ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို လူမှုနှင့် သဘာဝပတ်ဝန်းကျင် အတွက် တာဝန်သိသိလုပ်ကိုင်ရေးတို့အတွက် ရည်ရွယ်ဖွဲ့စည်းလိုက်သည့် ဝန်ကြီးဌာနသစ်၏ ဝန်ကြီးအဖြစ် အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းကို သမ္မတဦးဝင်းမြင့်က ခန့်အပ်လိုက်သည်။ ဝန်ကြီးဌာနသစ်ကို “ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန” ဟု ခေါ်သည်။
ထိုသို့မခန့်အပ်မီ ဦးသောင်းထွန်းသည် အမျိုးသားလုံခြုံရေးအကြံပေး ရာထူးအပြင် အစိုးရအဖွဲ့ရုံးဝန်ကြီးတာဝန်ကိုလည်း ထမ်းဆောင်နေသည်။
ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနသစ်ဖွဲ့စည်းရေးကို သမ္မတဦးဝင်းမြင့်က လွန်ခဲ့သောအပါတ်က ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြုအတည်ပြုချက်ရယူခဲ့သည်။
ထိုဝန်ကြီးဌာနသစ်ကို လတ်တလောတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံခြား စီးပွားဆက်ဆံရေး ဦးစီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးဦးစီးဌာတို့ကို ပေါင်းစပ်ဖွဲ့စည်းမည်ဖြစ်ကြောင်း ရှေ့နေချုပ်ဦးထွန်းထွန်းဦးက လွှတ်တော်တွင် နိုဝင်ဘာလ ၁၉ ရက်နေ့ကပြောသည်။
ဝန်ကြီးဌာနသစ်သည် ပိုမိုလျှင်မြန်သော ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ သတင်းအချက်အလက်များ၊ သက်ဆိုင်ရာဌာနများနှင့် အချိန်မီ ပူပေါင်းညှိနှိုင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံသူများအကြားအငြင်းပွားမှု ဖြေရှင်းရေးတို့ကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် ဆောင်ရွက်ပေးသွားဖြစ်ဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ပြောသည်။
မြန်မာ့စီးပွားရေးသည် နှေးကွေးနေပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများသည် ရခိုင်အကျပ်အတည်းကြောင့် မြန်မာနိုင်ငံကို လက်ရှောင်နေချိန်တွင် ထိုအစီအစဉ်ကို လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်နှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းစစ်ဆင်ရေးများကြောင့် မွတ်ဆလင် ၇ သိန်းခန့်သည် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြာသည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော မြန်မာအစိုးရသည် ထိုပြဿနာကို ထုတ်ဖေါ်ပြောဆိုခြင်းမရှိသောကြောင့် ပြင်းထန်သော နိုင်ငံတကာ ဖိအားနှင့် ရင်ဆိုင်နေရသည်။
အစိုးရသည် ကုလသမဂ္ဂနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ အကူအညီများကို နိုင်ငံ၏ မူဝါဒများနှင့်အညီ အသုံးပြုရန် နှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ရန် ဝန်ကြီးဌာနသစ်ဖွဲ့စည်းရန်လိုသည်ဟု ဝန်ကြီးဌာနသစ်ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး လွန်ခဲ့သော အပတ်က အဆိုပြုချက်တွင် သမ္မတ ဦးဝင်းမြင့်ကဖေါ်ပြခဲ့သည်။
ဦးသောင်းထွန်းသည် ဖိလစ်ပိုင်၊ ဘယ်လဂျီယန်၊ နယ်သာလန်နှင့် ဥရောပ သမဂ္ဂ ဆိုင်ရာ သံအမတ်များအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခင်စစ်အစိုးရခေတ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံရေးရာဦးစီဌာနတွင် ညွုန်ကြားရေးမှူးချုပ်ဖြစ်လာသည်။
ထိုအချိန်က နေအိမ်အကျယ်ချုပ်ခံနေရသော ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ၏ အငြင်းပွားဖွယ်ရာ အမျိုးသားညီလာခံကို သပိတ်မှောက်မည်ဟုပြောသည်ကို “သူမ အနေနဲ့ လှေကို မတည်မငြိမ်ဖြစ်အောင် မလုပ်ရဘူး” ဟု ထိုစဉ်က ဦးသောင်းထွန်းက ဖိလစ်ပိုင်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသောကြောင့် အတိုက်အခံတို့၏ ဝေဖန်ခံရသူလည်းဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် ဦးသောင်းထွန်းသည် အစိုးရနှင့် ဆက်ဆံရေးအကြံပေးအဖြစ် Shell Myanmar Energy PTE တွင် လုပ်ကိုင်ခဲ့သည်။
သူ့ကို အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ခန့်အပ်ပြီး ထိုနှစ် နိုဝင်ဘာလမှာပင် အစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် ခန့်အပ်သည်။ ထိုသို့ခန့်အပ်ခြင်းများကို သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိမ်းက ဝေဖန်သည်။ ဦးစိုးသိမ်းက ဦးသောင်းထွန်းသည် ဂျော့ဆိုးရော့စ် ဖေါင်ဒေးရှင်းတွင် အတိုင်ပင်ခံလုပ်ခဲ့သည်ကို ထုတ်ဖေါ်ကြေညာခြင်းမရှိဟု စွပ်စွဲသည်။
ဦးသောင်းထွန်းကို ဝန်ကြီးအဖြစ်ခန့်ရန် ဂျော့ဆိုးရော့စ်က ဦးစိုးသိမ်းကို ချဉ်းကပ်ခဲ့သော်လည်း ဆိုးရော့စ်သည် အမေရိကန်ဖြစ်သောကြောင့် ထိုအစီအစဉ်ကို ဦးသိန်းစိန်က လက်မခံခဲ့ဟု ဦးစိုးသိမ်းကပြောခဲ့ကြောင်း သတင်းများက ဆိုသည်။