မန္တလေးမြို့တွင် အိမ်ရှင်က အသက်မပြည့်သေးသော အိမ်အကူအမျိုးသမီးအား အက်စစ်ဖြင့် ပက်၍ မျက်လုံးတစ်ဖက်ကွယ်ကာ မျက်နှာတစ်ခြမ်း ပျက်စီးခဲ့ပြီး ရှစ်နှစ်ခန့်ကြာ ပိတ်လှောင်ထားခြင်းခံခဲ့ရသည့် အမှုကို မန္တလေးခရိုင် တရားရုံးက နိုဝင်ဘာ ၁၉ ရက်နေ့တွင် လူကုန်ကူးမှုဖြင့်သာ စွဲချက်တင် အမိန့်ချခဲ့သည်။
အိမ်အကူ မနန်းမေဇင်ဦး သည် လက်ရှိအချိန်တွင် အသက် ၂၄ နှစ်ရှိပြီဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ၂၀၀၈ ခုနှစ်က အလုပ်ရှင် ထံတွင် အိမ်အကူ စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် အက်စစ်ဖြင့် အပက်ခံရပြီးနောက် ယခုနှစ် ဖေဖော်ဝါရီလအထိ ပိတ်လှောင် ခံခဲ့ရခြင်း ဖြစ်သည်။
မန္တ္တလေးခရိုင်တရားရုံးမှ သတင်းနှင့် ပြန်ကြားရေး အရာရှိ ဒေါ်စန်းစန်းဝင်း က “ကျမတို့ရုံးမှာတော့ အက်စစ်ပတ်တဲ့ အမှုနဲ့ စွဲတင်ခဲ့တာ မဟုတ်ပါဘူး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ နဲ့ တရားစွဲတင်ခဲ့တာပါ၊ တရားခံ ၂ ဦးစလုံး အပေါ်ကို လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ဥပဒေနဲ့ပဲ စွဲချက်တင်ခဲ့ပါတယ်၊ နောက်တပတ်ရုံးချိန်းကို နိုဝင်ဘာ ၂၇ ရက်နေ့မှာ ရုံးချိန်းထပ်ပေးထားတယ်” ဟု ပြောသည်။
ကျူးလွန်ခံရသူ မနန်းမေဇင်ဦး သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ နဘမ်းကြီးကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ၂၀၀၈ ခုနှစ်ခန့်က ဒေါ်မိုးမိုး ဆိုသူက မန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ ကုန်စုံဆိုင်တွင် တလကျပ်တစ်သောင်းဖြင့် အလုပ်လုပ်ရန် ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။
ဒေါ်မိုးမိုး၏ ကုန်စုံဆိုင်မှာ ဆိုင်ခန်း ဆက်ငှား၍ မရတော့သဖြင့် ပိတ်လိုက်ရပြီး ဒေါ်မိုးမိုး၏ အစ်ကို ဖြစ်သူ ကုန်စုံဆိုင်သို့ ထပ်မံ အလုပ်လုပ်ခဲ့ရပြီး ထိုသို့ အလုပ်လုပ်နေစဉ် ၂၀၁၀ ပြည့်နှစ်တွင် ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ မနီနီနုနွယ်၏ သူငယ်ချင်းများနှင့် သြင်္ကန် လည်ခဲ့ရာတွင် မနီနီနုနွယ်၏ မောင်က မနန်းမေဇင်ဦးအား လူငယ်သဘာဝ ချစ်ရေးဆိုခဲ့ကြောင်း သိရသည်။
၂၀၁၀ သြင်္ကန်နှစ်ဆန်းတရက်နေ့ မွန်းလွဲပိုင်းတွင် ရေချိုးနေသည့် မနန်းမေဇင်ဦးကို မောင်ဖြစ်သူ၏ ချစ်ရေးဆိုမှုနှင့်ပတ်သက်ပြီး မနီနီနုနွယ်က အက်စစ်ဖြင့် ပက်ခဲ့ရာ မနန်းမေဇင်ဦး၏ ဝဲဘက် ဦးခေါင်းမှစကာ ခန္ဓာကိုယ် ဘယ်ဘက် တခြမ်းလုံးတွင် လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။
ထိုဖြစ်စဉ်ကြောင့် မျက်နှာတစ်ခြမ်းပျက်စီးခဲ့ကာ ဝဲဘက်မျက်လုံး ကွယ်ခဲ့ရပြီး ဘယ်ဘက်လက်မှာလည်း ကွေးဆန့်၍ ခက်ခဲ့နေသည့် အခြေအအနေဖြစ်နေသည်ဟု သိရသည်။
ရရှိခဲ့သည့် ဒဏ်ရာများကို ဒေါ်မိုးမိုးက ပြုစုပေးခဲ့ကြောင်း၊ မနန်းမေဇင်ဦး၏ ဖခင်ဖြစ်သူ ရောက်လာချိန်တွင် ဆေးကုသပေးမည်ဖြစ်သဖြင့် အမှုမဖွင့်ရန် ရပ်ကွက်ရုံးသို့ ခေါ်ဆောင်ပြီး လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း၊ မနန်းမေဇင်ဦး၏ ဖခင်ဖြစ်သူကို ကျပ်တသိန်းတစ်ကြိမ်၊ သုံးလခန့်အကြာတွင် ကျပ်နှစ်သိန်း တစ်ကြိမ်ပေးခဲ့ကြောင်း သိရသည်။
ဒဏ်ရာများကြောင့် အခန်းတခုအတွင်း ပိတ်လှောင်ထားခဲ့ပြီး ဒဏ်ရာများသက်သာလာချိန်တွင်လည်း အိမ်ထဲမှ အိမ်ပြင်မထွက်စေဘဲ အိမ်အလုပ်များကို လုပ်ကိုင်စေခဲ့ကာ ဆယ်နှစ်တာ အလုပ်လုပ်ခဲ့သည့် လုပ်အားခများလည်း ပေးခြင်းမရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ထိုသို့ နေထိုင်စဉ် မနန်းမေဇင်ဦးသည် အမှိုက်ပုံးသွန်ရာ မနိုင်မနင်းဖြင့် မှောက်ကျခဲ့သဖြင့် မနီနီနုနွယ်က နံရံနှင့် တွန်းကန် ဆောင့်လှဲခြင်း၊ ဝက်စာပုံးထဲသို့ မျက်နှာအပ်ပြီး ဖိချခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့သဖြင့် ယခုနှစ်ဖေဖော်ဝါရီလက အိမ်ရှင်များ အလစ်တွင် နေအိမ်မှထွက်ပြေးခဲ့ရာ အမျိုးသမီးရေးရာအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ယခုဖြစ်စဉ် ပေါ်ပေါက်ခဲ့ရခြင်းဟု သိရသည်။
တရား လွှတ်တော်ရှေ့နေကြီး ဦးမိုးဟိန်း က “ကာယကံရှင်က တိုင်ကြားအမှုဖွင့်လှစ်ခြင်းမရှိခဲ့ဘူးဆိုရင်တောင် ဆေးစာအရ ပေါ်ပေါက်တဲ့ ဒဏ်ရာဒဏ်ချက်တွေကို ထည့်သွင်းပြီး ထွက်ဆိုရမှာဖြစ်ပါတယ်၊ အမှုတွဲမှာ အချုပ်အနှောင် ခံရတယ်ဆိုတဲ့ အထောက် အထားတွေ၊ ဒဏ်ရာတွေရရှိခဲ့ တယ်ဆိုတဲ့ဆေးစာတွေအပြင် ကာယကံရှင်မိန်းကလေးရဲ့ထွက်ဆိုချက်တွေကို တရားစွဲအဖွဲ့အစည်းက ပြည့်ပြည့်စုံစုံ ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “မျက်လုံးတဖက်ကွယ်တဲ့အပြင် မျက်မြင်ဒဏ်ရာတွေလည်း ရှိနေတဲ့အပြင် ကာယကံရှင် ကိုယ်တိုင်ရဲ့ ထွက်ဆို စွပ်စွဲချက်တွေလည်း ရှိနေပြီဆိုတော့ သက်ဆိုင်ရာ ဥပဒေတွေနဲ့ပါ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်၊ အဲဒီအပေါ်မှာတော့ တရားစွဲအဖွဲ့အစည်း အနေနဲ့ ထည့်သွင်းသုံးသပ်သင့်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်” ဟု ပြောသည်။
အိမ်အကူ မနန်းမေဇင်ဦး အား မျက်လုံးတစ်ဖက်ကွယ်ကာ မျက်နှာတစ်ခြမ်းပျက်စီးသည်အထိ အက်စစ်ဖြင့် ပက်ခြင်း၊ ရှစ် နှစ်ခန့်ကြာ ပိတ်လှောင်ထားခြင်းများကို ပြုလုပ်ခဲ့သည့် အိမ်ရှင်အမျိုးသမီး နှစ်ဦးဖြစ်သည့် မနီနီနုနွယ်နှင့် ဒေါ်မိုးမိုးအား အောင်ပင်လယ် ရဲစခန်းတွင် (ပ) ၁၀၁/၂၀၁၈၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ ရဲမှူးမျိုးဇင်က တရားလိုပြုလုပ်၍ အမှုဖွင့်ဖမ်းဆီး အရေးယူခဲ့ပြီး မတ်လ (၃၀) ရက်ကခရိုင် တရားရုံး၌ တရားစွဲတင်ခဲ့ခြင်းဟု သိရသည်။
စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်း နှိပ်စက်ခံရမှုများကြောင့် မနန်းမေဇင်ဦးသည် စိတ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေရာ ကျန်းမာ ရေးအတွက် အကူအညီများ လိုအပ်နေကြောင်း မန္တလေးတိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့က ပြောသည်။
ယင်းသို့ အမျိုးသမီးများနှင့် ကလေးသူငယ်များအား လူကုန်ကူးမှုကျုးလွန်လျှင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ တသက် တကျွန်းအထိ ကျခံရနိုင်သလို လူကုန်ကူးမှုနှင့်အတူ ကြီးလေးသော ပြစ်မှုများကိုပါ ထပ်ဆင့်ကျူး လွန်လျှင် အမြင့်ဆုံး သေဒဏ်အထိ ကျခံရနိုင်ကြောင်းနှင့် အလားတူ အမျိုးသားများကိုလည်း လူကုန်ကူးမှု ကျုးလွန်လျှင် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ကျခံစေရန် သတ်မှတ်ထားကြောင်း ၎င်းက ဆက်ပြောသည်။
ဤကဲ့သို့ အိမ်အကူအား နှိပ်စက်မှုမျိုး လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် သြဂုတ်လက ရန်ကုန်မြို့ အင်းဝ အပ်ချုပ်ဆိုင် မိသားစုမှ နေ၍ အိမ်အကူမိန်းကလေး ၂ဦးအား နှိပ်စက်သည့်အတွက် မိသားစုဝင်ဖြစ်သည့် ဒေါ်တင်သူဇာအား ထောင်ဒဏ် ၁၆ နှစ် ၁လ၊ ကိုရာဇာထွန်းအား ပထောင်ဒဏ် ၁၃ နှစ် ၁ လ၊ မစုမွန်လတ်အား ထောင်ဒဏ် ၁၆ နှစ် ၁ လနှင့် ကိုတင်မင်း လတ်အား ထောင်ဒဏ် ၉ နှစ် ၁လ အသီးသီး ထောင်ဒဏ်များချမှတ်ခြင်းခံခဲ့ရသည်။
ဆက်စပ်ဖတ်ရှုရန် – အက်ဆစ်နှင့်ပက်ခံရသည့် အိမ်အကူအမျိုးသမီး ဆေးကုသရန် အကူအညီ လိုအပ်နေ