ကမ္ကာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်းတည်ရှိရာ ရှေးဟောင်းဇုန်အတွင်း က သတိပေးဆိုင်းဘုတ်များ နိုဝင်ဘာ ၂၂ ရက်နေ့က ဖျက်ဆီးခံရကြောင်း ပြည်မြို့အခြေစိုက် ရှေးဟောင်း သုသေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း ကပြောသည်။
ဇုန်အတွင်းက သတိပေး ဆိုင်းဘုတ်များ မီးရှို့ခံရသည့် အပြင် ဇုန်အဝင်ပေါက် နဂါးတွန့်တံခါးအနီး အများပြည်သူနှင့် လာရောက် လည်ပတ်သူများ စနစ်တကျအမှိုက်ပြစ်နိုင်ရန် ထားရှိထားသည့် အမှိုက်ပုံးများကိုလည်း မီးရှို့ခြင်း၊ ရိုက်ချိုးဖျက်ဆီးခြင်းများ ပြုလုပ်သွားကြောင်း သိရသည်။
ဦးကျော်မျိုးဝင်း က “ဇုန်ထဲမှာ မကြာမကြာဖြစ်တယ်။ အခုတလောပိုပြီးတော့ဖြစ်တယ်။ ဒီလိုဖြစ်တာက နိုင်ငံတကာအမြင်မှာ ကမ္ကာ့ အမွေအနှစ် ပုံရိပ်ကျတယ် မကောင်းဘူး။ ပုံရိပ်ကျတဲ့အပြင်ကို ပြည်မြို့ရဲ့ဂုဏ်သိက္ခာလည်းကျတာပေါ့။ ဒါမျိုးတွေက မကောင်းဘူး။ နိုင်ငံတကာကလည်း အခုဆိုတအားလည်ပတ်နေတဲ့အချိန် ပြည်တွင်းကလည်း အများကြီး လာလည်ပတ်နေတာ ဒီလိုဖြစ်တာတော့ စိတ်မကောင်းစရာပဲ ဌာနဆိုင်ရာတွေအနေနဲ့ကလည်း ဝိုင်းပြီးတော့ ထိမ်းသိန်းသင့်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “ဒါကဘာဖြစ်လို့ဖြစ်တာလည်းဆိုရင် တရားဥပဒေစိုးမိုးရေး လျော့ရဲတယ်လို့ပဲပြောရမှာပေါ့ အာဆီယံ အသန့်ရှင်းဆုံးမြို့ကို ကြိုးစားနေတဲ့မြို့က အမှိုက်တောင်းလေးတောင်မှ စိတ်မချရဘူးဆိုလို့ရှိရင် ဘယ်လိုလုပ်မလဲ အားလုံးမှာတာဝန်ရှိတယ်။ အားလုံးဝိုင်းဝန်း စောင့်ရှောက်မှရမယ်” ဟု ပြောသည်။
ယခုနိုဝင်ဘာလအတွင်း ရှေးဟောင်းဇုံအတွင်းရှိ အမှိုက်တောင်းများ ပျောက်ဆုံးခြင်း၊ မသီးကျကုန်း သို့ ဆက်သွယ်ထားသည့် တံတားမှ သံလက်ရန်းအား ရိုက်ချိုးဖျက်ဆီးထားခံရခြင်း၊ ဘောဘောကြီးစေတီသို့ လာရောက် ဘုရားဖူးပညာရေးဝန်ထမ်းတဦး၏ ငွေကျပ်သိန်း၂၀ ခန့်တန်ဖိုးရှိ ဆိုင်ကယ်တစီး ခိုးယူခံရခြင်း၊ ဘုရားမာဘုရားအနီးတွင် စုံတွဲတစ်တွဲအား လူသုံး ယောက်က လာရောက်ကာ အမျိုးသားအား အုတ်ခဲနှင့်ထု၍ ဖုန်းနှင့်ပိုက်ဆံအိတ်များ လုယူသွားခြင်း စသည့်ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
“ဒီဒေသမှာ ရပ်မိရပ်ဖတွေလည်းရှိတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးလည်းရှိတယ်။ နောက်ပြီးတော့လည်း အမှတ် (၃) ရဲစခန်းကြီး တခုလုံးရှိပြီးတော့လည်း ဒီလိုမျိုးတွေဖြစ်နေတယ်ဆိုတာ။ တကယ်တမ်းဆိုမဖြစ်သင့်ဘူးလေ။ ဒီလိုဖြစ်စဉ်တွေကို ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို အမြဲတမ်းတင်တယ်။ ဒါဟာ ရဲလုပ်ငန်းဖြစ်တဲ့အတွက် ဒီဇုန်ရဲ့လုံခြုံရေးကို သူတို့ဘယ်လို လုပ်မလဲဆိုတာ သူတို့အပေါ်မှာမူတည်တာပေါ့။ ဒီမှာရှိတဲ့ လုံခြုံရေးက ၅ ယောက်က ကျူးကျော်အိမ်တွေ မကျူးကျော်ဖို့နဲ့ ရှေးဟောင်း အဆောက်အအုံတွေ မထိခိုက်ဖို့ ဒီလောက်ပဲ စောင့်ကြည့်နိုင်တယ်” ဟု ဦးကျော်မျိုးဝင်း က ပြောသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်က “ ရှေးဟောင်းကတော့ သူတို့အဖျက်ခံရတယ်ဆိုတာ သတင်းပို့ထားတာမရှိသေးပါဘူး။ ကျနော်တို့ကို အကူအညီတောင်းလာရင်တော့ လုံခြုံရေးအတွက် မြို့နယ်မှူးတို့နဲ့ပေါင်းစပ်ပြီး ဆောင်ရွက်ပေးပါ့မယ်။ စာတင်ထားတာတော့ မတွေ့သေးဘူးဗျ သူတို့တင်ထားတယ်ဆိုရင် ဒီနေ့ဝင်စာမှာ ပါရင်ပါလိမ့်မယ်။ သူတို့ဘက်ကတောင်းခံလာရင်တော့ လုံခြုံရေး ပေါင်းစပ်လုပ်ပေးရမှာတော့ ကိုယ့်ဋ္ဌာနချင်းတွေပဲဗျာ” ဟု ပြောသည်။
ယခင် ဘောဘောကြီးဘုရားအနီးဆိုင်ကယ်ပျောက်ဆုံးမှုအား အမှုဖွင့်စုံစမ်းထားကြောင်း၊ ဘုရားမာအနီး စုံတွဲတတွဲအား ရိုက်နှက်၍ ဖုန်းနှင့် ပိုက်ဆံအိတ် အလုခံရမှုများ သွားရောက်စစ်ဆေးခဲ့ရာ ယင်းဖြစ်စဉ်မဖြစ်ခဲ့ကြောင်းနှင့် လက်ရှိသတိပေးဆိုင်းဘုတ်များနှင့် အမှိုက်တောင်းများ မီးရှို့ဖျက်ဆီးခံရမှုအား သက်ဆိုင်ရာနယ်မြေရဲစခန်းမှူးအား သွားရောက်စုံစမ်းခိုင်းပြီး၊ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများကို မေးမြန်းနေကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး သန်းထွန်းအောင်က ဧရာဝတီကိုပြောသည်။
ပြည်မြို့သည် ၂၀၂၀ ခုနှစ် ဘရူနိုင်းနိုင်ငံတွင်ကျင်းပမည့် ဒုတိယအကြိမ် အာဆီယံအသန့်ရှင်းဆုံး ခရီးသွားမြို့တော်ဆုအတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး မြို့သန့်ရှင်း သာယာလှပရေး အတွက် စတင်လုပ်ဆောင်နေပြီး နိုဝင်ဘာလအတွင်း သရေခေတ္တရာရှေးဟောင်းဇုန်သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု သိသိသာသာမြင်တက်လာကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် – ပြည်နှင့်တောင်ငူ အာဆီယံအသန့်ရှင်းဆုံး ခရီးသွားမြို့တော် ပြိုင်ပွဲ ဝင်မည်