နေရပ်စွန့်ခွာသူများကြောင့် ဘင်္ဂလားဒေ့ရှ်တွင် NGO Business စီးပွားရေး ဖြစ်ထွန်းနေ၍ မြန်မာသို့ မပြန်ရန် တားမြစ်မှုများရှိနေခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
နေပြည်တော် သမ္မတရုံးတွင် နိုဝင်ဘာလ ၂၄ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်၎င်းက ထိုသို့ပြောခြင်း ဖြစ်သည်။
အချို့သော NGOများမှာ နေရပ်စွန့်ခွာသူများနှင့် ပတ်သက်၍ အခိုင်အမာအဆောက်အဦ ဆောက်လုပ် နေထိုင်ကာ NGO Business လုပ်ခြင်း၊ စားနပ်ရိက္ခာ တင်သွင်း ရောင်းချခြင်းကဲ့သို့ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေခြင်းလည်း ရှိနေ ကြောင်း ၎င်းက ဆိုသည်။
“ပြောရရင် စားနပ်ရိက္ခာ တင်သွင်းရောင်းချတာတွေလည်း အများကြီးဖြစ်တယ်။ အဲ့ဒီမှာ ဈေးကွက် ကြီးတစ်ခု ဖြစ်နေတယ်။ အဲ့ဒီတော့ INGO တွေက မြန်မာနိုင်ငံ မပြန်စေချင်ဘူး။ မပြန်မှ သူတို့ ကြာ ကြာ ပရောဂျက်တွေ လုပ်ရမယ်။ ကျန်းမာရေး၊ ကလေးသူငယ်၊ အမျိုးသမီးရေး၊ ဒါမျိုးတွေ အများ ကြီးပဲ ။ ဆိုလိုတာက ဒီဟာသည် တကယ့်ကို Businuss အကြီးကြီးတစ်ခု ဖြစ်နေတဲ့အတွက်ကြောင့် INGO တွေက IDP က လူတွေကို မပြန်ဖို့ ပြောတာ။အဲ့ဒီမှာ ပြဿနာတက်နေတာ” ဟု ဦးဇော်ဌေးက ပြောသည်။
မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းဖြစ်စဉ်ကြောင့် NGO၊ INGO များအားကောင်းလာပြီး NGO Business များ ကြီးမားစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ အလှူရှင်များ၏ ကူညီထောက်ပံ့မှုများသည် ၃၀ ရာခိုင်နှုန်းခန့်သာ ပြည်သူများလက်ဝယ်သို့ ရောက်ရှိပြီး အငြင်းပွားဖွယ်ရာများဖြစ်ခဲ့ကြောင်းလည်း ဦးဇော်ဌေးက ဥပမာပေး ပြောကြားသည်။
နေရပ်စွန့်ခွာသူများအရေးတွင် NGO၊ INGO များ၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိ နေသည်ကို တွေ့ရ ကြောင်း Myanmar Institute for Peace and Security မှ အလုပ်အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောသည်။
“ကျနော်တို့ မြင်နေရတာက လူ့အခွင့်အရေးဆိုင်ရာ တချို့ NGO တွေကျတော့ မြန်မာပြည်ပြန်ရင် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းတွေ၊ နိုင်ငံသားဖြစ်ခွင့်တွေ မရှိဘဲ မပြန်သင့်ဘူးလို့ ပြောကြတဲ့သူတွေ ရှိတယ်။ တချို့ NGO တွေ ကျတော့လည်း ပြန်လာရင် အရင်လို ပုံစံမထားသင့်ဘူး။ လွတ်လွတ် လပ်လပ်သွားခွင့်ရှိမှ ပြန်လို့ ပြောကြာတာတွေလည်း ရှိပါတယ်။ ဒီလိုပြောတဲ့သူတွေ ရှိတဲ့အတွက် NGO တွေ ကြားမှာလည်း အမြင်ခြင်းကတော့ မတူဘူးပေါ့နော်” ဟု ဒေါက်တာ မင်းဇော်ဦးက ပြောသည်။
ယခင်ကတည်းကပင် နေရပ်စွန့်ခွာသူများက မြန်မာနိုင်ငံ ပြန်လာရေး စဉ်စားမှုများရှိနိုင်ကြောင်း၊ NGO များ၏ ငွေရေး ကြေးရေးနှင့် စီးပွားရေးကဏ္ဍများအပေါ်တွင်မူ တစုံတရာမှတ်ချက်မပြု လိုကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောဒေသများတွင် လွန်ခဲ့သည့် ၁၀နှစ်ကျော်ကာလတည်းက INGO၊ NGO များ ရောက်ရှိခဲ့ပြီး ၎င်းတို့၏ ပယောဂကြောင့် ရခိုင်ပြည်နယ်တွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်မှ ယခုအခြေအနေအထိ ရောက်ရှိခဲ့ရကြောင်း၊ နေရပ်စွန့်ခွာသူများအား မြန်မာ နိုင်ငံ မပြန်ရန် NGO များက တားမြစ်သည်ဆိုခြင်းသည် ဖြစ်နိုင် ကြောင်း ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။
“စပွန်ဆာတွေ မတည်ပေးလိုက်တဲ့ ငွေတွေက ပြည်သူတွေဆီကို တဝက်လောက်တောင် မရောက်ပါ ဘူး။ သူတို့က စာရင်းနဲ့၊ ဓာတ်ပုံမှတ်တမ်းတွေနဲ့ပဲ အထက်ကို ယုံကြည်အောင် ပြောကြတယ်။ ဒီလို မျိုးနဲ့ ပရောဂျက်တခုပြီးတခု လုပ်စား နေကြတာဖြစ်ပါတယ်။ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ရင် ပိုပြီး တော့အခွင့်အရေးရတာပေါ့ နိုင်ငံတကာကလည်း ထောက်ပံ့ချင် သူတွေက တအား အထောက်အပံ့ ရှိတာကိုး”ဟု ၎င်းက ဆိုသည်။
သို့ရာတွင် မြန်မာနိုင်ငံသို့ နေရပ်စွန့်ခွာသူများ ပြန်မလာနိုင်ခြင်းမှာ အခြားသော အကြောင်းအရာများ စွာ ရှိနေသေးကြောင်း လည်း ၎င်းက ဆိုသည်။
“တကမ္ဘာလုံးရဲ့ဖိအားအပေါ်မှာ လှေကြုံစီးဖို့ပေါ့။ ရိုဟင်ဂျာရမှ၊ နိုင်ငံသားအခွင့်အရေးပေးမှ အိမ်ပြန် ဆောက်ပေးဖို့ စသည်ဖြင့် တောင်းဆိုချက် ၁၀ချက်ရှိတယ်။ အဲဒီ ၁၀ချက်ကို မရရင်လည်း မပြန်ဘူး ဆိုတာ သူတို့ရဲ့ တိုက်ကွက်တခုပေါ့။ အာဆာ အကြမ်းဖက်သမားတွေက သူတို့ မပြန်ရဲအောင် ခြောက်လှန့်ထားတာလည်း ရှိတယ်” ဟု ဦးဖေသန်းက ပြောသည်။
NGO၊ INGO များအနေဖြင့် ရခိုင်ပြည်နယ်အရေး ဘင်္ဂလီအရေးနှင့် ပတ်သက်၍ မရိုးမသား ပြုလုပ် နေသည်မှာ ကြာပြီဖြစ်ပြီး အစိုးရအနေဖြင့် မျက်ခြေပြတ်ခဲ့သဖြင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်နှင့် ၂၀၁၇ခုနှစ် သြဂုတ် ၂၅ ရက်တို့၌ အကြမ်းဖက် တိုက်ခိုက်မှု များ ဖြစ်ပွားပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် ဘက်သို့ သိန်းနှင့်ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးမှုများဖြစ်ပေါ်ခဲ့သည်။
ထို့နောက် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးအတွက် မြန်မာ ဘင်္ဂလားဒေ့ရှ်အကြား ဆွေးနွေး မှုများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံသဘောတူညီချက်အရ သတ်မှတ်ထားသော ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်၍ အဆင်သင့်ဖြစ် နေခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ လွှဲပြောင်းပေးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။
နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးအပိုင်းများအတွက် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ၌ လက်မှတ် ရေးထိုးခဲ့ကာ ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် နေရပ်စွန့်သူများကို လက်ခံရန် ရခိုင်ပြည်နယ်တွင် စခန်းနှစ်ခုဖွင့်လှစ်စောင့် ဆိုင်းခဲ့သော် လည်း ပြန်လာသူ မရှိ၍ ပြန်လည်လက်ခံရေးအစီအစဉ်ကို ဒီဇင်ဘာလကုန်အထိ ရွေ့ဆိုင်းလိုက်ပြီး မြန်မာ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ဦးဇော်ဌေးက ပြောသည်။