ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်မှ ခေါ်ဆောင်သွားသည့် တအန်း (ပလောင်) ရွာသူရွာသား ၉ ဦးကို အဆက်အသွယ်မရ ဖြစ်နေသည်ဟု ရှမ်းမြောက်အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှား နေသည့် အဖွ့ဲအစည်းများက ပြောဆိုသည်။
ခေါ်ဆောင်သွားခြင်း ခံရသူများမှာ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄ ခုတွင် နေထိုင်သည့် ပလောင် (တအန်း) လူမျိုးများ ဖြစ်ပြီး ထိုထဲတွင် ၂ နှစ်အရွယ် မိန်းကလေးတဦး နှင့် ၁၅ ရက်သား ယောင်္ကျားလေး တဦးတို့လည်း မိခင်ဖြစ်သူတို့လည်း ပါဝင်သည်။
၎င်းတို့ကို နိုဝင်ဘာလ ၂၀ ရက်က တပ်မတော်က ကျေးရွာများအတွင်း ဝင်ရောက် ခေါ်ဆောင်သွားခြင်းဖြစ်ပြီး မိခင်ဖြစ်သူနှင့် ကလေး ၂ ဦးကို စစ်ဘေးရှောင် ဒုက္ခသည်စခန်းအတွင်း ဝင်ရောက်ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု တအန်း အမျိုးသမီးအဖွဲ့ (TWO) ၏ သတင်းနှင့်မှတ်တမ်းဌာန၊ တာဝန်ခံ မလွေးချစ်စနန်း က ပြောသည်။
မလွေးချစ်စနန်း က “အဆက်အသွယ်မရ သေးဘူး။ ဘေးက ပတ်ဝန်းကျင်ရဲ့ စကားတွေပဲ ဟိုတမျိုးဒီတမျိုးဖြစ်နေတယ်” ဟု ပြောသည်။
ခေါ်ဆောင်သွားခြင်း ခံရသူများမှာ ၎င်းတို့ နေထိုင်သည့် ရွာများတွင် ရှိနေစဉ် တပ်မတော်ဘက်မှ ဝင်ရောက် ခေါ်ဆောင် သွားခြင်း ဖြစ်ပြီး လက်ရှိတွင် ကွတ်ခိုင်မြို့၊ ဗျူဟာကုန်းတွင် ချုပ်နှောင်ထားသည်ဟု မလွေးချစ်စနန်းက ဆိုသည်။
မလွေးချစ်စနန်းက “အဲ့ရွာတွေကို သွားရတဲ့ ခရီးက မြို့ကနေ မိနစ်၂၀လောက်ဆို ရောက်တယ်။ ဒါပေမယ့် KIA ရှိတယ်။ ပြည်သူ့စစ်တွေနဲ့ TNLA လည်း ရှိတယ်။ တပ်မတော်လည်း ရှိတယ်။ သူတို့က အချိန်ပြည့်ရှိနေတာ မဟုတ်ပေမယ့် လက်နက်ကိုင်ပြီး သွားနေတော့ ကျမတို့လည်း သွားရခက်နေတယ်” ဟုပြောသည်။
TWO က ၎င်းတို့ ရရှိထားသည့် စာရင်းအရ တပ်မတော်၏ ခေါ်ဆောင်သွားခြင်းခံရသူများမှာ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၄ ဦး ဖြစ်ပြီး ၎င်းတို့မှာ မန်ပန်ကျေးရွာ၊ ပန်ကူကျေးရွာအုပ်စု၊ ပန်ကူစစ်ဘေးရှောင်စခန်း၊ မန်ဆာကျေးရွာ နှင့် မန်ထန်ကျေးရွာတို့မှ ဖြစ်သည်ဟု ပြောသည်။
တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ နိုဝင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည့် သတင်းထုတ်ပြန်ချက်တွင် တပ်မတော်မှ ဖမ်းဆီးသွားသူများ၏ အမည်စာရင်းကို ဖော်ပြထားရာတွင် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၆ ဦးတို့ အမည်ကို ရေးသားထားပြီး ရွာများမှာ ပန်ကူကျေးရွာအုပ်စု၊ ပန်ကူကျေးရွာ၊ ဟိုနောင်အုပ်စု၊မန်ဆာရွာ၊ ဖယိုင်ကျေးရွာအုပ်စု၊ ဟိုနောင်အုပ်စု၊ တုန်ဆင်အွန်ကျေးရွာ၊ အင်မိန်းအုပ်စု၊ နမ့်တစ်ကျေးရွာတို့မှ ဖြစ်သည်ဟု ဖော်ပြထားသည်။
ရွာသူရွာသားများကို တပ်မတော်က ခေါ်ဆောင်သွားခြင်းမခံရမီ နိုဝင်ဘာလ ၂၀ ရက်၊ မနက် ၃ နာရီခွဲခန့်တွင် TNLA မှ ကွတ်ခိုင်မြို့နယ်၊ နမ့်ဟူကျေးရွာနှင့် မန်ပန်ကျေးရွာ ကားလမ်းပေါ်တွင် တပ်မတော်မှ ဗိုလ်ကြီးချမ်းမြေ့ထွန်းကို ဖမ်းဆီးထားကြောင်း TNLA က သတင်း ထုတ်ပြန်ထားသည်။
TNLA ၏ သတင်းထုတ်ပြန်ချက်အရ ဗိုလ်ကြီးချမ်းမြေ့ထွန်းမှာ ကွတ်ခိုင်အခြေစိုက် စစ်ဗျူဟာ ခလရ ၄၅ မှ ဖြစ်ပြီး ၎င်းနှင့်အတူ MA-3 ၊ 5.56 MM အမျိုးအစား သေနတ်တလက်၊ ကျည် ၁၄၁ ခုပါ ကျည်ဘောက် ၃ ခု ၊ M-5၊ 9MM သေနတ်တလက်ကိုပါ သိမ်းဆည်းလိုက်ကြောင်း သိရသည်။
ဗိုလ်ကြီးချမ်းမြေ့ထွန်း ဖမ်းဆီးခံရပြီး နိုဝင်ဘာလ ၂၀ ရက်၊ နေ့လည်ပိုင်းတွင် တပ်မတော်ဘက်မှ ရွာသူရွာသားများကို ဝင်ရောက် ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွာသားများကို တပ်မတော်က ခေါ်ဆောင်သွားသည် ဆိုသည့် ဖြစ်စဉ် အခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် အတွက် ဧရာဝတီက ယင်းဒေသ အခြေစိုက် တပ်မတော် ဗျူဟာနှင့် တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်များထံ တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။
တအန်း (ပလောင်) ဥပဒေ အထောက်အကူပြုအဖွဲ့၊ တာဝန်ခံ မိုင်းမျိုးအောင် က “ ကျနော်တို့ လိုက်စုံစမ်းကြည့် တော့ အခု ကွတ်ခိုင်စစ်တပ်ကုန်း (ဗျူဟာတပ်၊ ၄၅ တပ်ရင်းရှိတဲ့နေရာ) မှာ ထိန်းသိမ်းထားတယ်လို့ သိရတယ်။ အဲ့စခန်းထဲကိုတော့ ဝင်တွေ့လို့ မရသေးဘူး”ဟု ပြောသည်။
မိုင်းမျိုးအောင်က ၎င်းတို့၏ စုံစမ်းထားချက်များအရ တပ်မတော်က ခေါ်ဆောင်သွားခြင်း ခံရသူများမှာ TNLA နှင့် အဆက်အ သွယ်ရှိသဖြင့် သံသယရှိသည်ဟု ဆိုကာ တပ်မတော်က ဝင်ရောက် ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ကြားသိရကြောင်း ပြောသည်။
မိုင်းမျိုးအောင်က “သူတို့ကို ဖမ်းသွားတဲ့အချိန်မှာ ဘာအထောက်အထားမှတော့ မရှိဘူး။ သို့သော်လည်း ဆက်စပ်ပတ်သတ်မှု ရှိတယ်ဆိုပြီး ဖမ်းသွားတယ်။ အခုထိတော့ ဘာမှ မသိရသေးဘူး” ဟု ဆိုသည်။
ယင်းသို့ ခေါ်ဆောင်ခံရသူများထဲတွင် ပါဝင်သည့် ၁၅ ရက်သား ကလေး၊ ၂ နှစ်အရွယ် ကလေးနှင့် မိခင်တို့၏ အခြေအနေတို့ ကိုလည်း စုံစမ်းမရသေးဘဲ တပ်မတော်၏ ခေါ်ဆောင်သွားခြင်းခံရသူများ၏ မိသားစုဝင်များ သွားတွေ့နိုင်ရန်လည်း စုံစမ်းနေဆဲ ဖြစ်သည်ဟု မိုင်းမျိုးအောင်က ပြောသည်။
TNLA သည် အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် တစုံတရာ ချုပ်ဆိုထားခြင်းမရှိဘဲ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
တအန်း (ပလောင်) ဥပဒေအထောက်အကူပြုအဖွဲ့ ၊ တာဝန်ခံ မိုင်းမျိုးအောင်သည်လည်း ၂၀၁၇ ခုနှစ်အတွင်းက TNLA နှင့် ဆက်စပ်သည်ဟု ဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ၆ လခန့် အချုပ်ထဲတွင် ထိန်းသိမ်းခံရပြီး တရားရင်ဆိုင်ခဲ့ရသည်။