ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရှိ ပြည်သူ့ ဆေးရုံကြီး၌ တက်ရောက် ဆေးကုသမှုခံယူနေသော လူနာတဦးသည် ယမန်နေ့ နံနက်ပိုင်းက ရေတွင်းထဲ ခုန်ချကာ အဆုံးစီရင်ခဲ့ကြောင်း သတင်းရရှိသည်။
ပုသိမ် ဆေးရုံကြီး အမျိုးသား အဆောင် (အဆောင် ၁)တွင် အတွင်းလူနာ အဖြစ် တက်ရောက်နေသော ပုသိမ်မြို့ အမှတ် ၁၅ ရပ်ကွက်နေ ဦးလှိုင်နေလတ်မှာ ဆေးရုံမှ ပျောက်ဆုံးနေသည့် အတွက် မိသားစုဝင်များမှ လိုက်လံ ရှာဖွေ ခဲ့ရာ ဆေးရုံ နှင့် ကိုက် ၄၀ ခန့် ကွာဝေးသည့် တိုင်းတရား လွှတ်တော် အတွင်းရှိ ရေတွင်းထဲ၌ ပြုတ်ကျနေသည်ကို တွေ့ခဲ့ကြောင်း ပုသိမ်နယ်မြေ ရဲစခန်းက သိရသည်။
နယ်မြေ ရဲစခန်း၊ ပုသိမ် ခရိုင် မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ (ပုသိမ်)တို့ ပူးပေါင်း၍ ဦးလှိုင်နေလတ်အား ရေတွင်းထဲမှ ကယ်ဆယ်ခဲ့ရာ နေ့လယ် ၁ နာရီခန့်တွင် ဆယ်ယူရရှိခဲ့သော်လည်း ရေမွန်း၍ သေဆုံးနေပြီ ဖြစ်ကြောင်း ပုသိမ်မြို့ နယ်မြေ ရဲစခန်းမှ ဒုရဲအုပ် ဘုန်းထက်အာကာအောင် က ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက“ဦးလှိုင်နေလတ်က အရက်ကြောင့် စိတ်မူ မမှန်တဲ့ ရောဂါ ဖြစ်နေတဲ့ အတွက် ပုသိမ် ဆေးရုံကြီး မှာ၂၄ ရက် ကတည်းက အတွင်း လူနာအဖြစ် ကုသနေသူ ဖြစ်တယ်။ လူနာစောင့် အလစ်မှာ ဆေးရုံကနေ ထွက်ပြီး တော့ ရေတွင်းထဲ ခုန်ချသွားတာ။ ရေတွင်းပေါင်ပေါ် တက်ပြီး ရေတွင်းထဲ ခုန်ချဖို့ လုပ်နေတုန်းမှာ ပတ်ဝန်းကျင်က လူတွေ ဝိုင်း ဆွဲကြသေးတယ်။ ဘယ်လိုမှ တားမရဘဲ ခုန်ချသွားတာလို့ မျက်မြင် သက်သေတွေက ပြန်ပြောပြတယ်။ ကျနော်တို့ လည်း သတင်းရရချင်း အခင်း ဖြစ်နေရာသွားပြီး ကယ်ဆယ်တဲ့အချိန်မှာ လူနာက အသက်မရှိတော့ဘူး”ဟု ပြောဆို သည်။
အဆိုပါ ရေတွင်းမှာ အကျယ် ၇ ပေ၊ အနက် ၂၂ ပေ ရှိပြီး ရေအနက် ပေ ၂၀ ခန့် ရှိကြောင်း၊ ဆယ်ယူ ရရှိသော ဦးလှိုင်နေ လတ် အလောင်းကို တာဝန်ရှိသူများက ပုသိမ် ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ (ပုသိမ်) မှ ကိုအောင်ထက်ပိုင်က“သူက ရေတွင်းပေါင်ပေါ် တက်နေတော့ အနား က လူတွေက ရေချိုးမယ်ဆို ချိုး၊ မချိုးရင်ပြန်၊ ရေတွင်းထဲကျရင် အန္တရာယ် ရှိတယ်လို့ ဖျောင်းဖျ သေးတယ်။ အဲဒါကို နား မထောင်ဘဲ ခဏနေတော့ ရေတွင်းထဲ ခုန်ချသွားတာ။ ကျနော်တို့ရောက်တော့ သူက ရေတွင်းထဲ မြှုပ်သွားပြီ။ အဲဒါနဲ့ ပုသိမ်ခရိုင် မီးသတ် အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရေတွင်းထဲက ရေတွေ စုပ်ထုတ်၊ ရေနည်းတော့မှ မီးသတ် တပ်ဖွဲ့ ဝင်၂ ဦးက အလောင်းကို တော်တော်လေး ခက်ခက်ခဲခဲ ဆင်းဆယ်ရတာ”ဟု ဧရာဝတီကို ပြောသည်။
ဦးလှိုင်နေလတ် သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိင်ရန် အတွက် ပုသိမ်မြို့ နယ်မြေ ရဲစခန်းမှ သေမှုသေခင်း အမှတ် ၉/၂၀၁၈ ဖြင့် ရေးဖွင့်၍ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် နိုဝင်ဘာလ ၉ ရက်ကလည်း အသက်၂၃ နှစ် အရွယ် အင်ဂျင်နီ ယာဘွဲ့ရ အမျိုးသမီး တဦး မိသားစု ဆိုင်ရာ ကိစ္စကြောင့် နေအိမ် ထုပ်တန်းတွင် ကြိုးဆွဲချ၍ သတ်သေမှု ဖြစ်ပွားခဲ့ဖူး သည်။