မန္တလေးမြို့၊ မနော်ရမ္မံကွင်း၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအစီအစဉ် တခုဖြစ်သည့် ထာဝရဖဲကြိုးဖြူ လှုပ်ရှားမှုကို ဒီဇင်ဘာ ၂၇၊ ၂၈ ရက်နေ့များတွင် ပြုလုပ်သွားမည်ဟု ပွဲကျင်းပ ရေးအဖွဲ့မှ သိရသည်။
အဆိုပါလှုပ်ရှားမှုတွင် လူထုလမ်းလျှောက်ပွဲများ၊ လူသားချင်းစာနာထောက်ထားမှု ပြခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ရုပ်ရှင်ပွဲတော်များ ပါဝင်သွားမည်ဟု သိရသည်။
ထာဝရဖဲကြိုးဖြူ လှုပ်ရှားမှုအစီအစဉ်မှ ဒေါ်နန်းဖြူဖြူလင်း က “ထာဝရဖဲကြိုးဖြူ လှုပ်ရှားမှုကနေတဆင့် ပြည်သူလူထုအကြားမှာ ကျား၊ မ ရေးရာ အခြေပြု အကြမ်းဖက်တွေကို ပိုမိုသတိပြု လာစေဖို့နဲ့ အကြမ်းဖက်မှု ပပျောက်ရေး လုပ်ငန်းတွေမှာ ပြည်သူလူထုအများစု တက်ကြွစွာ ပူးပေါင်းပါဝင်လာ စေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာပါ” ဟု ပြောသည်။
လူထုလမ်းလျှောက်ပွဲကို မန္တလေးမြို့ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်မှ ၂၆ လမ်းနှင့် ၇၃ လမ်း မင်္ဂလာတံတားအထိ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေ ၄ နာရီမှ ၆ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပြီး လမ်းလျှောက်ပွဲတွင် အမျိုးသမီးများအပေါ် နည်းလမ်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်ဖြစ်သည့် စီဒေါတွင်ပါဝင်သော အမျိုးသမီးများရပိုင်ခွင့်ရှိသည့် အခွင့် အရေးဆိုင်ရာ စာတမ်းများကို ကိုင်ဆောင်ကာ လမ်းလျှောက်မည်ဟု သိရသည်။
Gender Equality Network စူးရှရှင်းသန့် က “လူထုချီတက်လမ်းလျှောက်ပွဲမှာ အမျိုးသမီးတွေအပေါ်ကို အကြမ်းမဖက်ဖို့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်သွားကြမယ်၊ ကြွေး ကြော်သံတွေတော့ပါမှာ မဟုတ်ပါဘူး” ဟု ပြောသည်။
၁၆ ရက်တာ လှုပ်ရှားမှုဆိုသည်မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဆိုသည်ကို လူအများသိစေရန် ပညာပေးလှုံ့ဆော်သော လှုပ်ရှားမှုတစ်ခု ဖြစ်ပြီး နှစ်စဉ် ၁၆ ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်နေ့ အထိ ကမ္ဘာ့ နိုင်ငံ အသီးသီးတွင် ကျင်းပလေ့ရှိသည်။
နိုဝင်ဘာ ၂၅ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး နေ့၊ နိုဝင်ဘာ ၂၉ ရက်နေ့သည် အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနှင့် လူ့အခွင့်အရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူများနေ့၊ နိုဝင်ဘာ ၃၀ ရက်နေ့သည် အရှေ့တောင်အာရှ အမျိုးသမီးများနေ့၊ ဒီဇင်ဘာ ၁ ရက်နေ့သည့် အပြည်ပြည်ဆိုင်ရာ ခုခံအား ကျရောဂါ AIDS တိုက်ဖျက်ရေးနေ့၊ ဒီဇင်ဘာ ၁၀ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့နှင့် အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တို့ ဖြစ်သည်။
အဆိုပါအခမ်းအနားတွင် အမျိုးသမီးများ၏ လှုပ်ရှားမှုဆိုင်ရာ ပြခန်းများကို ပြသထားမည်ဖြစ်သလို ညနေ ၃ နာရီမှ ၆ နာရီ အထိ ပြဇာတ်၊ ဂိမ်းကစားခြင်း၊ အမေးအဖြေနှင့် အနုပညာ အစီအစဉ်များ ပါဝင်မည်ဖြစ်သလို ညနေ ၆ နာရီနောက်ပိုင်းတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ခေါင်းစဉ်ဖြင့် Gender Equality Network က ကြီးမှူးပြီး ဖိတ်ခေါ်ထား သည့် ထာဝရဖဲကြိုးဖြူရုပ်ရှင်ပွဲတော် ပြိုင်ပွဲဝင်ဇာတ်လမ်းတိုများကို ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်မှာ ပြိုင်ပွဲဝင်ထားတဲ့ ရုပ်ရှင်တွေကို ပြသသွားမှာဖြစ်ပါတယ်၊ မှတ်တမ်းရုပ်ရှင်နဲ့ ဇာတ်လမ်း တိုတွေကို ရိုက်ကူးထားတာပါ၊ ပြိုင်ပွဲဝင်ထားတာက ဇာတ်ကားပေါင်း ၂၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဆန်ခါတင်ရွေးချယ် ထားတဲ့ ဇာတ်ကားတွေကို ပြသပေးသွားမှာ ဖြစ်ပါတယ်၊ ဖျော်ဖြေရေးကဏ္ဍမှာ အိပ်မက်ဆုံရာက အဆိုတော်တွေ ပါဝင်သွား မယ်”ဟု စူးရှရှင်းသန့်က ပြောသည်။
ထာဝရဖဲကြိုးဖြူ ရုပ်ရှင်ပွဲတော်ဇာတ်များကို ကြည့်ရှုသူများက မဲပေးရွေးချယ်မည့် အကြိုက်ဆုံးဇာတ်လမ်းကို People Choice Award ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။