သတင်း

စစ်ဘက် အရာရှိဟောင်း ဦးမင်းသူ အစိုးရအဖွဲ့ရုံး ဝန်ကြီး ဖြစ်လာရန်ရှိ

Want create site? Find Free WordPress Themes and plugins.

သမ္မတရုံး ဝန်ကြီးဌာန၏ ဒု ဝန်ကြီးလည်းဖြစ် တပ်မတော် အရာရှိဟောင်း တဦးလည်း ဖြစ်သူ ဦးမင်းသူကို ပြည် ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီး အဖြစ် ခန့်အပ်ရန် အဆိုပြုလိုက်ကြောင်း သတင်းရရှိသည်။

ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ သမ္မတက ခန့်အပ် တာဝန်ပေးလိုသည်ဟု အဆိုပြု တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ဝန်ကြီးအဖြစ် ခန့်အပ်ခံရန် ဆိုပြုခံရသူ ဦးမင်းသူသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၀ မှ ဖြစ်ပြီး မြိတ် လေတပ် စခန်း ဌာနချုပ် ဒုတိယ ဌာနချုပ်မှူး ဗိုလ်မှူးကြီး ရာထူးဖြင့် တပ်မတော်မှ အငြိမ်းစား ယူခဲ့သူတဦး ဖြစ် ကြောင်း၊ အငြိမ်းစားယူပြီးနောက် ဦးတေဇ ပိုင်ဆိုင်သည့် Air Bagan တွင် အလုပ်ဝင်ခဲ့ပြီး NLD အစိုးရ လက်ထက်၌ နေပြည်တော် ကောင်စီဝင် အဖြစ် စတင် တာဝန်ပေးအပ်ခြင်း ခံရသူတဦး ဖြစ်သည်။

ထို့နောက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် သမ္မတ ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီး အဖြစ် တာဝန် ယူ ထားသည့် သမ္မတရုံး ဝန်ကြီးဌာနတွင် ဒုဝန်ကြီး အဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့ပြီး ယခုအခါ NLD အစိုးရ၏ အသစ် တိုးချဲ့ထားသော ဝန်ကြီးဌာန တခု ဖြစ်သည့် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနတွင် ပြောင်းလဲ တာဝန်ပေး ရန် အဆိုပြု ခံရခြင်း ဖြစ်သည်။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ကြီးစိုးထားသည့် ပြည်ထောင်စု လွှတ်တော်က ဝန်ကြီး အသစ်ကို အတည်ပြုပေးရန် ရှိပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အရည်အချင်း ပြည့်စုံနေသူ တဦးကို ကန့် ကွက်ခွင့် မရှိကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ပြောသည်။

NLD ပါတီဝင်လည်း ဖြစ်သူ ဦးအောင်လှိုင်ဝင်းက“ဝန်ကြီးတဦးရဲ့ အရည်အချင်းနဲ့ ပြည်စုံတယ် ဆိုရင် ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေအရ ကန့်ကွက်လို့ မရဘူးလေ။ လုပ်ရည်ကိုင်ရည်ကို သဘောမကျဘူး ဆိုပြီး ကန့်ကွက်လို့ မရဘူး။ ဒါပေမယ့် ဝန်ကြီးဌာန အသစ် ၂ ခု လောက် တိုးရုံလောက်နဲ့ မအောင်မြင်ဘူး။ အပြောင်းအလဲ ဆိုတာက မူဝါဒ ပြောင်းမှ ရမှာ။ အခုက ရုံးလုပ်ထုံး လုပ်နည်း အရ အလုပ်တခု လုပ်တဲ့ သဘောလောက်ပဲ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ NLD အစိုးရအဖွဲ့တွင် ဝန်ကြီးနှင့် ဒုဝန်ကြီး အသစ်များကို တာဝန်ပေးအပ်ရာတွင် ပါတီမှ မဟုတ်ဘဲ အပြင်မှ ပုဂ္ဂိုလ်များ၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းနှင့် နီးစပ်သူများ တပ်မတော် အရာရှိဟောင်းများကို တာဝန် ပေးအပ်ခြင်းကို မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက ဝေဖန်မှုများလည်း ရှိနေသည်။

NLD ပါတီထဲတွင် အတွေ့အကြုံ၊ အရည်အချင်းနှင့် လုပ်ရည်ကိုင်ရည် ရှိသူများစွာ ရှိသော်လည်း ထိုသူများကို ဝန်ကြီး၊ ဒုဝန်ကြီး နေရာများ မပေးဘဲ ပြင်ပမှ ပုဂ္ဂိုလ်များကို ရွေးချယ်ပြီး တာဝန်ပေးအပ်ခြင်းသည် နိုင်ငံရေး အမြင်၊ နိုင်ငံရေး အသိ အားနည်းသည်ဟု မြင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

“ဒီလူတွေနဲ့ပဲ အလုပ်လုပ်လာတာ ၃ နှစ် နီးပါး ရှိလာပြီ။ သိသာမြင်သာတဲ့ တိုးတက်မှု မတွေ့ရဘူး။ အခုလည်း ဒီလူ တွေနဲ့ပဲ ခရီး ဆက်နေမယ်ဆိုရင် နောက် ၂ နှစ်အတွင်း မှာလည်း ဘာမှ ထူးခြားတဲ့ သိသာမြင်သာတဲ့ အပြောင်းအလဲ ဖြစ်လာစရာ နည်းတယ်လို့ မြင်တယ်”ဟုလည်း ၎င်းက ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ပုံအောပြီး မဲပေးလိုက်ခြင်းသည် အရပ်သား အစိုးရ တရပ် ပေါ်လာရန် ဖြစ်သော်လည်း NLD သည် ၂၀၁၅ အလွန် ဖွဲ့စည်းခဲ့သည့် အစိုးရ အဖွဲ့တွင် တပ်မတော် အရာရှိဟောင်းများ၊ ဗျူရို ကရက်ဟောင်းများ အများစု ပါနေသည်ကို တွေ့ရကြောင်း၊ ၎င်းတို့ဖြင့် အလုပ်လုပ်ရာတွင် ပြည်သူလိုလားသည့် အနိမ့်ဆုံး မျှော်မှန်းချက်များကိုပင် လုပ်မပြနိုင်ခဲ့ကြောင်း ဒေါက်တာ ရန်မျိုးသိမ်းက ပြောဆိုသည်။

၎င်းက ဆက်လက်၍“အစိုးရ အဖွဲ့ကြီး တခုလုံး ဗဟိုချုပ်ကိုင်မှုတွေ နည်းပြီးတော့ သွက်သွက်လက်လက်နဲ့ မောင်းနှင် နိုင်ဖို့ ဆိုရင် စနစ်တကျ ဆန်းစစ် သုံးသပ်မှုတွေ လုပ်ဖို့ လိုအပ်တယ်။ အဲဒီလို လုပ်ဖို့ ဆိုရင် မလိုအပ်တဲ့ ဝန်ကြီး ဌာန တွေ ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝန်ကြီး ဌာန ဒီဌာနတွေဟာ ရုံးတရုံး အဆင့်နဲ့ လုပ်လို့ ရတယ်။ ဝန်ကြီးဌာနကြီး တခုအဖြစ် မလိုဘူး”ဟု ပြောသည်။

ရန်ကုန်မြို့မှ သတင်းစာဆရာ ဦးသီဟသွေးကမူ ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သဘောတရား သိသူ၊ အတွေ့ အကြုံ ရှိသူကို အားကိုးလိုပုံ ရပြီး ၎င်းတို့ကို သုံးခြင်းဖြင့် သီးသန့် သင်ကြားပေးစရာ မလိုကြောင်း၊ ထို့ပြင် NLD ပါတီ၏ မူဖြစ်သည့် အမျိုးသား ရင်ကြားစေ့ရေးမူကို ဖော်ပြလိုပုံ ရကြောင်း ပြောသည်။

ဦးသီဟသွေး“ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ဦးရွှေမန်းလို ဦးကျော်တင့်ဆွေလို လူမျိုးတွေက Recommend ပေး တဲ့ သူမျိုးတော့ ဖြစ်ရမှာပေါ့။ အဲဒီလို ဖြစ်ပြီးရင် သူ့လုပ်ငန်းတွေကိုလည်း လုပ်ပေးနိုင်သူမျိုး။ သူ့ကိုလည်း နားလည်တဲ့ သူမျိုး၊ တပ်အငြိမ်းစားတွေက ဌာနဆိုင်ရာတိုင်းမှာ ရှိတဲ့ အခါကျတော့ ပူးပေါင်း ဆောင်ရွက်ရာမှာလည်း Language တူတဲ့ သူမျိုး ဖြစ်တာပေါ့”ဟု ဆိုသည်။

သို့သော် တပ်မတော်က နှစ်ပေါင်း ၅၀ ခန့် ချုပ်ကိုင်ထားသည့် နေရာကြီး တခုကို ရောက်ရှိ ကိုင်တွယ်ရာတွင် ယင်း တောနက်ကြီးထဲ သို့ ဝင်ရောက်ရန် ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းကဲ့သို့ လမ်းပြ ခေါ်ဆောင်သူ နောက်သို့ လိုက် ရကြောင်း၊ လမ်းပြခေါ်သလောက်သာ သွားရဲပုံရပြီး တောမှာလည်း အလွန်နက်၍ လမ်းပြကို ကျော်၍ မသွားရဲသေး ကြောင်း ဦးသီဟသွေးက ပြောသည်။

“အရင်ခေတ်က အတွေ့အကြုံ ရှိခဲ့တဲ့ အခုလို ဦးမင်းသူလို အရာရှိတွေ အားလုံးက အတွေ့အကြုံတွေ ရှိသော်လည်း ဒီ အတွေ့ကြုံတွေကို အားကိုးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီတဲ့ အဆင့်မှာပဲ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် က သူတို့ ကြုံဖူးနေကြ ခေါင်းဆောင် မဟုတ်ဘဲနဲ့ အရပ်ဘက်က လာတဲ့ ခေါင်းဆောင်ဖြစ်လို့ အရိပ်အကဲအားဖြင့် မဖမ်း တတ်တဲ့ သဘောရှိတယ်။ အဲဒီလို အနေအထားမှာ ဒီလုပ်ငန်းတွေက ဘယ်လိုမှ မသွက်နိုင်ဘူး”ဟု ၎င်းက ဆိုသည်။

NLD ပါတီထဲတွင် အရည်အချင်းရှိသူ အများစုမှာ လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေ၍ ၎င်းတို့ထဲမှ ဆွဲထုတ်ရန် အခက်အခဲများ ရှိကြောင်း၊ ကိုယ်စားလှယ်ကို အစိုးရအဖွဲ့တွင် အသုံးပြုမည် ဆိုပါက ကြားဖြတ် ရွေးကောက်ပွဲများ ထပ်မံ ပြုလုပ်ရဦးမည် ဖြစ်ရာ ရှုပ်ထွေးမှုများ ဖြစ်နိုင်ကြောင်း ဦးအောင်လှိုင်ဝင်းက ပြောသည်။

“ပါတီထဲမှာက နဂို အစိုးရဖွဲ့ ကတည်းက ကိုယ်စားလှယ်အဖြစ် ဆွဲထုတ်ပြီးသား။ နိုင်ငံခြားမှာ ပညာသွားသင်ထားတဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့က ကိုယ်စားလှယ်တွေ ဖြစ်နေတော့ ဆွဲထုတ်ဖို့က အခက်အခဲ ရှိတယ်။ ဆွဲ ထုတ်ရင် ကြားဖြတ်တွေ ဘာတွေ လုပ်နေရပြီး ပိုရှုပ်ထွေးမှုတွေ ဖြစ်လာတာပေါ့”ဟု ၎င်းက ဆိုသည်။

NLD အစိုးရသည် စတင် တာဝန်ယူစဉ်က တိုင်းပြည်၏ ဘတ်ဂျက်ကို ချွေတာသည့် သဘောဖြင့် ဝန်ကြီးဌာန တချို့ကို ပူးပေါင်းကာ ဝန်ကြီးဌာန ၂၁ ခုဖြင့် စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဝန်ကြီးဌာန အသစ်များ ဖြစ်သည့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနတို့ကို ထပ်မံတိုးချဲ့ခြင်း၊ ဒုဝန် ကြီးများ ထပ်တိုး ခန့်အပ်ခြင်းများ ဆောင်ရွက်ခဲ့ရသည်။

ယခုအခါ နေပြည်တော်တွင် ရုံးအမှတ် ၁၈ အဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် သမ္မတရုံး တို့ကို ပူးတွဲ ဖွင့်လှစ်ထားပြီး သမ္မတရုံး ဒုဝန်ကြီးမှ အစိုးရ အဖွဲ့ရုံးဝန်ကြီး ဖြစ်လာမည့် ဦးမင်းသူ ဆက်လက် ရုံးထိုင်မည်ဟု သိရ သည်။

ဦးမင်းသူသည် တောင်ကြီးမြို့ ဇာတိ ဖြစ်ပြီး ပညာအရည်အချင်းမှာ သိပ္ပံဘွဲ့ (စစ်တက္ကသိုလ်)၊ မဟာဝိဇ္ဇာဘွဲ့ ကာကွယ် ရေး ပညာ တို့ကို ရရှိခဲ့ကြောင်း၊ ဇနီးဖြစ်သူ ဒေါ်လွင်မေသိန်းမှာ တရားရုံးချုပ် ရှေ့နေတဦး ဖြစ်ပြီး သားသမီး ၂ ဦး ရှိကြောင်း လွှတ်တော်မှ ထုတ်ပြန်သည့် ကိုယ်ရေး အကျဉ်းတွင် ဖော်ပြထားသည်။

၎င်းအား ဝန်ကြီးအဖြစ် လျာထားခြင်းကို ကန့်ကွက်လိုသူ ရှိပါက ကန့်ကွက်နိုင်ကြောင့် ပြည်ထောင်စု လွှတ်တော်က ကြေညာထားပြီး လာမည့် တပတ်တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်က အတည်ပြုပေးဖွယ် ရှိနေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading