နိုင်ငံတော် သမ္မတရုံးက ဖွင့်ထားသည့် မူးယစ်ဆေးဝါးများ အထူး တိုင်ကြားရေး ဌာနက ပြည်ထဲရေး ဝန်ကြီးဌာနထံ ဖမ်းဆီး ဖော်ထုတ် အရေးယူရန် လွှဲပြောင်း ပေးထားသော်လည်း ကြန့်ကြာမှုများ၊ နားလည်မှု လွဲခြင်းများ ရှိနေကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဋ္ဌေးက ပြောသည်။
နိုဝင်ဘာလ ၂၃ ရက်က နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ်သည့် မီဒီယာများနှင့် ပုံမှန်တွေ့ဆုံ ရှင်းလင်းပွဲ တွင် ယင်းသို့ ထည့်သွင်း ပြောဆိုခြင်းဖြစ်ကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်း ဘိုကလေး မြို့နယ်ရှိ ကျားမင်း ငရုပ်ဆီ လုပ်ငန်းဆိုင်အား ရဲတပ်ဖွဲ့ဝင်များက သမ္မတရုံးအမိန့်ဖြင့် သွားရောက် ရှာဖွေသည့် ဖြစ်စဉ်အပေါ် အခြေခံ ပြောဆိုခြင်းလည်း ဖြစ်သည်။
ဦးဇော်ဌေး က“သမ္မတရုံးက ခိုင်းလို့ လုပ်ရပါတယ်ဆိုပြီးတော့ မောက်မောက်မာမာနဲ့ သွားလုပ်တာမျိုးတော့ မဖြစ်စေ ချင်ဘူး။ အဲဒီအပေါ်မှာလည်း သတင်းအစအန ပျောက်သွားမှာစိုးလို့ လုပ်တယ်ဆိုလည်း ကျနော်တို့ ချပေးတာက ဇူလိုင်က ချပေးတယ်။ နိုဝင်ဘာကျမှ လုပ်တာတွေက အဆီအငေါ် မတည့်ဘူး ဖြစ်နေတယ်”ဟု ပြောသည်။
အဆိုပါ ငရုပ်ဆီ လုပ်ငန်းဆိုင်အား ရဲတပ်ဖွဲ့ဝင်များ သွားရောက် ရှာဖွေစဉ် ဆိုင်ရှင်ဖြစ်သူ ဒေါ်နီ ဆိုသူက မည်သည့် အတွက်ကြောင့် လာရောက် ရှာဖွေခြင်း ဖြစ်ပါသလဲဟု မေးမြန်းရာ သမ္မတရုံးအမိန့်ဖြင့် ရှာဖွေခြင်း ဖြစ်သည်ဟု တာဝန် ရှိသူများဘက်က ဖြေကြားခဲ့ရာ ဒေါ်နီက ရှာဖွေခွင့် ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရဲတပ်ဖွဲ့ဝင်များ ရှာဖွေနေစဉ် ဒေါ်နီက လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွင် တိုက်ရိုက်ထုတ်လွှင့် (Live) ခဲ့ပြီး မူးယစ် ဆေးဝါး တစုံတရာ မတွေ့ရှိသဖြင့် မိသားစု သိက္ခာကျဆင်းကာ အရှက်ရကြောင်း Live ထုတ်လွှင့်စဉ် ပြောဆို ထားသည်။
ယင်းသို့ ဝင်ရောက်စစ်ဆေးရခြင်းမှာ အီးမေးလ်မှတဆင့် တိုင်ကြားမှု ၁၆ ခုအနက် ၁ ခု ဖြစ်ကာ အဆိုပါတနေရာ တည်း တွင်သာ ယင်းဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် သတိပေးတိုင်ကြားသူ ပြည်သူများအနေဖြင့်လည်း တိကျ မှန်ကန် စွာ တိုင်ကြားစေလိုသည်ဟုလည်း ဦးဇော်ဋ္ဌေးက ဆိုသည်။
သွားရောက် စစ်ဆေးရန် ကြန့်ကြာမှုနှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်ထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းကိုင် ဖြေဆိုခြင်း မရှိပေ။
ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်အဖွဲ့မှ ရဲမှူးကြီး အောင်မြင့်နိုင် (ညွှန်ကြားရေးမှူး – စီမံရေးရာဌာန) (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့) ထံ ထပ်မံဆက်သွယ်မေးမြန်းရာ အစည်းအဝေးခန်းအတွင်း ရောက်နေသည်ဟုဆိုကာ ဖုန်းချ သွားခဲ့သည်။
သမ္မတရုံးက မူးယစ်ဆေးဝါးဆိုင်ရာ အထူးသတင်ပေး ဌာန ဖွင့်လှစ်ရခြင်းမှာ မူးယစ်ဆေးဝါး လက်ကြီးသမားများနှင့် မူးယစ်ရာဇာများအား လျှပ်တပြက် ဝင်ရောက် ရှာဖွေ ဖမ်းဆီးနိုင်ရန် ယန္တရားတရပ် တည်ဆောက်ခြင်းဖြစ်သည် ဟု လည်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်သစ်ကလည်း“သမ္မတရုံးရဲ့ အစီအစဉ်နဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှု လုပ်နေတာဟာ ဖြန့်ချိရေး ဆောင်ရွက်မှုတွေအပေါ်မှာတော့ အတိုင်းအတာ တခုအထိ ရရှိမှာပါ။ ထုတ်လုပ်မှု အပိုင်းကိုတော့ ဒီနည်းလမ်း တခုတည်းနဲ့တော့ မဖြေရှင်းနိုင်ပါဘူး”ဟု ပြောဆိုသည်။
နေပြည်တော်တိုင်း ရဲတပ်ဖွဲ့ မူးယစ်ဌာနတွင် ရဲမှူ တာဝန် ထမ်းဆောင်ခဲ့ဖူးသူ အငြိမ်းစားရဲမှူး ဦးစိုးညွှန့်ကမူ မူးယစ် ဆေး ဝါးနှင့် သက်ဆိုင်သည့် မှုခင်းများမှာ အန္တရာယ်များသည့်အတွက် မည်သူ တဦးတယောက်ကမှ တာဝန်ခံ၍ တိုင်ကြားသည် ဆိုသည်မှာ ရှားပါးကြောင်းနှင့် ယခုကဲ့သု့ိ မူးယစ်ဆေးဝါးဆိုင်ရာ အထူးသတင်းပေးဌာန ဖွင့်လှစ်ကာ ဖုန်းဖြင့် တိုင်တန်းမှုများကိုပင် စစ်ဆေးပေးနေသည့်အတွက် သတင်းပေးမှု ပိုများကာ ဖမ်းဆီးမှုကိစ္စရပ်များတွင် ပိုမို ထိရောက် လာနိုင်ကြောင်း ဆိုသည်။
လက်ရှိတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ တိုင်ကြားလာမှုအတွက် သတင်းပေးသူများကို လျှို့ဝှက်ထားက မည်သူ တိုင်ကြားသည်ကိုပင် ပြည်ထဲရေးဝန်ကြီးဌာနအား အသိပေးခြင်း မရှိကြောင်း သမ္မတရုံးဘက်က သိရသည်။
သမ္မတရုံးက ဖွင့်လှစ်ထားသည့် မူးယစ်ဆေးဝါးအထူးသတင်းပို့ တိုင်ကြားဌာနသို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့ အထိ တိုင်ကြားလာသည့် မူးယစ်ဆေးဝါးမှုများအနက် အမှုပေါင်း ၃၈၉ မှုကို ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ထုတ် အရေး ယူနိုင်ခဲ့ပြီး တရားခံ ကျား ၅၀၉ ဦး ၊ မ ၉၅ ဦး၊ စုစုပေါင်း ၆၀၄ ဦးဖမ်းမိခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်း ထုတ်ပြန်ထားသည်။
ဆက်စပ် သတင်း
- မူးယစ်ကုန်သည်ကြီးများကို ဖမ်းမိရေး သတင်းပေးကြရန် သမ္မတရုံး တိုက်တွန်း
- မူးယစ် အစီရင်ခံစာများ တူနေမှု စစ်ကိုင်းအာဏာပိုင်များကို သမ္မတ ထောက်ပြ
- မူးယစ်ဆေးသတင်းပေးလျှင် ဖမ်းမိတန်ဖိုး ၁၀ ရာခိုင်နှုန်း ဆုချမည်
ဆက်စပ် ဗီဒီယိုလင့်ခ် (ဘိုကလေး ကျားမင်းငရုပ်ဆီဆိုင် ဝင်ရောက်ရှာဖွေစဉ် ဆိုင်ရှင် ဒေါ်နီက ထုတ်လွှင့်ခဲ့သည့် Live ဗီဒီယို)