ပြည်တွင်း၌ မြန်မာ ကျပ်ငွေကိုသာ သုံးစွဲရန် အတွက် တင်းတင်းကြပ်ကြပ် အကောင်အထည် ဖော်ဆောင်ရွက် သွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောသည်။
ကယား ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း က နိုင်ငံပိုင် ငွေကြေး ပိုမို ခိုင်မာလာစေရန် နှင့် တရားမဝင် ငွေကြေး သုံးစွဲမှုများကို ထိန်းချုပ်နိုင်ရန် နိုင်ငံခြားငွေအား မြန်မာနိုင်ငံ တဝန်းလုံးတွင် ပြည်တွင်း၌ ကျပ်ငွေ အဖြစ် လဲလှယ် သုံးစွဲစေရန် တွန်းအားပေးမည့် အစီအမံများ ရှိ၊ မရှိ သိရှိလိုခြင်းနှင့် ဆက်စပ် သည့် မေးခွန်းကို ဦးဘိုဘိုငယ်က နိုဝင်ဘာ ၂၀ ရက်နေ့ကျင်းပသည့် အမျိုးသားလွှတ်တော်၌ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
ပြည်တွင်း ကျပ်ငွေ သုံးစွဲရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရနှင့် ပူးပေါင်း၍ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကျပ်ငွေနှင့် သုံးစွဲနေမှုကို လိုက်နာ ဆောင်ရွက်ခြင်း မရှိသည့် အတွက် မည်သို့ အရေးယူ ဆောင်ရွက်မည်၊ မည်သည့် ကာလတွင် ဆောင်ရွက်မည် ဆိုသည်ကို ပြည်သူလူထုအား အသိပေး၍ ပညာပေးကာလတခု သတ်မှတ်ပြီး တင်းတင်း ကြပ်ကြပ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဟုလည်း သိရသည်။
ကျပ်ငွေဖြင့် သုံးစွဲခြင်း မရှိသည့် အတွက် အသိပညာပေး ကာလတခု အနေဖြင့် သတ်မှတ်၍ လုပ်ဆောင်မည် ဖြစ်ကြောင်း ဦးဘိုဘိုငယ်က ဆိုသည်။
ဆက်လက်၍ ၎င်းက“ကျနော်တို့အနေနဲ့ ကြပ်မတ်ကွပ်ကဲဖို့က တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရနဲ့ ပူးပေါင်းပြီး ဆောင်ရွက် ရမှာဖြစ်ပါတယ်”ဟု ပြောသည်။
ထို့ပြင် နိုင်ငံပိုင် ငွေကြေး ခိုင်မာမှု အပြည့်အဝ မရှိခြင်းမှာ နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေ အားနည်းမှုကြောင့် ဖြစ် ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ဦးဘိုဘိုငယ်က “နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဥပဒေ၏ အားနည်းချက်များကြောင့် ဖြစ်တာ။ ၂၀၁၂ ခုနှစ်က ဥပဒေ ဆွဲခဲ့တာ။ အဲ့ဒါကို ကျနော်တို့ ပြန်လေ့လာတဲ့ အခါကျတော့ ဖြည့်စွက်စရာ အချို့ အချက်တွေ ရှိပါတယ်။ လွှတ်တော်နဲ့ လည်း တိုင်ပင်ပြီးတော့ လုပ်နေပါတယ်။ ဥပဒေပိုင်း အရ အခိုင်မာဆုံး ပြင်စရာရှိတာ ပြင်နေပါတယ်”ဟု လွှတ်တော် အစည်းအဝေး အပြီး တွင် မီဒီယာများကို ပြောသည်။
ဘဏ်များနှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်း လှိုင် ကမူ ဗဟိုဘဏ်ဘက်က ဆောင်ရွက်ချက်များမှာ အလွန်နှေးကွေးကြောင်း၊ ဒေါ်လာဈေးနှုန်း တဟုန်ထိုး တက်စဉ် ကာလကလည်း ငွေဈေး ကစားသူများကို ထိထိရောက်ရောက် အရေးယူရန် ဗဟိုဘဏ်သို့ တိုက်တွန်း ပြောဆိုရ ကြောင်း ပြောသည်။
ဒေါ်ခင်စန်းလှိုင်က “ဥပဒေရဲ့ အားနည်းချက်က ရှိတယ် ဆိုပေမယ့်လည်း ရှိတဲ့ အားနည်းချက်ကို အသုံးချလို့ ရပါ တယ်။ ရှိတဲ့ ဥပဒေ အပေါ် အသုံးမချဘဲနဲ့ ဥက္ကဋ္ဌ ကိုယ်တိုင်ကိုက ဘာလုပ်လို့ လုပ်ရမလဲ မသိဘူးဖြစ်နေတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
ကမ္ဘောဇဘဏ် လီမိတက်မှ အကြီးတန်း အကြံပေး ဦးသန်းလွင်ကလည်း“ဒေါ်လာဈေးက တက်လာပြီး ကျပ်တန်ဖိုးက ကျလာတော့ ကျပ်ငွေ အပေါ်မှာ ယုံကြည်မှု အားနည်းလာတယ်။ ဒေါ်လာ လက်ထဲရှိရင် အကောင့်သွားဖွင့်ပြီး လုပ်တာ မျိုးတော့ မလုပ်သင့်ဘူး။ ပေးဖွင့်နေတာတွေ မကောင်းတဲ့ လက္ခဏာပါဘဲ။ မလိုအပ်ဘဲ ဒေါ်လာ အကောင့်တွေ အရမ်း ပေးမဖွင့်ရင် အကောင်းဆုံးပါပဲ”ဟု ပြောဆိုသည်။
လက်ရှိတွင် ဟိုတယ်များ၊ စားသောက်ဆိုင် တချို့၊ ပြည်တွင်းသို့ လာရောက် ဖွင့်လှစ်သည့် ရင်းနှီးမြှုပ်နှံသူ တချို့၊ ကျောင်း များ၊ နိုင်ငံခြားသားများအား တိုက်ခန်းငှားသည့် လုပ်ငန်း၊ အမှတ်တရ ပစ္စည်း အရောင်းဆိုင်များ၊ ကျောက် မျက် ရတနာ ရောင်းဝယ်ဆိုင်များတွင် ကျပ်ငွေ အစား ဒေါ်လာကို သုံးစွဲနေကြောင်း၊ ထို့အတူ မြေငှားရမ်းခြင်း ကိစ္စများ၊ နိုင်ငံခြားဖက်စပ် လုပ်ငန်းများတွင်လည်း ဝင်ငွေကို နိုင်ငံခြားငွေဖြင့် လက်ခံ ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း ဗဟိုဘဏ်က ဆိုသည်။
မြန်မာနိုင်ငံ ဗဟိုဘဏ် အနေဖြင့် ကုန်ပစ္စည်းများ ဝယ်ယူခြင်း၊ ရောင်းချခြင်း ဝန်ဆောင်မှု ဆောင်ရွက်ချက်များ အတွက် ငွေပေးချေခြင်း၊ ဈေးနှုန်း ဖော်ပြခြင်းများကို နိုင်ငံခြားသုံးငွေဖြင့် တောင်းခံ သုံးစွဲခြင်း မပြုဘဲ ပြည်တွင်း သုံးငွေ ဖြင့်သာ သုံးစွဲရန် ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့များနှင့် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများသို့ မိမိတို့ လက်အောက်ခံ အဖွဲ့အစည်းများကို ဆက်လက်ညွှန်ကြားရန် ညှိနှိုင်း အကြောင်းကြားထား ကြောင်း လွှတ်တော် အစည်းအဝေးတွင် ဦးဘိုဘိုငယ်က ပြောသည်။
ပြည်သူ လူထု လက်ဝယ်တွင် ရှိသည့် အမေရိကန် ဒေါ်လာများကို ကျပ်ငွေ အဖြစ် လွယ်လွယ်ကူကူ လွှဲပြောင်း သုံးနိုင် ရန် အတွက် နိုင်ငံခြားသုံးငွေ ဝယ်ယူ ရောင်းချပေးသည့် ငွေလဲကောင်တာများကို တိုင်းနှင့် ပြည်နယ်များတွင် ခွင့်ပြု ထား ပြီး ဖြစ်ကြောင်း၊ ငွေလဲကောင်တာ ၁၄၃၇ ခု ဖွင့်လှစ်ခွင့် ပြုထား၍ အမေရိကန် ဒေါ်လာ၊ စင်ကာပူ ဒေါ်လာ၊ ထိုင်း ဘတ်၊ ယူရို အခြား ရင်းဂစ် စသည့် ငွေကြေးတို့ကို လဲလှယ်ခွင့် ပြုထားကြောင်း ဗဟိုဘဏ်မှ သိရသည်။
ငွေကြေးများကို စီမံခန့်ခွဲနေသည့် ဗဟိုဘဏ်၌ စာရင်းပေးသွင်းထားသည့် နိုင်ငံခြား ဘဏ်ခွဲ ၁၃ ခု ရှိကာ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှားနှင့် ဗီယက်နမ် နိုင်ငံတို့မှ ဖြစ်ပြီး ဘဏ်ခွဲ မဖွင့်ဘဲ ကိုယ်စားလှယ်ရုံး ဖွင့်ထားသည့် နိုင်ငံခြား ဘဏ်ရုံး ၄၉ ရုံး ရှိသည်ဟု ဗဟိုဘဏ် စာရင်းများ၌ ဖော်ပြထားသည်။