မြန်မာပြည်၏ ပထမဆုံး ရဟန်းအမတ် ကာဒီနယ် ချားလ်စ် မောင်ဘိုကို အာရှ ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီးများ အဖွဲ့ချုပ် (FABC)၏ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံရပြီဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ရက်နေ့က ကျင်းပသည့် FABC၏ ဗဟိုကော်မတီ အစည်းအဝေးတွင် မြန်မာ ပြည်၏ ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ် ချားလ်စ် မောင်ဘို ကို ဥက္ကဋ္ဌ အသစ်အဖြစ် တင်မြှောက် ရန် ရွေးချယ်လိုက်ခြင်းဖြစ်ပြီး၊ ယင်းတာဝန်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ကာ ထမ်းဆောင်ရမည်ဟု သိရသည်။
ဆက်လေးရှင်း ဂိုဏ်းမှ ကာဒီနယ် ချားလ်စ်ဘိုသည် အိန္ဒိယနိုင်ငံ ဘုံဘေမြို့မှ ဂိုဏ်းချုပ်ဖြစ်သူ ကာဒီ နယ် အော့စ်ဝဲ ဂရေးစီး ယပ်စ်ထံမှ တာဝန်လွှဲပြောင်းယူမည်ဖြစ်သည်။
FABC အာရှကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီးများ အဖွဲ့ချုပ် ညီလာခံကို အာရှခရစ်ယာန် ဘုန်းတော်ကြီး ၁၉ ပါး ဖြင့်ကျင်းပသည်။ အဆိုပါအဖွဲ့ချုပ်၏ရည်ရွယ်ချက်မှာ အာရှရှိ လူ့အသိုင်း အဝိုင်းနှင့် ခရစ်ယာန်အသင်းတော်များ ကောင်းကျိုး ထမ်းဆောင်ရန်နှင့် တည်တံ့ခိုင်မြဲရန်ဖြစ်သည်။
အဖွဲ့ချုပ်၏ဆုံးဖြတ်ချက်သည် ဥပဒေအနှောင်အဖွဲ့ဖြင့် အတင်းအကျပ်စေခိုင်းခြင်းမရှိဘဲ တာဝန်သိ စိတ်ဖြင့် လက်ခံစေခြင်းဖြစ်သည်။
ဥက္ကဋ္ဌ အဖြစ် အရွေးချယ်ခံရသည့် ကာဒီနယ် ချားလ်စ်ဘိုကို စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်လှကျေး ရွာတွင် ၁၉၄၈ ခု အောက်တိုဘာ ၂၉ ရက်နေ့က မွေးဖွားပြီး ၁၉၆၂ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ပြင်ဦးလွင် အနီးစခန်းရှိ Nazareth Aspirantate of the Salesians Don Bosco တွင် လေ့လာဆည်းပူးသည်။
ထို့နောက် လားရှိုး ဆက်လေးရှင်းဂိုဏ်းတွင် ရဟန်းသိက္ခာ ခံယူပြီး၊ လွိုင်ခမ်းနှင့် လားရှိူးတို့တွင် ဘုန်းတော်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၁ ခုနှစ်အထိ ကျောင်းထိုင်ဘုန်းကြီးအဖြစ် တာဝန် ထမ်းဆောင်ရာမှ ၁၉၈၅- ၁၉၈၆ ခုနှစ်တွင် လားရှိုးသာသနာ၏ အုပ်ချုပ် စီမံခန့်ခွဲရေးမှူးဖြစ်လာသည်။
၁၉၉၀ ခုနှစ် ဒီဇင်ဘာတွင် လားရှိုး သာသနာ ဆရာတော်အဖြစ် သိက္ခာခံယူပြီး၊ လားရှိုးသာသနာ တာဝန်ခံ အကြီးအမှူး မွန်ဆီညှော်အဖြစ် တာဝန်ယူခဲ့၏။
၁၉၉၆ ခုနှစ်တွင် ပုသိမ်သာသနာသို့ ပြောင်းရွေ့ကာ တာဝန်ယူရပြန်သည်၊ ၂၀၀၂ ခုနှစ်တွင် အထက်မြန်မာနိုင်ငံ မန္တလေးဂိုဏ်းအုပ် သာသနာ စီမံခန့်ခွဲရေး တာဝန်စတင်ထမ်းဆောင် ခဲ့သည်။
ထိုနောက် ၂၀၀၃ ခုနှစ် ဇွန်လမှ စတင်ကာ ရန်ကုန်ကစ်သလစ်သာသနာ ဂိုဏ်းချုပ်ဆရာတော် ဖြစ်လာခဲ့ရာ ၂၀၁၅ ခုနှစ် တွင် ရဟန်းအမတ် (ကာဒီနယ်) အဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရွေးချယ်ခဲ့လေသည်။
ဆက်စပ်ဖတ်ရှု့ရန် – မြန်မာ ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ချားလ်စ် မောင်ဘို ဗာတီကန် အမတ် ဖြစ်ပြီ