ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် ဖြစ်ပွားခဲ့သော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့၏ တိုက်ပွဲတွင် အသက် ၃ နှစ်အရွယ် ကလေးတဦး အပါအဝင် အရပ်သားသုံးဦး ကျည်ဆံ ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။
သီပေါမြို့နယ်၊ နားလော့ကျေးရွာအနီးတွင် ယနေ့မနက် ၆ နာရီဝန်းကျင်က RCSS နှင့် SSP တပ်များအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဒေသခံရွာသားသုံးဦး ကျည်ဆံထိမှန်ခဲ့ခြင်းဖြစ်ကြောင်း နားလော့ကျေးရွာမှ ဒဏ်ရာရ ရွာသူရွာသားများကို ကယ်ဆယ်ရေး လုပ်ပေးနေသည့် နယ်စည်းမခြားပရဟိတ အသင်း (သီပေါ) မှ ကိုမျိုးက ပြောသည်။
ကိုမျိုး က “အခု ဒဏ်ရာရ ၃ ယောက် သီပေါဆေးရုံကို ရောက်ပြီ။ ရောက်ပြီးတော့ ၂ ယောက်ကို လားရှိုးဆေးရုံကို ထပ်လွှဲ ထားတယ်။ နောက်ကျန်တယောက်ကိုလည်း လားရှိုးကိုပဲ ပြန်လွှဲမှာ။ လောလောဆယ်တော့ သီပေါမှာ ဆေးကုသမှု လုပ်ပေးနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “ကလေးက ခြေထောက်မှာ ဒဏ်ရာရထားတယ်။ လူကြီး ၂ ယောက်မှာ ယောင်္ကျားလေးက ညာဘက် ပခုံးရယ် သူက နည်းနည်းများတယ်။ ကျနော်တို့ရောက်တော့ ဒဏ်ရာတွေကတော့ ဆေးပြီးပြီ။ နောက် အမျိုးသမီးတယောက်ကတော့ ရင်ဘတ်ကို ထိထားတယ်” ဟု ပြောသည်။
ဒေသခံများထံမှ ပြောပြချက်အရ လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့၏ ပစ်ခတ်မှုများအကြား ရွာသား ၂ ဦး ရွာတွင် သေဆုံးပြီး ထွက်ပြေးရင်း လမ်းတွင် ၁ ဦး သေဆုံးသည်ဟုလည်း ကိုမျိုးက ဆိုသည်။
နယ်စည်းမခြား ပရဟိတ အဖွဲ့အနေဖြင့် ဒဏ်ရာရ လူနာများကို လမ်းတွင် စောင့်ဆိုင်းကာ ဆေးရုံသို့ ကူညီပို့ ဆောင် ပေးနေသဖြင့် နားလော့ရွာအနီး အနားသို့ မရောက်သေးကြောင်း၊ ရွာအတွင်း ဖြစ်နေသည့် အခြေအနေများကိုလည်း အတိအကျမသိရှိရသေးပါဟု ကိုမျိုးက ပြောသည်။
RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဦးက နားလော့ကျေးရွာအနီး တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ မှန်ကြောင်း အတည်ပြုသော်လည်း မြေပြင်တွင် ဖြစ်ပွားနေသည့် အခြေအနေများကို အတိအကျ မပြောနိုင်သေးဟု ဆိုသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုက နိုဝင်ဘာလ ၂၂ ရက်ညပိုင်းတွင် SSPP တပ်ဖွဲ့များက သွားလာရင်း နားလော့ကျေးရွာ အပြင်ဘက်တွင် ညအိပ် နားနေရာ မနက်ပိုင်းတွင် RCSS တပ်ဖွဲ့ဝင်များက ရောက်လာပြီး ရွာထဲကို စတင် ပစ်ခတ်ခြင်း ဖြစ်သည်ဟု ပြောသည်။
“သူတို့ ထင်တာ ကျနော်တို့ ရွာထဲမှာရှိလားပေါ့။ သူတို့ရွာထဲ မဝင်ရဲတော့ အပြင်မှာ နေပြီး လက်နက်ကြီးငယ်ကို ရွာထဲ ပစ်ထည့်တယ်။ ပြည်သူလူထုက အထိတ်တလန့်နဲ့ ထော်လာဂျီနဲ့ ရွာအပြင်ဘက်ကို ကမန်းကတန်း ပြေးတော့ သူတို့က ဝိုင်းပစ်တာ။ အဲ့မှာ ဒဏ်ရာရသူကရ သေသူက သေကြေကြတာ”ဟု ဒုဗိုလ်မှူးကြီး စိုင်းဆု က ပြောသည်။
ထော်လာဂျီကို RCSS ပစ်ခတ်ပြီးနောက်မှ SSPP တပ်ဖွဲ့က က RCSS တပ်ဖွဲ့ဝင်များကို ပြန်လည်ပစ်ခတ်ခြင်း ဖြစ်သည်ဟုလည်း ဒုဗိုလ်မှူးကြီး စိုင်းဆုက ဆိုသည်။
ဆက်လက်၍ ဒုဗိုလ်မှူးကြီး စိုင်းဆုက “ကျနော်တို့ သူတို့နဲ့ ရှေ့တန်းမှာ ဆက်ဆံရေး မရှိဘူး။ အထက် မှာတော့ အပြန်အလှန် ညှိတာ လုပ်ခဲ့တယ် အဆင်မပြေဘူး။ သူတို့ က ရှမ်းပြည်တောင်ပိုင်းမှာ မနေပဲ မြောက်ပိုင်းကို ကူးလာပြီး ပြဿနာတွေ ဖြစ်လာတာ။ ကျနော်တို့က သူတို့ကို ဆုတ်ပေးပါဆိုတာ သူတို့က မဆုတ်ချင်ဘူး” ဟုလည်း ပြောသည်။
သီပေါမြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းခမ်းမောင် က “ နားလော့က အတွင်းပိုင်းကျတော့ ဆက်သွယ်ရေး ခက်တယ်။ သတင်းတွေတော့ ကြားတယ်။ ခိုင်မာတဲ့ သတင်းတွေတော့ တခုမှ မရသေးဘူး။ သူက သီပေါ မြို့နဲ့ဆို မိုင် ၂၀ ကျော်လောက် ဝေးတယ်။ သူက ကားလမ်းမဘေးလည်း မဟုတ်ဘူး။ အထဲဝင်ရတယ်”ဟု ပြောသည်။
ဦးစိုင်းခမ်းမောင်က ၎င်းကိုယ်တိုင်လည်း နားလော့ရွာ အခြေအနေများကို မေးမြန်းရန် ဖုန်းဖြင့် ဒေသခံများကို ဆက်သွယ်သော်လည်း မရသေးဟု ဆိုသည်။
နားလော့ကျေးရွာသည် သီပေါမြို့နယ်မှ လဲချားမြို့ဘက်သို့ သွားသည့် လမ်းတလျှောက်တွင် တည်ရှိပြီး ထိုဒေသတဝိုက်တွင် SSPP၊ RCSS တို့အပြင် တပ်မတော်၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့လည်း လှုပ်ရှားသည်။
နိုဝင်ဘာလ ၁၅ ရက်ကလည်း နားလော့ကျေးရွာနှင့် မန်ခိုက်ကျေးရွာ တို့အနီး တပ်မတော်နှင့် SSPP တို့ တိုက်ပွဲများ ဖြစ်ပွားသဖြင့် ဒေသခံ ၅၀၀ ကျော်မှာ နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
RCSS သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် SSPP အပြင် TNLA တို့နှင့် တဖွဲ့ချင်း တိုက်ပွဲများ ဖြစ်သည့်အပြင် ကျောက်မဲ၊ လားရှိုး၊ နမ္မတူမြို့နယ်တို့တွင်လည်း နယ်မြေအငြင်းပွားမှုများကြောင့် TNLA-SSPP ပူးပေါင်း တပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲ ဖြစ်ပွားလျက် ရှိသည်။
နမ္မတူမြို့နယ်အတွင်း၌လည်း နိုဝင်ဘာလ ၂၁ရက်နှင့် ၂၂ ရက်တို့တွင် RCSS နှင့် TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားထားပြီး ယနေ့ထိလည်း စစ်ရေးတင်းမာနေဆဲ ဖြစ်သည်ဟု RCSS ထံမှ သိရသည်။
RCSS သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစု ပင်လုံ အစည်း အဝေးများတွင် ပါဝင်ကာ နိုင်ငံရေးဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။
SSPP နှင့် TNLA တို့သည် NCA ရေးထိုးထားခြင်းမရှိပါ။ မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ် အခြေစိုက် လက်နက်ကိုင် အဖွဲ့များ ပူးပေါင်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) တွင် ပါဝင်ကာ အပစ်ရပ်စာချုပ်သစ် တခုကို ချုပ်ဆိုပေးရန် အစိုးရနှင့် ညှိနှိုင်းလျက်ရှိသည်။
ဆက်စပ်ဖတ်ရှုရန် – https://burma.irrawaddy.com/news/2018/11/19/175299.html သုံးပွင့်ဆိုင် တိုင်းရင်းသား လက်နက်ကိုင် တိုက်ပွဲများအကြား အရပ်သား တဦးသေဆုံး
https://burma.irrawaddy.com/news/2018/11/21/175424.html RCSS နှင့် TNLA တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ထွက်ပြေးနေရ
https://burma.irrawaddy.com/news/2018/11/22/175478.html တပ်မတော်က ခေါ်သွားသည့် အရပ်သားများ အဆက်အသွယ်ပြတ်နေ