ရန်ကုန်မြို့ပြ စီမံကိန်း အတွက် ပြင်သစ် ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ (AFD) ထံမှ ချေးငွေ ယူရို သန်း ၇၀ ရယူရန် လွှတ်တော်၏ အဆုံးအဖြတ်ပေးမည့် အစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ လိုက်ကြောင်း သတင်း ရရှိသည်။
ရန်ကုန်မြို့ မြစ်ကြောင်း တူးဖော် ထိန်းသိမ်းရေး၊ မြိုပြ ထိန်းသိမ်းရေး စသည့် လုပ်ငန်းများ အတွက် ချေးငွေ ယူမည် ဖြစ်ပြီး ယင်း စီမံကိန်းများအား ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီက ထပ်မံ လေ့လာ စိစစ်ကာ ပြန်လည် တင်ပြရမည် ဖြစ် ကြောင်း နိုဝင်ဘာ ၂၆ ရက်နေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက သိရသည်။
ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က“ပြင်သစ် ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီထံမှ ချေးငွေယူရို သန်း ၇၀ ရယူရန် ကိစ္စနှင့် စပ်လျဉ်းပြီး မိမိတို့ လွှတ်တော် အပိုင်း အနေနဲ့ ထပ်မံ စိစစ်လေ့လာဖို့ လိုမယ်လို့ သုံးသပ် ရရှိပါတယ်။ ဒါကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူခြင်း အစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီက သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများ၊ လွှတ်တော် ကော်မတီများနှင့် တွေ့ဆုံ ဆွေးနွေး၍ ပြင်သစ် ချေးငွေနှင့် ပတ်သက်သည့် လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ် ချက် အစီရင်ခံစာကို လာမည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလထက် နောက်မကျဘဲ လွှတ်တော် အစည်းအဝေးတွင် တင်သွင်း ရန်လည်း လွှတ်တော် နာယက က ဆိုသည်။
ပြင်သစ် ချေးငွေ ရယူပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်း ငမိုးရိပ်ချောင်း တူးဖော်ခြင်း၊ မြစ်ကမ်းပါး ထိန်းသိမ်းခြင်း၊ ပုဇွန် တောင်ဈေး အဆင့်မြှင့်တင်ခြင်း၊ အပန်းဖြေ ပန်းခြံ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ယာဉ်ရပ်နား စခန်းများ တည် ဆောက်ခြင်း စသည့် သယ်ယူ ပို့ဆောင်ရေး၊ မြစ်ကမ်းပါး တလျှောက် ဖွံ့ဖြိုးရေးနှင့် မြို့ပြ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး မဟာဗျူဟာ စီမံကိန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ချေးငွေရယူရေး တင်ပြချက်နှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၁၉ ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ၉ ဦးခန့်ကာ ဆွေးနွေးခဲ့ကာ ကန့်ကွက်မှုများလည်း ရှိခဲ့သည်။
အဆိုပါ အကြံပြုချက်များ ကန့်ကွက်မှုများ အပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမောင်မောင်ဝင်းက ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၊ ရန်ကုန် စည်ပင်သာယာရေး ကော်မတီနှင့် စီမံ/ဘဏ္ဍာရေး ဝန်ကြီးဌာန တို့ ကိုယ်စား လွှတ်တော်သို့ လာရောက် ရှင်းလင်း ဖြေကြားခဲ့ပြီးနောက် လွှတ်တော်က အဆုံးအဖြတ်ပေးခြင်း အစီအစဉ်ကို ခေတ္တ ဆိုင်း ငံ့ခဲ့ခြင်း ဖြစ်သည်။
စီမံကိန်း လုပ်ငန်းများ၏ ခိုင်မာမှုနှင့် အကျိုးကျေးဇူးများကို ရန်ကုန်တိုင်း အစိုးရအဖွဲ့တာဝန်ရှိသူများကို မေးမြန်းသွားမည် ဖြစ်ကြောင်း ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ ဒု ဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။
“ဒီသယ်ယူ ပို့ဆောင်ရေးက ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းတဲ့ လုပ်ငန်းပဲ၊ လိုအပ်တဲ့ လုပ်ငန်း တခုလို့ ကျနော် ယုံကြည်တယ်။ ဒီဟာ အပေါ်မှာတော့ သက်ဆိုင်ရာ ရန်ကုန်တိုင်း အစိုးရ လာရောက် ဖြေကြားတဲ့ အဖွဲ့ ရယ်၊ နောက် ဖြစ်နိုင်ခြေ လေ့လာမှု (Fesibility Study) မှာပါတဲ့ အချက်အလက်တွေကို ပြည်သူတွေကို ပိုမို သိရှိနိုင်ဖို့ အတွက် အချိန်ပေးပြီး ထပ်လေ့လာ သုံးသပ်ပြီး တင်ပြဖို့ ဆုံးဖြတ် လိုက်တယ်လို့ ယုံကြည်ပါတယ်”ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စု လွှတ်တော်က ချေးငွေ ရယူရေးကို လုံးဝ ဆိုင်းငံံ့လိုက်ခြင်း မဟုတ်ဘဲ ချေးငွေ ယူသင့် မယူသင့် အပေါ် လွှတ်တော်က အဆုံးအဖြတ် ပေးရမည့် အစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ခြင်းသာ ဖြစ်သည်ကို နားလည်မှု မလွဲစေလိုကြောင်း ဦးအောင်မင်းက ဆက်လက် ပြောဆိုသည်။
ယခုကဲ့သို့ လွှတ်တော်က ချေးငွေရယူရေး ကိစ္စကို ပြန်လည် စိစစ် တင်ပြစေခြင်း အပေါ် ထောက်ခံကြောင်း ချေးငွေရ ယူခြင်း မပြုရန် ကန့်ကွက် ဆွေးနွေးခဲ့သည့် ဒဂုံမြို့သစ် မြောက်ပိုင်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်မောင်က ပြောသည်။
“ပုဇွန်တောင်ချောင်းမှာ ၁၀ နှစ် အတွင်း ခရီးသည်တင် မော်တော်ယာဉ် နစ်မြုပ်သွားတယ်လို့ ကြားဖူးလား။ ကျနော်တို့ နိုင်ငံမှာ ရေကြောင်းကို မသုံးဘူး။ နှေးလို့။ သူတို့ ဒီစီမံကိန်းရဲ့ အဓိက ရည်ရွယ်ချက်က Water Bus ဖွံ့ဖြိုးရေး”ဟု ဒေါက်တာ ခင်မောင်မောင်က ပြောဆိုသည်။
ချေးငွေ ရယူရေးနှင့် ပတ်သက်၍ လွှတ်တော်သို့ တင်ပြရာတွင် ပြည့်စုံမှု ရှိရန်လိုအပ်ကြောင်း၊ ယခုစီမံကိန်းအတွက် တာဝန် ယူ တာဝန်ယူခံမည့် အဖွဲ့အစည်းနှင့် ငွေမည်မျှ သုံးမည်ကို တိတိကျကျ တင်ပြ မထားကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ပြောသည်။
“ငွေဘယ်လောက် သုံးစွဲမယ် ဆိုတာမျိုးကို တိတိကျကျ ပြောမထားဘူး။ စီမံခန့်ခွဲမှု အပိုင်းကိုတော့ စည်ပင်ကပဲ တာဝန် ယူမှာဆိုတော့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့အမြင်က သက်ဆိုင်တဲ့ ဌာနကပဲ တာဝန်ယူရမယ်။ သက်ဆိုင်တဲ့ ဌာနဆို တာက ဒီစာရင်းတွေကို ပြန်လေ့လာကြည့်လိုက်တဲ့ အခါမှာ ရန်ကုန်မြို့တော်စည်ပင်အနေနဲ့ မြစ်ကြောင်း ထိန်းသိမ်းရေး အတွက် သုံးစွဲထားတဲ့ငွေက ၂၀၁၇-၁၈ မှာ ၄၇ ဘီလီယံရှိတယ်။ နောက် ၂၀၁၈-၁၉ မှာဆို ၂၇ ဘီလီယံ လျာထား တယ်။ ဒီလောက်ငွေလည်း သုံးနေတယ်၊ ဒီချေးငွေထဲကလည်း သုံးမှာပါလား ဆိုတဲ့ သဘောမျိုးပေါ့နော်။ ဒါကြောင့်မို့ ဒါလေးတွေ ကို တိတိကျကျ ပြန်စိစစ်မယ်လို့ ထင်ပါတယ်”ဟု ဒေါ်ယဉ်မင်းလှိုင်က ပြောပြသည်။
ပြင်သစ် ချေးငွေ ယူရို သန်း ၇၀ ရယူပါက ပေးဆပ်ရမည့် အတိုးနှုန်းမှာ ခန့်မှန်းအတိုးနှုန်း ၀ ဒသမ ၇၇ ရာခိုင်နှုန်းဖြင့် တွက် ချက် ပါက ယူရို ၈ ဒသမ ၂ သန်းဖြစ်ကြောင်း၊ စီမံကိန်းအတွက် အီးယူမှ ပေးသည့် ထောက်ပံ့ငွေ မှာ ယူရို ၉ ဒသမ ၅ သန်းဖြစ်သည့် အတွက် အတိုးထက် ပိုသော ထောက်ပံ့ငွေ ရရှိမည်ဖြစ်ကြောင်း၊ စီမံကိန်း နည်းပညာများလည်း ရရှိမည် ဖြစ်ကြောင်း စီမံ/ဘဏ္ဍာ ဒု ဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်တွင် တင်ပြခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ချေးငွေ စီမံကိန်းများ ဆောင်ရွက်ရာတွင် စီမံကိန်းမှ ပြန်လည် ရရှိလာမည့် ဝင်ငွေများဖြင့် ပြန်လည် ပေးဆပ်နိုင်စေရန် စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခု စီမံကိန်းကြောင့် ထွက် ပေါ်လာမည့် မြေနေရာ အသစ်များ၊ ယာဉ်ရပ်နား စခန်းများ၊ စီးပွားရေး အဆောက်အအုံများ၊ ဆိုင်ခန်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းတို့မှ ရရှိလာသည့် ဝင်ငွေများဖြင့် ပြန်လည် ပေးဆပ်နိုင်ရန် စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ချေးငွေကို အလေအလွင့် မရှိစေရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်း၏ တင်ပြချက် တွင် ပါရှိသည်။
အကောင်အထည် ဖော်မည့် စီမံကိန်းများ အတွက် ပြင်သစ် ချေးငွေ ယူရိုသန်း ၇၀၊ ဥရောပ သမဂ္ဂမှ ထောက်ပံ့ငွေ ယူရို ၉.၅ သန်း၊ မြန်မာနိုင်ငံ အစိုးရမှ ယူရို ၅.၂ သန်း၊ စုစုပေါင်းယူရို ၈၄.၇ သန်းဖြင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ အကောင် အထည် ဖော်ဆောင်ရွက်မည် ဖြစ်သည်ဟု ဆိုသည်။
စီမံကိန်း အရ ငမိုးရိပ်ချောင်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေစီးရေလာကောင်းမွန်ပြီး ရေယာဉ်များ သွားလာနိုင်မည့် ရေနက်ကြောင်း ရရှိရန် မြစ်ကြောင်းများ ပြန်လည်တူးဖော်ခြင်း၊ မြစ်ကမ်းပါး ထိန်းသိမ်းခြင်း၊ အများပြည်သူသုံး ကမ်းပတ် စြင်္ကန်လမ်း ပြုလုပ်ခြင်း၊ ရေကြောင်းသွားလာမှု ထိန်းကွပ်စနစ်၊ အချက်ပြ စနစ်များ၊ တပ်ဆင်မည် ဖြစ်ကြောင်း၊ ငမိုးရိပ်၊ မလွှကုန်း ဘူတာ အနီးတဝိုက်တွင် ကားလမ်း၊ ရထားလမ်းနှင့် ရေကြောင်းလမ်းများ ချိတ်ဆက်ခြင်း၊ အများပြည်သူ အပန်း ဖြေနိုင်ရန် ပန်းခြံအဆင့်မြှင့်တင် တိုးချဲ့ခြင်း၊ ငမိုးရိပ်ချောင်း တလျှောက် ခရီးသည် ယာဉ်ရပ်နား စခန်းများ တည်ဆောက် ခြင်းတို့ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန် – ရန်ကုန် အဆင့်မြှင့်ရေး ပြင်သစ်ချေးငွေ လွှတ်တော် အမတ်များ ဝေဖန်