ရေပိုင်နက် ကျူးကျော်သည်ဆိုကာ ယူကရိန်းစစ်သင်္ဘောများ ရုရှားပစ်ခတ်ဖမ်းဆီး
ပင်လယ်နက် ဒေသရှိ ရုရှားရေပိုင်နက်ထဲသို့ ဝင်လာသည့် ယူကရိန်းစစ်သင်္ဘော ၃စီးကို ရုရှားရေတပ် က ယမန်နေ့က ပစ်ခတ်တိုက်ခိုက် ဖမ်းဆီးခဲ့သည့်အတွက် ယူကရိန်း သင်္ဘောသား ၃ ဦး ဒဏ်ရာရရှိ သွားသည်။
ယူကရိန်းရေတပ် သင်္ဘော ၃စီးမှာ ဘာဒီရက်ဆတ်၊ နီကိုပေါလ်နှင့် ယာနီကာပူတို့ ဖြစ်ပြီး၊ ခရိုင်းမီး ယား နယ်မြေအနီးရှိ ရုရှားပိုင်နက်ထဲသို့ ဝင်ရောက်လာခြင်း ကြောင့် ရေတပ်က ပစ်ခတ်ခဲ့ကြောင်း ရုရှား လုံခြုံရေး ဝန်ဆောင်မှုဌာန(FSB)က အတည်ပြုပြောကြားခဲ့ပြီး၊ ယင်းဖမ်းမိသင်္ဘောများကို ခရိုင်းမီးယားရှိ ကာ့ချ်ဆိပ်ကမ်းသို့ ဆွဲယူလာမည်ဖြစ်ကြောင်း ဆိုသည်။
၎င်းတို့သည် တရားဥပဒေအရ ရပ်တန့်ရန် တောင်းဆိုခြင်းကို လျစ်လျူရှု၍ အန္တရာယ်ကြီးမားသော ရေပိုင်နက်ထဲ ဆက် လက်ဝင်ရောက်လာခြင်းကြောင့် ရုရှားစစ်သင်္ဘောများဘက်မှ ပစ်ခတ်ပြီး ဟန့်တားခဲ့ရခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဆိုထားသည်။
ပစ်ခတ်မှုကြောင့် ဒဏ်ရရှိသွားသော ယူကရိန်းသင်္ဘောသား ၃ ဦးကို ရုရှားဘက်မှ ဆေးဝါးကုသမှုပေး နေပြီး ၎င်းတို့ အခြေ အနေမှာ မစိုးရိမ်ရကြောင်း၊ ရုရှားပိုင်နက်အတွင်း ကျူးကျော်လာမှုအပေါ် သံသယရှိ၍ ရာဇဝတ်မှုအနေဖြင့် စုံစမ်းစစ်ဆေး နေပြီဖြစ်ကြောင်း သိရသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ယူကရိန်းနှင့် ရုရှားအကြား ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ ကုလသမဂ္ဂ ကွန်ဗန်းရှင်းကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အပြန်အလှန် စွပ်စွဲနေကြသည်။
မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့(NATO) ကမူ နှစ်ဘက်လုံးကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ဖြေရှင်းကြရန် တိုက် တွန်းထားပြီး၊ နေတိုးသည် ယူကရိန်းဘက်မှ ထောက်ခံလျှက် အေဇော့ပင်လယ် ပြင်နှင့်ကာ့ချ်ရေလက်ကြား ဖြစ်ပေါ် တိုး တက်မှုအခြေအနေကို စောင့်ကြည့်နေကြောင်း ကြေညာချက် တစောင်ထုတ်ပြန်သည်။
“ယူကရိန်းရဲ့ အချုပ်အခြာအာဏာကို နေတိုးက အပြည့်အဝထောက်ခံကြောင်း၊ ၎င်း၏ရေပိုင်နက်သာ ဖြစ်၍ သွားလာပိုင် ခွင့်ရှိပြီးဖြစ်ကြောင်း” နေတိုးကြေညာချက်တွင် ဖော်ပြထားသည်။
ရုရှားရေပိုင်နက် ကျူးကျော်သည်ဟု စွပ်စွဲခံရပြီး ပင်လယ်နက်တွင် ယူကရိန်းစစ်သင်္ဘောများ ပစ်ခတ် ဖမ်းဆီးခံရခြင်း ကြောင့် ယူကရိန်းသမ္မတ ပီထရို ပိုရိုရှန်ကိုက စစ်အုပ်ချုပ်ရေးကြေညာရန် မိမိအဆို တင်သွင်းမည်ဖြစ်ကြောင်း ပြောကြား လိုက်သည်။
စစ်ဥပဒေဖြင့် ရက်ပေါင်း ၆၀ အုပ်ချုပ်ရေးကြေညာရန် ယူကရိန်းအမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီ(NSDC) ကလည်း ထောက်ခံပြီး၊ ယင်းကိစ္စအတည်ပြုရန် ယူကရိန်းလွှတ်တော် “ဗာခေါ့ဗ်နာရာဒါ” တွင် နောက်ဆုံးထောက်ခံမှုရယူရန် ယခုဆောင်ရွက်နေပြီဖြစ်သည်။
ယူကရိန်းနိုင်ငံကာကွယ်ရေးအတွက် ပူးပေါင်းပေးကြပါရန် နေတိုးနှင့်အီးယူတို့ထံ ယူကရိန်းက တောင်းဆိုကြောင်း အစိုးရအဖွဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုက ပြောကြားလိုက်သည်။