ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ၏ စုဖွဲ့မှု ပုံသဏ္ဌာန်နှင့် လုပ်ငန်းစဉ် အပေါ် ပြန်လည်ဆွေးနွေး ဆုံးဖြတ်ပြီးမှသာ JMC အဆင့်ဆင့် အစည်းအဝေးများ ပြန်တက်ရေး လုပ်ဆောင်မည်ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) က ပြောသည်။
RCSS/SSA သည် ရှမ်းပြည်နယ်အဆင့် JMC – S အဆင့်ဆင့်သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူ စာချုပ် (NCA) ပါ အချက်များအပေါ် လိုက်နာ ဆောင်ရွက်မှု မရှိသည့်အပြင် တန်းတူညီမျှမှု၊ တရားမျှတမှု မရှိဟု ဆိုကာ အစည်းအဝေးများ တက်ရောက်မည် မဟုတ်ဟု နိုဝင်ဘာလ ၁ ရက် က ထုတ်ပြန်ထားသည်။
RCSS/SSA အတွင်းရေးမှူး (၃) ဗိုလ်မှူးကြီး စိုင်းငင်းက“ကျနော်တို့ JMC ရဲ့ စုဖွဲ့မှု ပုံသဏ္ဌာန် နဲ့ လုပ်ငန်းစဉ်တွေကို ပြန်ပြီးတော့ ဆွေးနွေးမယ်။ ပြီးတော့ JMC မှာပါတဲ့ လုပ်ငန်းလမ်းညွန် (ToR) ကိုလည်း အဖွဲ့အတွင်းမှာ ဆွေးနွေးရဦး မယ်။ ပြီးတော့ နိုင်ငံတကာ အသိသက်သေတွေ ပါဝင်မှု အခန်းကဏ္ဍအပေါ်မှာလည်း ဆွေးနွေးဆုံးဖြတ်ပြီးမှ JMC အဆင့်ဆင့် အစည်းအဝေးတွေမှာ ပြန်တက်နိုင်မယ်။ မဟုတ်ရင်တော့ ကျနော်တို့ မတက်နိုင်သေးဘူး”ဟု ဧရာဝတီကို ပြောသည်။
JMC အစည်းအဝေးတွင် ပြန်လည်ပါဝင်ရေး သုံးသပ် အစည်းအဝေးကို ယခုလအတွင်း ပြုလုပ်မည် ဖြစ်ပြီး မည်သည့် ရက်တွင် ပြုလုပ်မည်ကိုမူ အတိအကျ မဆုံးဖြတ်ရသေးကြောင်း သိရသည်။
RCSS/SSA သည် NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ကာ စာချုပ်အရ ဖွဲ့စည်းထားသည့် ပြည်ထောင်စုအဆင့် (JMC – U)၊ ရှမ်းပြည်နယ်အဆင့် (JMC – S)၊ ရှမ်းပြည်နယ် ဒေသန္တရအဆင့် (JMC – L) နှင့် ဒေသဆိုင်ရာ အရပ်သား စောင့်ကြည့်ရေး ကော်မတီ (LCM) တို့တွင် ကိုယ်စားလှယ် အဖြစ် ပါဝင်သည်။
JMC အဆင့်ဆင့် အစည်းအဝေးများတွင် RCSS/SSA မတက်ရောက်ခြင်းမှာ JMC အဆင့်ဆင့်တွင် တပ်တော်မှ ဥက္ကဋ္ဌ တာဝန်ယူထားခြင်း၊ လုပ်ငန်းလမ်းညွှန် (ToR) ပိုင်းဆိုင်ရာ အားနည်းမှုများ ရှိခြင်း၊ နိုင်ငံတကာ အသိသက်သေများ၏ ပါဝင်မှုအခန်းကဏ္ဍ အားနည်းခြင်း၊ တရားမျှတသည့် ဆုံးဖြတ်ချက်များ မချမှတ်နိုင်ခြင်း စသည့် ကိစ္စများ အပါအဝင် အခြားသော ကိစ္စရပ်များကြောင့်လည်း ဖြစ်ကြောင်း သိရပြီး ၎င်းတို့ မတက်ရောက်သည့်အတွက် JMC အဆင့်ဆင့် အစည်း အဝေးများ မပြုလုပ်နိုင်ဘဲ ဖြစ်နေသည်။
ရှမ်းပြည်နယ်အဆင့် JMC – S တွင် အစိုးရဘက်မှ ၅ ဦး၊ အရပ်သားကိုယ်စားလှယ် ၈ ဦးနှင့် တိုင်းရင်းသား လက်နက် ကိုင် (EAO) အဖွဲ့မှ ၅ ဦး ပါဝင်ကာ RCSS/SSA က ၃ နေရာ ယူထားပြီး လုပ်ငန်းလမ်းညွှန် (ToR) တွင် EAO ဘက်မှ ၃ ဦး အနည်းဆုံး တက်ရောက်မှသာ အစည်းအဝေး အထမြောက်သည်ဟု ပါရှိသည်။
ရှမ်းပြည်နယ်အဆင့် JMC-S မှ အတွင်းရေးမှူး(၁) ခွန်ထွန်းတင်က“လောလောဆယ်တော့ သူတို့ (RCSS/SSA) က ရပ်ဆိုင်းလိုက်တော့ ကျနော်တို့ EAO ဘက်က ၂ ဦးပဲ ကျန်တာကိုး။ RCSS က ၃ ဦး ပါတာ။ အဲဒါကြောင့် အစည်း အဝေး က ToR အရဆိုရင် အထမမြောက်ဘူး၊ အစည်းအဝေးမခေါ်နိုင်ဘဲ ဖြစ်နေတယ်”ဟု ဆိုသည်။
JMC – S အစည်းအဝေးများအား တပ်မတော်နှင့် RCSS/SSA အကြား ကြီးမာသည့် ပြဿနာများ မရှိသော်လည်း တပ်သား စုဆောင်းခြင်းနှင့် အခွန်ကောက်ခြင်းကိစ္စများအပေါ် အငြင်းအခုံဖြစ်မှုများ ရှိထားသည်ဟု ရှမ်းပြည်နယ် အဆင့် JMC – S တွင် ပါဝင်သူများထံမှ သိရသည်။
JMC – S မှ အမည်မဖော်လိုသူ အရပ်သား ကိုယ်စားလှယ်တဦးက “NCA ကို လေးစားလိုက်နာရင် ဘာပြဿနာမှ မရှိ ဘူးပေါ့။ ချိုးဖောက်မှုအပေါ်မှာ ဆွေးနွေးကြတဲ့ အခြေအနေအပေါ်မှာတော့ အငြင်းအခုံလေးတွေတော့ ရှိတာပေါ့၊ တပ် သားသစ်စုတာတို့၊ အခွန်အခကောက်တာတို့ အဲဒီလိုလေးတွေ ရှိတယ်။ အဲဒါလေးတွေက အငြင်းအခုံဖြစ်တာပါ။ ကျန် တဲ့ ဟာ ကြီးကြီးမားမားတော့ မရှိပါဘူး။ RCSS အနေနဲ့ JMC အစည်းအဝေးတွေမှာ ပြန်ပါဝင်လာသင့်တယ်၊ ဒါမှ ကျနော် တို့ လုပ်ငန်းတွေလည်း ပြန်လုပ်ဆောင်နိုင်မှာ။ ဒါက ဖြေရှင်းနိုင်တဲ့ နေရာတခုပါပဲ”ဟု ပြောသည်။
JMC အဆင့်ဆင့် အစည်းအဝေးများအား RCSS/SSA မတက်ဘဲ ယာယီရပ်ဆိုင်းထားမှုကြောင့် ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တပ်မတော်နှင့် RCSS/SSA ကြား တိုက်ပွဲများ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် RCSS/SSA ကြား တိုက်ပွဲများ အပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်ရှိ ပန်ပီ့ကျေးရွာ ဘုန်းတော်ကြီး ကျောင်း မီးလောင်မှု တိုင်ကြားစာကိစ္စများလည်း မဖြေရှင်းနိုင်ဘဲ ဖြစ်နေကြောင်း ရှမ်းပြည်နယ်အဆင့် JMC – S ထံမှ သိရသည်။
ဆက်စပ်သတင်း –
သုံးပွင့်ဆိုင် တိုင်းရင်းသား လက်နက်ကိုင် တိုက်ပွဲများအကြား အရပ်သား တဦးသေဆုံး
ပန်ပီ့ကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးလောင်မှု ကိုရင် ၂ ပါး ပျံလွန်
မိုင်းပန်တွင် RCSS နှင့် PNLO နယ်မြေပြဿနာ ဖြစ်ပွား
အာဏာမသိမ်းဖို့ ဘယ်လို အာမခံချက် ပေးမလဲ တပ်မတော် အပေါ် မေးခွန်းရှိနေတယ်