မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားတဦးသေဆုံးမှုကို အသေးစိတ် ပြန်လည်စုံစမ်းစစ်ဆေးရန် တောင်ကိုရီးယား ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် တက်ကြွလှုပ်ရှားသူများက တောင်းဆိုလိုက်ပြီး စာရွက်စာတမ်း အထောက်အထားမရှိသော ရွှေ့ပြောင်းလုပ်သားများကို လိုက်လံရှာဖွေဖမ်းဆီးမှု ရပ်စဲရန်လည်း အစိုးရကို တိုက်တွန်းလိုက်သည်။
တောင်ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံး ဗုဒ္ဓဘာသာဂိုဏ်းဖြစ်သော ဂျော့ဂျဲ တောင်ကိုရီးယား ဗုဒ္ဓဘာသာဂိုဏ်း မှ သံဃာတော်များနှင့် ရွှေ့ပြောင်းလုပ်သားအခွင့်အရေး တက်ကြွလှုပ်ရှားသူများသည် နိုဝင်လာလ ၁၉ ရက်နေ့က မြို့တော် ဆိုးလ်ရှိ သမ္မတရုံးသို့ တမိုင်ခန့် လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့သည်။
၎င်းတို့သည် ဖြည်းဖြည်းချင်း ချီတက်ဆန္ဒပြစဉ်အတွင်း တောင်ကိုရီးယား ဗုဒ္ဓဘာသာ ဝတ်ပြုနည်းဖြစ်သော ကိုယ်ကိုကိုင်းညွှတ်ကာ နဖူး၊ လက်ဝါးများ၊ ဒူးများနှင့် ခြေချောင်းများကို မြေကြီးနှင့် ထိတွေ့အောင် ဝတ်ပြုခဲ့ကြသည်။
သြဂုတ်လက သေဆုံးခဲ့သောအသက် ၂၅ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သား သေဆုံးမှုကို ပြန်လည်စစ်ဆေးရန် ၎င်းတို့က အစိုးရကိုတောင်းဆိုသည်။ လူဝင်မှု ကြီးကြပ်ရေးအရာရှိများက တရားမဝင် အလုပ်သမားများကို စီးနင်းရှာဖွေရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ထွက်ပြေးရန်ကြိုးစားစဉ် ထိုအလုပ်သမားသည် အဆောက်အအုံတခုမှ ပြုတ်ကျသေဆုံးခဲ့သည်ဟု ၎င်းတို့က ဆိုသည်။
သူ့ကို ဆေးရုံသို့အမြန်သယ်ဆောင်သွားခဲ့သော်လည်း ဦးနှောက်သေဆုံးသွားပြီဖြစ်ကြောင်း မကြာမီထုတ်ပြန်ကြေညာခဲ့သည်။ သူသည် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများကို တောင်ကိုရီးယား လေးဦးသို့လှူဒါန်းခဲ့ပြီး စက်တင်ဘာလတွင် ကွယ်လွန်ခဲ့သည်။
တရားဥပဒေ စိုးမိုးရေး အရာရှိ တဦးက သူ၏ ခြေထောက်ကို ဖမ်းဆွဲလိုက်စဉ် သူပြုတ်ကျသွားခြင်းဖြစ်ကြောင်းသူ၏ လုပ်ဖေါ်ကိုင်ဖက်များကထွက်ဆိုကြသည်။ သို့သော် လူဝင်မှုကြီးကြပ်ရေးအရာရှိများသည် ထိုသေဆုံးမှုအတွက် တာဝန်မရှိကြောင်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုက ကောက်ချက်ချပြီး အမှုကို ပိတ်လိုက်သည်ဟု ကျွန်းယန် ရှင်မွမ် သတင်းကဖေါ်ပြသည်။
၎င်းတို့သည် ထိုဖမ်းစီးမှုတွင် ဥပဒေ လုပ်ငန်းအဆင့်ဆင့်အတိုင်း လိုက်နာခဲ့သည်ဟုလူဝင်မှုကြီးကြပ်ရေး အရာရှိများကပြောကြောင်း သတင်းက ဆိုသည်။
“အစိုးရအနေနဲ့ ဒီသေဆုံးမှုအတွက် တာဝန်ရှိတဲ့ အရာရှိကို ဖေါ်ထုတ်ပြီး အစိုးရရဲ့ ဖမ်းဆီးမှုတွေမှာ ရွှေ့ပြောင်းလုပ်သားတွေသေဆုံးတာကို တားစီးနိုင်ဖို့ အပြစ်ပေးသင့်တယ်” ဟု တောင်ကိုရီးယားမှ ပထမဆုံး ရွှေ့ပြောင်းလုပ်သားများ သမဂ္ဂမှ ယူဒါရာ ရိုင်ပြောသည်ဟု ကျွန်းယန် ရှင်မွမ် သတင်းကဖေါ်ပြသည်။
ထိုအလုပ်သမားသမဂ္ဂ၏ အဆိုအရ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ ဖမ်းဆီးမှုများတွင် သေဆုံးသော ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၁၀ ဦးရှိပြီဟု သိရသည်။
ကိုးကား ။ ။ UPI