားသည်။
TNLA နှင့် RCSS တို့အကြား ပဋိပက္ခများ ဖြေရှင်းရန် ၂၀၁၇ ခုနှစ်အတွင်း ညှိနှိုင်းခဲ့သော်လည်း မအောင်မြင် ခဲ့ဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကာ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် TNLA က ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA) နှင့် မဟာမိတ်ဖွဲ့ကာ RCSS ကို ပူးပေါင်း တိုက်ခိုက်လျှက်ရှိသည်။
ဆက်စပ် ဖတ်ရှုရန် – သုံးပွင့်ဆိုင် တိုင်းရင်းသား လက်နက်ကိုင် တိုက်ပွဲများအကြား အရပ်သား တဦးသေဆုံး