သတင်း

တောင်ကုတ်မြို့မ စခန်းမှူး ရေတွင်းထဲကျ သေဆုံး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မစခန်းမှူး ဒု ရဲမှူး သိန်းထွန်းနိုင်သည် ယနေ့ နံနက် ၇ နာရီ ၃၀ မိနှစ် အချိန်ခန့်က စခန်း အတွင်းရှိ ရေတွင်းထဲသို့ ကျ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူ မြို့မစခန်းမှူး ဒုရဲမှူး သိန်းထွန်းနိုင်သည် တောင်ကုတ်စခန်းသို့ ပြောင်းရွေ့တာဝန်ကျလာ သည်မှာ ၈ လ ခန့်ရှိပြီဖြစ်သည်။

တောင်ကုတ်မြို့မစခန်းမှ ဒုရဲအုပ် တိုးဇော်အောင်က “ ဒီနေ့ မနက် ၇ နာရီ ၃၅ လောက်က ဖြစ်တာပါ။ စခန်းထဲက ရေတွင်း မှာ မတော်တဆ ပြုတ်ကျပြီး သေဆုံးတာသွားပါ။ ယူနီဖောင်းနဲ့တော့ မဟုတ် ဘူး။ အရပ်ဝတ်နဲ့ ဒီတိုင်းပဲ သူ့ဟာသူ မတော် တဆ ရေတွင်းထဲကို ပြုတ်ကျပြီး သေဆုံးသွားတာပါ။ အလောင်းကိုတော့ ကျနော်တို့ ဆေးရုံးကို ပို့ထားပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

သေဆုံးသူ မြို့မရဲဋ္ဌာန စခန်းမှူးမှာ ဌာနတွင်း ခုံရုံးဖွဲ့ စစ်ဆေးခံနေရသူဖြစ်ကြောင်း တောင်ကုတ် ဒေသခံများ အကြား သတင်းများထွက်ပေါ်နေသည်။

သို့သော် ဒုစခန်းမှူး ဖြစ်သူ ရဲအုပ်ချစ်ထွန်းကမူ “ဒီနေ့ မနက် ၇ နာရီကျော်ကျော်လောက်က စခန်းမှူး ပျောက်သွားလို့ ကျနော်တို့ လိုက်ရှာတဲ့ အခါ သူ့ဖိနပ်ကို ရေတွင်းနားမှာ တွေ့ပါတယ်။ ရေတွင်းထဲကို ဆင်းရှာတော့ သူ့အလောင်းကို တွေ့တာပါ။ အဲဒါနဲ့ ဆေးရုံကိုပို့တယ်။ ရေနစ်သေဆုံးကြောင်းကို ဆေးရုံက အတည်ပြုပါတယ်။ အပြင်မှာ ပြောနေကြ သလိုတော့ မဟုတ်ပါဘူး” ဟု ပြောသည်။

ယင်းတောင်ကုတ် မြို့မစခန်းမှူး ဒုရဲမှူးသိန်းနိုင်ထွန်း သေဆုံးခြင်းနှင့်ပတ်သက်ပြီး ၎င်းစခန်းတွင် သေမှု /သေခင်းဖြင့် ဖွင့်ပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကြောင်းလည်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းသည်လည်း တောင်ကုတ်မြို့နယ် သို့ ရောက်ရှိနေပြီး၊ ရဲတပ်ဖွဲ့မှူး ကြည်လင်း ရောက်ရှိ နေခြင်းမှာ ဌာနများ၏ လုပ်ထုံး၊ လုပ်နည်းအရ စခန်းများကို ပုံမှန် စစ်ဆေးကြည့်ရှု့ရန် ရောက်ရှိနေခြင်း ဖြစ်ကြောင်း တောင်ကုတ် မြို့မစခန်းမှ တာဝန်ရှိ သူများက ပြောသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ပေါက်တောမြို့မရဲစခန်းမှ ရဲတပ်သား အောင်မြင့် သိန်းသည် စခန်းရှိ လူပျိုဆောင်တွင် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်ပြီး သေဆုံးမှု တခုဖြစ်ပွားခဲ့သည်။

Loading