ရခိုင်အရေး၌ နိုင်ငံတကာ မီဒီယာများ၏ သတင်း ဖော်ပြချက်များကြောင့် တိုင်းပြည်ပုံရိပ် ထိခိုက် နေရသည်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပ သတင်း မီဒီယာများကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အထင်အမြင် လွဲမှားမှုများ ရှိနေကြောင်း သတင်း ရရှိသည်။
ထိုသို့ ပြောဆိုရခြင်းမှာ ယမန်နေ့ ညပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်း မီဒီယာ ကောင်စီ အသစ်အား တည်ခင်းသည့် ဂုဏ်ပြု ညစာ စားပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များအရ ယခုကဲ့သို့ သုံးသပ်ရခြင်း ဖြစ်ကြောင်း ယင်းပွဲ သို့ တက်ရောက်ခဲ့သည့် သတင်းမီဒီယာ သမားများက ဧရာဝတီသို့ ပြောသည်။
“Social Media နဲ့ Mainstream မီဒီယာနဲ့ကို အတူတူပဲ ဆိုပြီး ပြောသွားတယ်။ ဘယ်သူက နိုင်မလဲ ဆိုတာကို စောင့်ကြည့်ရမယ် ပေါ့။ အဲဒါမျိုးပြောတယ်။ ကျနော်ထင်တာတော့ မီဒီယာတွေကို တော် တော်အထင်လွဲနေတာတော့ မြင်ရတယ်။ မီဒီယာဆိုတာ ကျင့် ဝတ် မရှိဘာမရှိနဲ့ ရေးချင်ရာရေး၊ ပြော ချင်ရာပြောဆိုတဲ့ ပုံမျိုးကို သူပြောသွားတယ်။ စိတ်မကောင်းဘူးဗျာ”ဟု ယင်းပွဲသို့ တက် ရောက်ခဲ့သူ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတွဲဖက် အတွင်းရေးမှူး ဖြစ်သူ ဦးသာလွန်ဇောင်းထက်က ပြောသည်။
လက်ရှိအနေအထားအရ ယုံကြည်မှု တည်ဆောက်နိုင်မည့် အဆင့်ကိုပင် မရောက်သေးဘဲ ဒေါ်အောင် ဆန်းစုကြည် အနေဖြင့် မီဒီယာကို နားလည်လာအောင် အရင် ကြိုးစားရဦးမည် ဖြစ်ကြောင်း၊ ယုံကြည် မှု တည်ဆောက်နိုင်ရန် တဖက်နှင့် တဖက် အပြန်အလှန် အသိအမှတ်ပြုရမည် ဖြစ်ရာ မီဒီယာများ၏ ရပ်တည်ချက်ကို အသိအမှတ် မပြု တော့သည့် ပုံမျိုး တွေ့ရကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် ရခိုင်အရေးတွင် နိုင်ငံတကာ သတင်းမီဒီယာများ ရေးသားဖော်ပြချက်များနှင့် ပြည်တွင်း၌ NLD အစိုးရနှင့် ပတ်သက်၍ ဝေဖန်များ၊ သတင်းရေးသားချက်များကို ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ကာလ များတွင် ခံခဲ့ရသဖြင့် သတင်း မီဒီယာအပေါ်တွင် သူ၏ ယုံ ကြည်မှု လျော့သွားသည်ဟု ထင်ကြောင်း အထက်ပါအခမ်းအနားတွင် ပါဝင်ခဲ့သူ ဦးမြင့်ကျော်က ပြောသည်။
“ကောက်နုတ်ပြောတာက ဂါးဒီယန်းက ဓါတ်ပုံတပုံက အမှားကြီးနဲ့ တင်တယ်ပေါ့။ BBC ကလည်း ဘာလွဲတယ်ပေါ့။ ပြည်တွင်းက မီဒီယာတွေကို နာမည်တပ် မပြောပေမယ့် ပြည်ပက ဟာတွေက အဲလို ဆိုတော့ Access to Information ပြောတော့ရော မီဒီယာက အမှန်ရေးမှာလားတဲ့။ အဲဒီလိုမျိုး သံသယ အရမ်းကြီးတဲ့ စကားမျိုးတွေကို ဝိုင်းမှာ ထိုင်ပြီး ပြောတာပေါ့။ အံသြဖို့ ကောင်းတယ်”ဟု သတင်းမီဒီယာ ကောင်စီဝင် ဦးမြင့်ကျော်က ပြောသည်။
၎င်းက ဆက်၍ “ဟိုဘက်တဝိုင်းကျတော့ မီဒီယာ literacy တု့ိ Access to Information တို့ ပြော တော့ ပြန်ငြင်း တာတွေ ရှိတယ်။ Access to Information ကျတော့ အပြောမခံတော့ဘဲ နောက် တဝိုင်းကို ရွေ့သွားတယ်။ အဲတော့ သိပ်ပြီးတော့ ဖွင့်ထားတာမျိုး မရှိဘူး။ အသေပိတ်ထားတယ်။ မိန့်ခွန်းမှာလည်း မီဒီယာကို ဂုဏ်ပြုတယ်။ အရေးကြီး တယ်ဆိုတာမျိုးလည်း သိပ်မပါဘူး။ တခွန်း ၂ခွန်း လောက်ပဲ။ သူဝတ္တရား ရှိလို့ လာတယ်လို့ပဲ ထင်တယ်”ဟု ပြောသည်။
ယင်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းကမူ ဒေါ်အောင်ဆန်း စုကြည်သည် သတင်းမီဒီယာ၏ သြဇာကြီးမားမှု၊ ဒီမိုကရေစီ ပေါ်ထွန်းရေး၌ အရေးပါခဲ့မှုနှင့် နိုင်ငံ တကာ မီဒီယာများ၏ မမှန်မကန် ပုံဖော် ရေးသားခဲ့မှု များကို ကောင်းကောင်းသိရှိသူ တဦးဖြစ်သလို မီဒီယာအပေါ်တွင် အထင်အမြင် လွဲမှားမှုလည်း မရှိကြောင်း၊ မီဒီယာများ အနေဖြင့်လည်း ဒေါ်အောင် ဆန်း စုကြည်သည် အတိုက်အခံခေါင်းဆောင်တဦး မဟုတ်တော့ ဘဲ နိုင်ငံခေါင်းဆောင်တဦး ဖြစ်နေပြီ ကို နားလည်ပေးရန် လိုကြောင်း ပြောသည်။
“သူက Media friendly ဖြစ်တဲ့ ပုဂ္ဂိုလ်ပါ။ အခုက အလုပ်တာဝန်တွေ များပြားတယ်။ အားလုံး သိတဲ့ အတိုင်းပဲ။ သူ့ ကျန်းမာရေး၊ သူ့ အသက်အရွယ်၊ သူ့တာဝန်တွေကြောင့် မီဒီယာနဲ့ ထိတွေ့မှု ကင်းကွာ မှု တော့ရှိပါတယ်။ မီဒီယာ တွေကလည်း အရမ်းများလာတယ်။ နောက်ပိုင်းမှာတော့ ပိုပြီးတော့ ထိတွေ့ဖို့ လိုပါတယ်။ ပိုထိတွေ့ မှလည်း နားလည် မှု ပိုရှိလာမှာပေါ့”ဟု ဦးအောင်လှထွန်းက ဧရာဝတီသို့ ပြောသည်။
ယင်းအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်သည် ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောဆိုရာတွင် ဆိုရှယ်မီဒီယာ လူမှုကွန်ရက်နှင့် သတင်းဌာနများသည် အားပြိုင်နေပြီး မည်သူနိုင်မည်ကို အလွန် စိတ်ဝင်စားကြောင်း၊ မည်သည့် မီဒီယာက ကမ္ဘာကြီးအား အကျိုး ပြုမည် ဆိုသည်ကို သိချင်ကြောင်း ပြောသည်။
“ဆိုရှယ်မီဒီယာနဲ့ ပရော်ဖက်ရှင်နယ် မီဒီယာက ဘယ်ဘက်က ပိုပြီးတော့ အလေးသာလဲ။ ဘယ်ဘက် ကို လူတွေက အားသန်ပါလဲ။ ဘယ်ဘက်ကို လူတွေက ဦးညွတ်လာလဲဆိုတာ ကျမ ပိုပြီးတော့ စိတ်ဝင် စားပါတယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။
သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင်များသည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်သာမက သမ္မတ ဦးဝင်းမြင့် နှင့်လည်း တွေ့ဆုံခဲ့ကြရာ ၎င်းတို့ ၂ ဦး၏ မီဒီယာပေါ်တွင် ထားရှိသည့် သဘောထားတွင် သမ္မတ ဦးဝင်းမြင့်၏ ပိုမိုပျော့ပြောင်းပြီး မီဒီယာကို ပိုမို အသိအမှတ်ပြုသည့် သဘောမျိုး တွေ့ရကြောင်း သတင်းမီဒီယာ ကောင်စီဝင်တချို့က ပြောပြသည်။
“သေချာတာကတော့ ကြည်ကြည်လင်လင် မရှိဘူး။ ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့ သတင်းဖော်ပြ မှုတွေက နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်တယ် ဆိုတာမျိုး သူပြောတယ်။ သတင်း မီဒီယာအပေါ်မှာ သူ့ရဲ့ ယုံကြည်မှု Trust က တော်တော် ကျနေတယ်ဆိုတာကို သူ့ရဲ့ စကားတွေအရ သိရတယ်။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ မီဒီယာအပေါ် အမြင်က သိသိ သာသာကို ပြောင်းသွားတယ်”ဟု သတင်း မီဒီယာ ကောင်စီဝင် ဒေါ်သူဇာက ပြောသည်။
မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်ထံတွင် ပြတ်သားသည့် သဘောထားမျိုး မတွေ့ ခဲ့ရကြောင်း၊ မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ဆွေးနွေးခွင့်လည်း မရခဲ့သလို ၎င်းကိုယ်တိုင်က ယင်းကိစ္စကို ဇောင်းပေးပြီး ပြောချင်ပုံ မရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“သမ္မတကျတော့ အဲလို မဟုတ်ဘူး။ ဒါဟာ လိုအပ်နေသေးတယ်ဆိုတာကို သူ့ရဲ့ စကားတွေ အရ သိရတယ်။ သမ္မတက ပိုပြီးတော့ သဘောထား ပျော့ပြောင်းတယ်။ မီဒီယာအပေါ်မှာ သူ့ရဲ့ မျှော်လင့် ချက် ယုံကြည်မှုတွေ ရှိနေတုန်းပဲ။ မနေ့က မိန့်ခွန်း ၂ ခုကို ယှဉ်ကြည့်ရင် အရမ်းသိသာတယ်”ဟု ဒေါ်သူဇာက ဆိုသည်။
ရခိုင်အရေးတွင် မီဒီယာများ၏ ရေးသားချက်များကြောင့် တိုင်းပြည် ထိခိုက်မှု ရှိသည်ဆိုလျှင် ယင်း ကိစ္စကို ကျော်လွှား မည့် မူဝါဒမျိုး အစိုးရတွင် ရှိသင့်ကြောင်း၊ ယခုလို နိုင်ငံ့ ခေါင်းဆောင်သူတဦး၏ မီဒီယာအပေါ် အမြင်သည် မကောင်းပါက တိုင်းပြည် ထိခိုက်နိုင် ပြီး နောက်ပိုင်းတွင် သတင်းရယူခွင့် နည်းသွားနိုင်ပြီး သတင်းအမှားများ ပိုမိုများပြားလာနိုင်ကြောင်း မြန်မာ ဂျာနယ်လစ်ကွန်ရက်မှ ဦးဆောင်သူတဦးဖြစ်သူ ဦးမြင့်ကျော်က သုံးသပ်သည်။
ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းကမူ ကျင့်ဝတ်နှင့် မညီသည့် ရေးသားချက်များ ကို အွန်လိုင်း လူမှုကွန်ရက်များတွင်သာမက Mainstream မီဒီယာများ တွင်ပါ ဖော်ပြ လျက် ရှိရာ ယင်းအပေါ်တွင် ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် စိုးရိမ်မှု ရှိကြောင်း၊ သတင်းမီဒီယာများ၏ ကျင့်ဝတ်နှင့်မညီ၊ မမျှတသည့် သတင်းဖော်ပြချက် များကြောင့် နိုင်ငံ၏ ပုံရိပ် ကျဆင်းခဲ့ရသည်ကို ၎င်းအနေဖြင့် သိရှိထားပြီး ဖြစ်ကြောင်း ပြန်ကြားရေး ဒုဝန်ကြီးက ပြောသည်။
“သူကိုယ်တိုင်ကလည်း သြဇာကြီးမားတဲ့ မီဒီယာတချို့ရဲ့ Misquote လုပ်ခြင်းကို ခံခဲ့ရတယ်နော်။ တချို့ မီဒီယာ တွေက မမှန်ကန် တဲ့ သတင်းတွေကို ရေးသားခဲ့ကြတယ်။ အမှန်ကိုလည်း မပြင်ကြဘူး။ ကမ္ဘောဒီးယားက ကလေး လေး တယောက်ကို အနောက်နိုင်ငံက ခရီးသွား ၂ ယောက်က နှိမ့်စက်နေ တာကို ဗမာပြည်က ဒုက္ခသည်စခန်းကို ကလေးကို လုပ်နေတယ်ဆိုတဲ့ ပုံစံမျိုး ဂါးဒီးယန်းက ရေးတယ်။ အဲဒါအမှန်ပဲ။ အမှန်ကိုကျ Report မလုပ်တော့ဘူး”ဟု ဒုဝန်ကြီး ဦးအောင်လှထွန်းက ပြောသည်။
မနေ့က သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းမီဒီယာကောင်စီ၏ ကတိသစ္စာပြု အခမ်းအနား တွင် မီဒီယာများ၏ လွတ်လပ်မှု ကို မှန်ကန်စွာ ကျင့်သုံးသလို လွပ်လပ်မှုနှင့် ဒွန်တွဲလျက် ရှိသည့် တာဝန်ယူမှုကိုလည်း သတိချပ်စေလို ကြောင်း သမ္မတ ဦးဝင်းမြင့် က မိန့်ခွန်းပြောကြားရင်းဖြင့် သတိပေးခဲ့သည်။
“ကျနော်တို့ အနေနဲ့ ဆွေးနွေးပြောဆို ငြင်းခုံမှု၊ အကျိုးအကြောင်းနဲ့ ဝေဖန်ထောက်ပြမှုတွေ မရှိရင် ဒီမိုကရေစီ မရှိနိုင်ဘူးဆိုတာ လက်ခံထားပါတယ်။ ဝေဖန်ထောက်ပြတဲ့အခါမှာလည်း ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ပန်းတိုင် ရောက်ရှိရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးကို ဦးတည်ပြီး အပြုသဘော ဖြစ်စေလိုပါတယ်”ဟု သမ္မတက ပြောဆိုခဲ့သည်။
သမ္မတနှင့် တွေ့ဆုံရာတွင် Eleven သတင်းဌာနက နိုင်ငံတော်သမ္မတထံ တင်ပြသည့် စာ ၁ စောင်၊ Reuters သတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့၏ ဇနီးတို့ တင်ပြသည့် အသနားခံစာ ၁ စောင်၊ ထောင်သွင်းအကျဉ်းကျခံနေရသော ဒုရဲမှူး မိုးရန်နိုင်၏ ဇနီး မတူးက တင်ပြသည့် အသနားခံစာ ၁ စောင် စုစုပေါင်း ၃ စောင်ကို သမ္မတ ဦးဝင်းမြင့်၏ လက်ဝယ်ထံသို့ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
သတင်းမီဒီယာ ကောင်စီဝင် ဦးသာလွန်ဇောင်းထက်က “ကျနေ်ာတို့ နားလည်ထားတာက ဒေါ်အောင်ဆန်းစုကြည်က အခရာပဲ။ ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးတဲ့ Decision Maker ဖြစ်တဲ့အတွက် သူက မီဒီယာကို ဒီလို မြင်နေတာက တိုင်းပြည်အတွက် ပြဿနာ ရှိတယ်။ အဲဒီတော့ သတင်းထောက် ၂ ယောက် လွတ်ဖို့ ကိစ္စတို့ သတင်းလွတ်လပ်ခွင့်ကိစ္စတို့မှာ တော်တော် ကြိုးစားရဦးမယ်”ဟု ဧရာဝတီသို့ ပြောဆိုခဲ့သည်။