နေပြည်တော်နယ်နိမိတ်ရှိ သစ်ပင်၊ ပန်းပင်များ ရေလောင်းစရိတ် တလ သိန်း ၁ထောင်ကျော် ကုန်ဟုဆို
နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ လမ်းဘေးဝဲယာနှင့် လမ်းလယ်ကျွန်းများရှိ သစ်ပင်၊ ပန်းပင် များ လှပစေရေးအတွက် ရေလောင်းသည့် ကုန်ကျစရိတ် မှာ တလလျှင် သိန်း ၁ ထောင်ကျော် ရှိ ကြောင်း သိရသည်။
ပန်းပင်များ ပြုပြင်ခြင်းနှင့် ရေလောင်းခြင်း လုပ်ငန်းကို ၁၁ ခုခွဲထားပြီး၊ ကုမ္မဏီ ၁၀ ခု ကို တင်ဒါပေး ကာ ကျန်တခုကို စည်ပင်သာယာ ဌာနမှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်းသစ်ပင် ပန်းပင် များအား တနှစ်လျှင် ရေလောင်းသည့် ကာလ ခြောက်လ သတ်မှတ်ထားသည်။
ပန်းဥယျာဉ်နှင့် အားကစားကွင်း ဌာနမှူး ဦးမိုးကျော်စွာက “ပုံမှန် ကုမ္ပဏီတခု ရေမလောင်းရတဲ့ ကာလမှာ ပြုပြင် ထိန်း သိမ်း စရိတ်က သိန်း ၁၅၀ ပတ်ဝန်းကျင်လောက် ရှိတယ်။ ရေလောင်းကာလ မှာဆိုရင် သိန်း ၂၅၀ လောက်ရှိတယ်။ ခြားနားကြည့်မယ်ဆိုရင် တလ တလကို သိန်း ၁၀၀ ဖိုးလောက် ရေလောင်းရတဲ့ အနေအထားပေါ့” ဟု ပြောသည်။
ရေလောင်းရန် မလိုသည့် မိုးတွင်းကာလ ကုမ္ပဏီတခု၏ တလ ပြုပြင်ထိန်းသိမ်း ရေးစရိတ် ကျပ်သိန်း ၁၅၀ ခန့်ရှိပြီး လုပ် ငန်းလုပ်ကိုင်နေသူ ၁၁ ဦး ရှိသဖြင့် တလလျှင် ကျပ်သိန်း ၁,၆၀၀ ကျော်ကုန်ကျ နေကြောင်း၊ ရေလောင်းရသည့် ကာလ၌ ရေလောင်းစရိတ်ပါ ထည့်သွင်းတွက်ချက်ပါမူ တလလျှင် စုစုပေါင်း သိန်း ၂၇၀၀ ကျော်ရှိကြောင်း သိရသည်။
ထို့ကြောင့် နေပြည်တော် ကောင်စီ ၈ မြို့နယ်၌ စည်ပင်ဌာန အပါအဝင် ပန်းပင် ရေလောင်း လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီ ၁၀ ခု၊ စုစုပေါင်း ၁၁ခုရှိသဖြင့် ရေလောင်းသည့် လုပ်ငန်းတခုတည်း အတွက် စုစုပေါင်း ကျပ်သိန်း ၁၀၀၀ ကျော် ကုန်ကျကြောင်း ဦးမိုးကျော်စွာက တွက်ပြသည်။
ခြောက်သွေ့ရာသီဖြစ်သည့် ဒီဇင်ဘာ လမှ မေလအထိ ၆ လ ကို သစ်ပင်၊ ပန်းပင်၊ မြက်ခင်းများ နှင့် လမ်းလယ်ကျွန်း များ ကို ရေလောင်းသည့် ကာလမှာ သတ်မှတ်ထားပြီး ၊ ကျန်သည့် လများတွင် ပေါင်းသင် ၊ မြေဆွ၊ မြက်ဖြတ် အစရှိသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဦးနေထက်ဝင်း ကလည်း မြို့ကို စိမ်းလန်း စိုပြေအောင် လုပ်တာက ကောင်းပါတယ်။ ကုန်ကျစရိတ်နဲ့ ပြန်တွက် မယ်ဆိုရင် လေလွင့် ဆုံးရှုံးမှု မရှိအောင်လုပ်ဖို့တော့ လိုပါတယ် ” ဟု ဆိုသည်။
တာဝန်ယူ လုပ်ဆောင်နေသည့် ကုမ္မဏီများကို ငွေကြေးပမာဏဖြင့် သစ်ပင် ပန်းပင်များကို ရေတွက် ပြီး လုပ်ကွက်အလိုက် တန်ဖိုးများကို အတတ်နိုင်ဆုံး တူညီအောင် ချပေးထားကြောင်းနှင့် အဆိုပါ ကုန်ကျစရိတ်များကို နေပြည်တော် စည်ပင် သာယာရေးကော်မတီမှ စိုက် ထုတ် အသုံးပြုကြောင်း သိရသည်။
ဦးမိုးကျော်စွာက “သစ်ပင်ကြီး တပင်ဆိုရင် တနေ့ ရေ ၂ ဂါလံ နှုန်းနဲ့ ရေလောင်းပြီး ၊ မြက်ခင်းကို ၁၀ ပေပတ်လည် တကျင်းကို ရေ ၂ ဂါလံ နှုန်းနဲ့ လောင်းပြီး၊ အဲ့ဒါကို စက်သုံးဆီဖိုး နဲ့ သတ်သတ် တွက် ပြီးမှ ကုန်ကျစရိတ်ကို ဌာနက ပေးချေတာဖြစ်ပါတယ်” ဟုပြောသည်။
စည်ပင်ဌာနက လုပ်ကွက်တခု တာဝန်ယူဆောင်ရွက်ရခြင်းသည် ကုမ္ပဏီများနှင့် နှိုင်းယှဉ်၍ အား နည်းချက်၊ အားသာ ချက်များ ဖော်ထုတ်ပြီး စီစစ်နိုင်ရန်ဖြစ် ကြောင်း ၎င်းကရှင်းပြသည်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက “ဒီလို ဘတ်ဂျက်ကို သုံးပြီး နေပြည် တော်ကိုပဲ သီးသန့် လုပ်မယ်ဆိုရင်တော့ တိုင်းရင်းသားတွေ အမြဲပြောနေတဲ့ တန်းတူ ညီမျှမှု၊ ဖက်ဒရယ်ကိုသာ သွားနေတယ် ဖက်ဒရယ် မူနဲ့ မကျင့်ကြံဘူးလို့ ကျမ အနေနဲ့ အဲ့လိုပဲ မြင်ပါတယ်” ဟုပြောသည်။
လွှတ်တော်ကိုယ်စားလှယ် တဦးသည် ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် တနှစ်လျှင် ကျပ်သိန်း ၁၀၀၀ ရရှိ ကြောင်း၊ ယင်းငွေကို အသုံးပြုမည်ဆိုပါက လုပ်ငန်းတခုလျှင် ကျပ်သိန်း ၅၀ ထက် ပို၍ သုံးမရ ကြောင်း၊ ပို၍ သုံးလိုပါက ပြည်သူများ၏ ထည့် ဝင် ကြေးဖြင့်သာ အကောင်အထည်ဖော် ရကြောင်း၊ ကျေးရွာများတွင် ငွေကျပ် ၃၅သိန်း အကုန်ခံပါက စာကြည့်တိုက်တတိုက် ဖွင်နိုင်ကြောင်း ၎င်းက နှိုင်းယှဉ်၍ ပြောကြား ဝေဖန်သည်။
ပျဉ်းမနားမြို့မှ ပြည့်သူလွှတ်တော် ကိုယ်စားလှယ် ဦသန်းစိုးအောင်ကလည်း “အခုလို အကုန်ကျခံပြီး ရေမလောင်းရင် လည်း အပင်တွေက သေကုန်မှာပဲ ။ အဲ့ဒီတော့ ကုန်ကျစရိတ် သက်သာမယ့်နည်းနဲ့ မြို့တော် သာယာအောင် လုပ်တာ ကောင်းပါတယ်” ဟု ပြောသည်။
တပ်ကုန်းမြို့မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင့်ကလည်း နေပြည်တော်တွင် မြင်သာ သည့် အသုံးစရိတ် များမှာ သစ်ပင်ပန်းပင်များ ရေလောင်းခြင်း ၊ လမ်းဘေး ပလက်ဖောင်းများကို ဆေးသုတ်ခြင်း လုပ်ငန်းများမှာ မြင်သာသည့် အသုံးစရိတ်များ ဖြစ်ကြောင်းဆိုသည်။
နေပြည်တော်ကို ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိ မြို့နယ်တို့ကို ဗဟိုပြု၍ လယ်ဝေးမြို့၊ တပ်ကုန်းမြို့နှင့်ပျဉ်းမနားမြို့တို့ဖြင့်ဝန်းရံဖွဲ့စည်းထားပြီး စုစုပေါင်းဧရိယာအကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း(၂၇၄၈.၆၁) ကျယ်ဝန်းပြီး ၊ ရန်ကုန်မြို့နှင့် (၂၀၃) မိုင်ကွာဝေးပြီး မန္တလေးမြို့နှင့် မိုင် (၁၅၀) ကျော်သာ ကွာဝေးသည်။