အတူတကွ ယှဉ်တွဲနေထိုင်ရေးနည်းကို လက်ခံမှသာ ရှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရေးကို ဆွေးနွေးမည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က သူ၏ သဘောထားကို ဧရာဝတီသို့ ထုတ်ဖော်ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ ၊ နမ္မတူ နှင့် သီပေါမြို့နယ်တို့အတွင်း RCSS သည် တအန်း(ပလောင်) အမျိုး သား လွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA) တို့နှင့် တိုက်ပွဲများဖြစ်ပွားကာ စစ်ရေးတင်းမာမှုများ ရှိနေသည့်အပေါ် RCSS/SSA ဘက်မှ ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဦးက “အမှန်ဆိုရင် အဲဒီနယ်မြေတွေမှာ ဘယ် ဘက်ကသွားသွား ဘယ်ဘက်ကနေနေ နေလို့ ရရမယ်” ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး ရှမ်းပြည်မြောက်ပိုင်းတွင် မည်သည့် လက်နက်ကိုင်တပ်ဖွဲ့က မည်သည့်ဧရိယာ ကို နယ်မြေစိုးမိုး လှုပ်ရှားပိုင်ခွင့်ရှိသည်ဟူသည့် တရားဝင် နယ်မြေပိုင်းခြား သတ်မှတ်ထားခြင်း မရှိသည့်အတွက် RCSS တပ်ဖွဲ့များအား ဒေသတွင်းမှ ထွက်ခွာရန် ပြောဆိုမှုများမှာ မဖြစ်သင့် ကြောင်းလည်း ဆိုသည်။
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်မှစ၍ RCSS နှင့် TNLA တို့အကြား နမ့်ခမ်းနှင့် မန်တုံမြို့နယ်တို့၌ ဖြစ်ပွားခဲ့သည် တိုက်ပွဲ များသည် ၂၀၁၆ ခုနှစ်တွင် မန်တုံ၊ သီပေါနှင့် နမ္မတူမြို့နယ်တို့အထိ ကျယ်ပြန့် လာပြီး ၂၀၁၈ ခုနှစ်တွင် နမ့်ဆန်၊ ကျောက်မဲ၊ နမ္မတူ၊ သီပေါနှင့် လားရှိုးမြို့နယ်တို့အထိ ရောက်ရှိကာ တိုက်ပွဲဖြစ် ဧရိယာ ကျယ်ပြန့်သထက် ကျယ်ပြန့်လာပြီးနောက် စစ်ရေးတင်းမာမှု ပိုမိုလာသည်။
ယင်းတိုက်ပွဲများမှာ ရှမ်းမြောက်ဒေသအတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းမှ စတင်ကာ ဖြစ်ပွားရခြင်း ဖြစ်သည်။
တိုက်ပွဲများကြောင့် ဒေသခံ လူနေအိမ်များ လက်နက်ကြီးကျည်ထိကာ မီးလောင်ခြင်း၊ အရပ်သားများ ရာနှင့်ချီ ထွက်ပြေး ရပြီး စားနပ်ရိက္ခာ အခက်အခဲများ ကြုံတွေ့ရခြင်း၊ ကျောက်မဲမြို့နယ်အတွင်း အရပ်သား အသုံးပြုသည့် တံတား ၂ စင်း လက်နက်ကြီးကျည်ထိကာ ပျက်ဆီးခြင်းတို့ ကြုံတွေ့ခဲ့ ရသည်။
ထို့ပြင် ဧရာဝတီမှ ရရှိထားသည့် သတင်းအချက်အလက်များအရ ၂၀၁၈ ခုနှစ်၊ မတ်လမှ နိုဝင်ဘာလ အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ၈ ဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိထားသည်။
TNLA မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က “သူတို့က နဂိုက ဒီနယ်ထဲမှာ မရှိဘူး။ ကျနော်တို့ နယ်ထဲ ဝင်လာနေတယ်။ ဒါကြောင့် တိုက်ပွဲ ဖြစ်ပွားတာ ဖြစ်တယ်။ သူတို့က တောင်ပိုင်းမှာဆိုရင်တော့ ကျနော်တို့နဲ့ တိုက်ပွဲ ဖြစ်ပွားစရာမရှိပါဘူး” ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းတွင် RCSS တပ်ဖွဲ့များမှာ အင်အားအလုံးအရင်းဖြင့် TNLA လှုပ်ရှားရာ နယ်မြေအတွင်း စတင်ဝင်ရောက်ရာ TNLA ဘက်မှ ကန့်ကွက်သော်လည်း လှုပ်ရှားမှုများ ဆက်လုပ်လာ သည့်အတွက် နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာတွင် ပစ်ခတ်မှုများ စတင်ဖြစ်ပွားရာမှာ တိုက်ပွဲများ စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
RCSS/SSA သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ထိုးပြီး နောက်ပိုင်းတွင် TNLA လှုပ်ရှားရာ နယ်မြေများသို့ ဝင်ရောက်ကာ နယ်မြေတိုးချဲ့ လှုပ်ရှားလာခြင်း လည်း ဖြစ်သည်။
TNLA အနေဖြင့် ကျောက်မဲ၊ သီပေါနှင့် နမ္မတူမြို့နယ်အတွင်း ဝင်ရောက်နေသည့် RCSS တပ်များကို တိုက်ထုတ်သွားမည် ဖြစ်ကာ TNLA လှုပ်ရှားသည့် ပြည်ထောင်စုလမ်းမ အနောက်ဘက်ခြမ်းသို့လည်း ဝင်ရောက်နေသည့် ယင်းတပ်များကို လမ်းမ အရှေ့ဘက်ခြမ်းရောက်အောင် လိုက်လံတိုက်ထုတ်မည်ဟု ၂၀၁၆ ခုနှစ်ကတည်းက ဧရာဝတီကို ပြောဆိုထားပြီး ဖြစ်သည်။
နယ်မြေတိုးချဲ့ လှုပ်ရှားနေသည်ဆိုသည့် ပြောဆိုချက်ကို RCSS ဘက်က ငြင်းဆိုထားကာ ရှမ်းပြည် မြောက်ပိုင်းရှိ မြို့နယ် များတွင် ၂၀၀၆ ခုနှစ်ကတည်းက ၎င်းတို့ လှုပ်ရှားခဲ့ဖူးကာ ယခုအခါ တဖန် ပြန်လည် ဝင်ရောက်လှုပ်ရှားခြင်းဖြစ်သည်ဟု ဧရာဝတီကို ပြောဆိုထားသည်။
RCSS နှင့် TNLA တို့သည် ၂၀၁၇ ခုနှစ်အတွင်းက စစ်ရေးပဋိပက္ခများ ဖြေရှင်းရန် တွေ့ဆုံမှု ပြုလုပ်ခဲ့ဖူးသော်လည်း ပြေလည်ခဲ့ခြင်း မရှိခဲ့ပေ။
RCSS/SSA မှ ဒုဗိုလ်မှူးကြီး စိုင်းဦးက “ကျနော်တို့ ဆွေးနွေးခဲ့တဲ့ ပဏာမ ဆွေးနွေးပွဲတုန်းက သူတို့ က ကျနော်တို့ တပ်တွေ မြောက်ပိုင်းကနေ ဆုတ်ခွာဖို့ချည်းပဲ တောင်းဆိုနေတယ်။ ဒါက မဖြစ်နိုင်ပါ ဘူး။ တွေ့ဆုံဆွေးနွေးလည်း အချိန်ကုန်ရုံပဲ ရှိ မယ်။ ဘာမှ အကျိုးသက်ရောက်မှာ မဟုတ်ပါဘူး” ဟု ပြောသည်။
TNLA သည် ၂၀၁၈ ခုနှစ်အတွင်း ၎င်း၏ မဟမိတ်ဖြစ်သူ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA) နှင့် ပူးပေါင်းကာ နမ္မတူ၊ လားရှိုးနှင့် ကျောက်မဲမြို့နယ်တို့အတွင်း RCSS/SSA တပ်များအား တိုက် ခိုက်လျက် ရှိသည်။
RCSS/SSA သည် TNLA နှင့် SSPP ပူးပေါင်း တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် တဖွဲ့ချင်းစီနှင့်လည်း တိုက် ပွဲများ ဖြစ်ပွားလျက် ရှိသည်။
SSPP မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဆုကလည်း “သူတို့က တောင်ပိုင်းကို တောင်ပိုင်းမနေဘဲနဲ့ မြောက်ပိုင်းကို ကူးလာပြီးတော့ ပြဿနာတွေ ဖြစ်လာတာပါ။ ကျနော်တို့က သူတို့ကို ဆုတ်ပေးပါလို့။ ပြည်သူလူထုလည်း ဒုက္ခရောက်တယ်လို့ အဲဒီလိုမျိုးပြောတာ သူတို့က မဆုတ်ဘူး” ဟု ဆိုသည်။
၎င်းက ဆက်လက်ပြီး RCSS အနေဖြင့် ရှမ်းမြောက်ဒေသအတွင်း တိုးချဲ့လာခြင်းမှာ လှုပ်ရှားမှု နယ်မြေများလာစေရန် ဟူ သည့် အကျိုးအမြတ်အတွက် လုပ်ဆောင်ခြင်းဖြစ်ကာ မြောက်ပိုင်း အခြေ စိုက် တပ်ဖွဲ့များ ရပ်တည်မှု ထိခိုက်လာသည့် အတွက် ပြန်လည် တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟုလည်း ပြောသည်။
TNLA နှင့် SSPP သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) ကို လက်မှတ်ရေးထိုး ထားခြင်း မရှိသေးပေ။
၎င်းတို့သည် ရှမ်းပြည် မြောက်ပိုင်းနှင့် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက် ကိုင် ၇ ဖွဲ့ စုဖွဲ့ထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေးကော်မတီ (FPNCC) တွင်မူ ပါဝင် ထားပြီး ကော်မတီက အပစ်ရပ် စာချုပ်သစ် တခု ချုပ်ဆိုနိုင်ရေးအတွက် အစိုးရနှင့် တပ်မတော်ကို တောင်းဆိုလျက် ရှိသည်။
ဆက်စပ်သတင်း
ရှမ်းလက်နက်ကိုင်တို့ တိုက်ပွဲ ၃ နှစ်အရွယ် ကလေးအပါအဝင် ၃ ဦးကျည်ဆံမှန်
RCSS နှင့် TNLA တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ထွက်ပြေးနေရ
သုံးပွင့်ဆိုင် တိုင်းရင်းသား လက်နက်ကိုင် တိုက်ပွဲများအကြား အရပ်သား တဦးသေဆုံး