ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရေး ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP/SSA) တို့မှ ဥက္ကဋ္ဌ ၂ ဦး ထိပ်တိုက်တွေ့ဆုံဆွေးနွေးရန် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) စာပို့တောင်းဆိုမည်ဖြစ်ကြောင်းသိရသည်။
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ပန်ဖ တို့ တွေ့ဆုံပြီး တိုက်ပွဲများ အမြန် ရပ်တန့်နိုင်ရန် အတွက် တိုက်တွန်းသည့်စာကို SNLD ပါတီက နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပေးပို့သွားမည်ဖြစ်ကြောင်း SNLD တွဲဖက် အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ဧရာဝတီသို့ ပြောသည်။
ဦးစိုင်းလိတ် က “လောလောဆယ် ကျနော်တို့ စာရေးထားတယ်၊ သက်ဆိုင်ရာ ဥက္ကဋ္ဌကြီး ၂ ယောက်ကိုပေါ့။ ရောက်ရာ အရပ် မှာ တိုက်ပွဲကို ချက်ချင်း ရပ်တန့်ပေးဖို့ ကျနော်တို့ တောင်းဆိုသွားမှာ ဖြစ်တယ်၊ နောက် ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ် စည်းစိမ်းတွေနဲ့ ပတ်သက်ပြီးတော့မှ တာဝန်ယူပေးဖို့ ကူညီဖြေရှင်းပေးဖို့ ဒါတွေလည်း တောင်းဆိုသွားဖို့ ရှိပါတယ်။ ဒီနေ့ ပို့ဖို့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုလလယ်ပိုင်းကစပြီး RCSS နှင့် SSPP တို့အကြား တကြာ့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ရက်ဆက်ဖြစ်ပွားနေသော အဆိုပါတိုက်ပွဲများကြောင့် ဒေသခံပြည်သူများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ ထွက်ပြေးတိမ်းရှောင် နေရမှုများ ရှိနေသည်။
ထိုတိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ရန် အတွက် SNLD ပါတီ က တောင်းဆိုခြင်း ဖြစ်သည်။
ယခုနှစ် ဇူလိုင်လက ရှမ်းပြည်မြောက်ပိုင်း ၊ နမ္မတူမြို့နယ်အတွင်းမှာ RCSS နှင့်SSPP တို့ တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်းကြောင့် ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က ဇူလိုင် ၂၁ ရက် ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် ဒုဗိုလ်ချုပ်ကြီး ပန်ဖတို့ထံ တိုက်ပွဲများ ရပ်တန့်ပေးရန်နှင့် ခေါင်းဆောင် အချင်းချင်း တွေ့ဆုံ ဆွေးနွေးကြရန် စာပို့ တောင်းဆိုခဲ့သော်လည်း ယနေ့တိုင် တိုက်ပွဲများ ရပ်တန့်နိုင်ခြင်း မရှိသေးပေ။
CSSU ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း က “ကျနော်တို့လည်း စာတော့ ပို့လိုက်တာ ၂ ခါရှိပြီး အချင်းချင်း သူတို့ ဦးပန်ဖ နဲ့ ဦးယွက်စစ် ပုဂ္ဂိုလ်ကြီး ၂ ဦးတွေ့မှပဲ အဆင်ပြေမှာ၊ ခေါင်းဆောင်ကြီး ၂ ဦးမတွေ့နိုင်သေးရင် ကော်မတီဖွဲ့ပြီး တွေ့ပါလို့ မေတ္တာရပ်ခံ ထားတယ်။ ပြည်သူလူထုအရမ်း နစ်နာတယ်၊ တိုင်းရင်းသား အချင်းချင်းလည်း မဖြစ်သင့်ဘူး၊ တပ်မတော်နဲ့ လည်း မဖြစ်သင့်ဘူး၊ ဘယ်သူနဲ့မှ မဖြစ်သင့်ဘူး ။ ကျနော်တို့ စစ်က ညီငွေ့လာပြီး စစ်က နှစ်ပေါင်း ၇၀ ရှိလာပြီး မဖြစ်တာ အကောင်းဆုံးဘဲလေ” ဟု ပြောသည်။
ထိပ်သီး ခေါင်းဆောင် ၂ ဦး မတွေ့ဆုံနိုင်လျှင် ၂ ဖက် ကော်မတီဖွဲ့၍ တွေ့ဆုံရန် ဇူလိုင် ၂၁ ရက်က CSSU မှ စာပို့ ခဲ့ပြီးနောက် ယခုနှစ်၊ သြဂုတ် ၉-၁၀ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ SSJAC ၏ ဆောင်ရွက်မှုဖြင့် RCSS မှ အတွင်းရေမှူး-၃ ဗိုလ်မှူးကြီး စိုင်းငင်းနှင့် ဗိုလ်မှူးချုပ် ဘောင်ခေးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် SSPP မှ အတွင်းရေးမှူး-၂ ဒုဗိုလ်မှူးကြီး စိုင်းဆုနှင့် ဗိုလ်မှူး စိုင်းဖုန်းဟန်တို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။
ထို့တွေ့ဆုံ ဆွေးနွေးပွဲတွင် နောက်ထပ် ထပ်မံ တွေ့ဆုံရန် သဘောတူညီမှုမှ အပ တခြား သဘောတူညီမှု မရရှိခဲ့ကြောင်း၊ ယနေ့တိုင် ထပ်မံ တွေ့ဆုံမှု မဖြစ်သေးသလို တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေသည်။
ထို့ကြောင့် RCSS နှင့် SSPP ကြား တိုက်ပွဲများ ရပ်တန့်ရေးအတွက် ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ(SSJAC)ကို နောက်ထပ် ကြားဝင် စေ့စပ်ညှိနှိုင်းပေးရန် ၂ ဖက်အဖွဲ့အစည်းက လိုလားပါက ဆောင် ရွက်သွားရန် ရှိကြောင်း SSJAC အဖွဲ့ဝင် SNLD မှ ဦးစိုင်းလိတ်က ပြောသည်။
“ကျနော်တို့ဘက်က ဆန္ဒရှိသော်လည်း ၂ ဖက် တပ်တွေက အခုလိုမျိုး ထိတွေ့တိုက်ပွဲဖြစ်နေရင် လုပ်ရတာ အဆင် မပြေဘူး ပေါ့နော်၊ ကျနော်တို့ဘက်ကတော့ ထပ်ပြီးတော့ ကမ်းလှမ်းတယ်၊ သူတို့ စေ့စပ်ညှိနှိုင်းတဲ့ အနေအထားမျိုးကိုရော သူတို့ ၂ ဖက် စလုံးက အဆင်သင့်ရှိရဲ့လား၊ တွေ့ဖို့ရော ရှိရဲ့လား သဘောတူညီမှု ရှိရင်တော့ ဆက်လုပ်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
RCSS ဖက်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှ RCSS တပ်ဖွဲ့များ ဆုတ်ခွာပေးရန် တောင်းဆိုနေမည်ဆိုလျှင် တွေ့ဆုံ ဆွေးနွေးမှုများ အဆင်ပြေမည် မဟုတ်ကြောင်း ဆိုထားပြီး SSPP ကတော့ ရှမ်းပြည်မြောက်ပိုင်းမှ RCSS တပ်ဖွဲ့များ ဆုတ်ခွာပေးမှသာလျှင် တိုက်ပွဲများ ရပ်တန့်သွားမည်ဖြစ်ကြောင်း ဆိုနေသည်။
RCSS နှင့် SSPP သည် ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU) အဖွဲ့ဝင်များ ဖြစ်ကြသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းနိုင်သည့် အတွက် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း အစိုးရနှင့် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး ဆောင်ရွက် နေရာတွင် အားလုံး ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်ပေးမည်ဆိုလျှင် တိုက်ပွဲများ ရပ်တန့်သွားနိုင်မည်ဟု ဦးစိုင်းလိတ်က ပြောသည်။