စစ်ကိုင်းမြို့ရှိ ရာဇမဏိ စူဠာ ကောင်းမှုတော် စေတီအား ရွှေသင်္ကန်းမှ မူလ အတိုင်း ထုံးဖြူဖြူ ပြန်လည် ကပ်လှူရန် အဖြူရောင် ဆေးများ မှာယူထားကြောင်း ဂေါပက အဖွဲထံက သိရသည်။
ကောင်းမှုတော် စေတီအား အဖြူရောင်ဆေး ပြန်လည် ကပ်လှူမှုကို သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင် ဉာဏိဿရ ကိုယ်တိုင် ဦးစီးဆောင်ရွက်မည် ဖြစ်ကာ အီတလီနိုင်ငံမှ အဖြူရောင်ဆေး အမေရိကန် ဒေါ်လာ ၅ သောင်းဖိုး မှာယူထား သည်ဟု ဆိုသည်။
ဘုရား ဂေါပက အဖွဲ့မှ ဥက္ကဋ္ဌ ဦးတင်မျိုးလွင်က“သီတဂူ ဆရာတော်ကြီး ကိုယ်တိုင် ဦးဆောင်ပြီး အဖြုရောင်ဆေး ကပ်လှူ သွားမှာ ဖြစ်ပါတယ်။ ပညာရှင်တွေလည်း ပါဝင်မှာပါ။ အီတလီက လာတဲ့ဆေးရဲ့ ဂုဏ်သတ္တိက လေဝင်လေထွက် ရှိတယ်။ အဆင့်မြင့်တယ်။ ဒါကြောင့် အီတလီ ဆေးကို မှာတာ ဖြစ်ပါတယ်”ဟု ပြောသည်။
ကောင်းမှုတော် စေတီတော်ကြီးအား အဖြူရောင် ဆေးပြန်လည် ကပ်လှူ ပူဇော်နိုင်ရန် အတွက် ရန်ကုန်မြို့မှ သီတဂူ အင်ဂျင်နီယာ အဖွဲ့၊ ဘုရားဂေါပက အဖွဲ့၊ ရှေးဟောင်း ပညာရှင်များ၊ ဘုရား နှင့် သက်ဆိုင်သည့် ပညာရှင်များကို သီတဂူ ဆရာတော် ဘုရားကြီးက လုပ်ငန်း တာဝန်အသီးသီးများကို ခွဲဝေ ပေးထားကြောင်း သိရသည်။
“ဆရာတော်ကြီး ဆန္ဒကတော့ လက်ရှိ အင်္ဂတေတွေကို အရင်ဆုံး သန့်ရှင်းရေး လုပ်မယ်။ ပြီးရင် အောက်ခံဆေး အရင် သုတ် မယ်။ အောက်ခံဆေး ပြီးရင် အီတလီ နိုင်ငံထုတ် အဖြူရောင်ဆေး သုတ်မယ်ပေါ့နော်။ လက်ရှိ ရွှေဆေးနဲ့ တန်ဖိုး ညီမျှတဲ့ အဖြူရောင်ဆေး ပြန်လည် ကပ်လှူမှုကို အစီအစဉ် လေးမျိုးနဲ့ ပြုလုပ်သွားမှာပါ”ဟု ဦးတင်မျိုးလွင်က ဆက်လက် ပြော ဆိုသည်။
ကောင်းမှုတော် စေတီအား မူလ အတိုင်း ထုံးသင်္ကန်း ကပ်လှူနိုင်ရန် အတွက် စစ်ကိုင်း မြို့မိမြို့ဖအဖွဲ့မှ ဦးဆောင်၍ မြို့ခံ လူမှုရေး အဖွဲ့များနှင့် ဆွမ်းတော်ကြီး ဆက်ကပ် အဖွဲ့များ ပါဝင်သည့် အဖွဲ့ပေါင်း ၆၃ ဖွဲ့တို့က ဆန္ဒမဲ လက်မှတ် သဘော ထား ကောက်ခံမှုကို ယခုနှစ် ဇန်နဝါရီ ၁၂ ရက်က စတင်ပြုလုပ်ခဲ့ပြီး ကောက်ခံရရှိသည့် ဆန္ဒမဲ လက်မှတ်များကို ပြည်သူ့ လွှတ်တော်နှင့် အစိုးရ အဖွဲ့သို့ တင်ပြခဲ့ကြောင်း သိရသည်။
လက်ရှိ ရွှေဆေး သင်္ကန်းမှ အဖြူရောင်ဆေး ပြန်လည် ကပ်လှူရန် အတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့က အောက်တို ဘာ လဆန်းပိုင်းတွင် ခွင့်ပြုချက် ပေးထားပြီး ဖြစ်သည်ဟု ဆိုသည်။
စစ်ကိုင်း မြို့မိမြို့ဖအဖွဲ့မှ ဦးဇော်ဝင်းက“သာလွန်မင်း တရားကြီး လက်ထက် ကတည်းက ထုံးသင်္ကန်း ကပ်ခဲ့တာပါ။ သာ လွန်မင်းကြီး အနေနဲ့ ရွှေသင်္ကန်း ကပ်မယ် ဆိုရင် အဲဒီအချိန်ကတည်းက ကပ်လှူလို့ ရပေမယ့် အခုလို ထုံးသင်္ကန်း ကပ်ခဲ့ တာက ပြည်သူတွေ တတ်နိုင်တဲ့ ထုံးသင်္ကန်း ကပ်ပြီး ကုသိုလ်ရအောင်ရယ်၊ ထုံးဆိုတာ ကြာလာရင် ကျောက်လို မာကျော တဲ့ ဓာတ်သဘာဝ ရှိတော့ ခိုင်ခံ့မှုရှိစေအောင် လုပ်ခဲ့တယ်လို့ ယူဆပါတယ်။ အခုလို အဖြူရောင်ဆေး ကပ်လှူပြီး အရင်အ တိုင်း ပြန်လည် ဖူးမြော်ရမယ် ဆိုတော့ အတိုင်းမသိ ဝမ်းသာမိပါတယ်”ဟု ပြောသည်။
ကောင်းမှုတော် စေတီတော်အား အဖြူရောင်ဆေး ပြန်လည် ကပ်လှူမှု လုပ်ငန်းများကို နိုဝင်ဘာ လကုန်ပိုင်း၌ စတင် လုပ် ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကောင်းမှုတော် စေတီအား ရွှေသင်္ကန်း ကပ်လှူပူဇော်မှုကို ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် သြဝါဒ ဆရာတော် ဘုရားကြီး ငါးပါးထံ သြဝါဒ ခံယူပြီး ဒီဇင်ဘာလ ၂၃ ရက်မှ စတင်၍ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်ခြင်း လုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဖြူရောင်ဆေး ပြန်လည် ကပ်လှူမှုအတွက် စုစုပေါင်း ကုန်ကျငွေ အနေဖြင့် ကျပ်သိန်း ၃၀၀၀ ခန့်ကုန်ကျမည်ဟု ခန့် မှန်း ထားပြီး ယခင် ၂၀၀၀ ပြည့်နှစ်က စေတီတော် ရွှေဆေး သင်္ကန်းကပ်လှူ ရန် အလှူငွေ ကျပ်သိန်း ၇၀၀၀ ကျော်ရရှိ ခဲ့ပြီး သိန်းပေါင်း ၃၅၀၀ ကျော် အသုံးပြုခဲ့ရာ ပိုငွေကို ဘဏ်စာရင်းဖွင့်လှစ် အပ်နှံံထားခဲ့ကြောင်း ဂေါပက အဖွဲ့၏ မှတ်တမ်း များတွင် ဖော်ပြထားသည်။
ကောင်းမှုတော် စေတီ ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးအေးကိုက“စေတီတော်ကြီးမှာ လက်ရှိ ရွှေဆေးသင်္ကန်း ကပ်လှူ ထားတာကလည်း အများရဲ့ကုသိုလ်ကောင်းမှုတွေပါ။ ဂေါပကအဖွဲ့ ဆိုတာကတော့ ပြုပြင် ထိန်းသိမ်းဖို့ရာ အတွက်ပဲ တာ ဝန်ယူရတာပါ။ သြဝါဒ ဆရာတော်ကြီးများ၊ အစိုးရအဖွဲ့နဲ့ ပြည်သူ သဘောဆန္ဒအတိုင်း အားလုံးဖြစ်သင့်ရာကို လိုက်ပါ ဆောင်ရွက်ပေးသွားမှာ”ဟု ပြောသည်။
လက်ရှိ အချိန်တွင် ကောင်းမှုတော် စေတီ ဘဏ္ဍာငွေမှာ ကျပ် သိန်းပေါင်း တသောင်းကျော် ရှိကြောင်း ဂေါပက အဖွဲ့မှ သိရသည်။
ကောင်းမှုတော် စေတီတော်ကို မြန်မာ သက္ကရာဇ် ၉၉၈ ခုနှစ်တွင် ဒုတိယ အင်းဝခေတ် (ညောင်ရမ်းခေတ်)တွင် သာလွန် မင်း တရားကြီးက သီရိလင်္ကာမှ မဟာထူပါရုံ စေတီတော်ပုံစံ ယူ၍ မြတ်စွာဘုရားရှင်၏ လက်ဝဲဘက် အောက်စွယ်တော် နှင့် ဓာတ်တော် မွေတော် အစုံတို့အား ဌာပနာကာ တည်ထားကိုးကွယ်ခဲ့ပြီး ဉာဏ်တော်မှာ ၁၀၁ တောင်၊ လုံးပတ် ၅၀၂ တောင် ၂ မိုက် လေးသစ်၊ အုတ်ချပ်ရေပေါင်း ၁၀ သန်းခန့်ဖြင့် တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်သည်။
ကောင်းမှုတော် ဘုရားပွဲတော်များကို နှစ်စဉ် သီတင်းကျွတ် လပြည့်နေ့၊ သီတင်းကျွတ် လပြည့်ကျော် (၈) ရက်နေ့နှင့် တန်ဆောင်မုန်း လပြည့်နေ့တို့၌ ကျင်းပလျက် ရှိသည်။