ပြည်မြို့ ရွှေဆံတော်ဘုရားတွင် ယဉ်ကျေးမှုနှင့် မလျော်ညီသည့် အဝတ်အစားများ ဝတ်ဆင်ကာ ဘုရားဝတ်ပြုသည်ကို တားမြစ်သည့် လုံခြုံရေး ရဲမေအား ပါးရိုက်ခဲ့သည့် ရဲဝန်ထမ်း မိသားစုဝင် အမျိုးသမီးများဘက်မှ ပြန်လည် တောင်းပန် ခဲ့ရ သည်ဟု သိရသည်။
နိုဝင်ဘာလ ၂၃ ရက်က ဗုဒ္ဓမြတ်စွယ်တော် ထားရှိရာ စွယ်တော်တိုက်အတွင်း ရဲဝန်ထမ်း မိသားစုဝင် အမျိုးသမီး တဦး က ယဉ်ကျေးမှုနှင့် မလျော်ညီသည့် အဝတ်အစားများ ဝတ်ဆင်၍ လာရောက်ဖူးမြော်သည့် အတွက် လုံခြုံရေးယူထား သည့် ရဲမေများက တားမြစ်ရာမှ အချင်းများခဲ့ရာ ရဲမေ ပါးရိုက်ခံခဲ့ရခြင်း ဖြစ်သည်။
ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းထွန်းအောင်က“ဖြစ်တာက ၂၄ ရက်နေ့ ညက သူတို့ စွယ်တော်ဖူးချင်တယ်ဆိုတော့ အတိုနဲ့ ဝင်လို့မရဘူးဆိုတဲ့ စည်းကမ်းတွေရှိလို့ တားတာကို၊ အဲဒါတွေနဲ့ ကတောက်ကဆ ဖြစ်သွားတာ။ အဲဒီအတွက် လည်း ဂေါပကရုံးကို ထိုင်ကန်တော့ပြီး အကုန်လုံးကို တောင်းပန်ပြီးသွားပြီ။ ဂေါပက အဖွဲ့ရော၊ ရဲမေတွေကိုရော အကုန် လုံးကို တောင်းပန်ပြီးသွားပါပြီ။ နောက်ကို ဝတ်စားဆင်ယင်မှုကိုရော ဆင်ခြင်ပါ့မယ်ဆိုပြီး နောင်တရလို့ တောင်းပန်ပြီးသွားပါပြီ”ဟု ဧရာဝတီကို ပြောသည်။
အမျိုးသမီး တစုသည် စွယ်တော်တိုက်အတွင်း ဝင်ရောက်ဖူးမြော်စဉ် လုံခြုံရေးယူထားသည့် ပြည်မြို့ မြို့မရဲစခန်းမှ ရဲတပ်သား စုစန္ဒာနှင့် ယုဇင်ဦးတို့က တားမြစ်ရာမှ အချင်းများကာ တားမြစ်ခံရသူများဘက်မှ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ရွှေဆံတော် ဂေါပကရုံး အဖွဲ့မှူး ဦးငွေမောင်က“မနေ့က တောင်းပန်ပွဲကို ကျနော်လည်း တက်ဖြစ်ပါတယ်။ အသက်က ၂၅၊ ၃၀ လောက်ပဲရှိဦးမယ် ငယ်ငယ်ပါ။ ရဲမှူးကတော် မဟုတ်ပါဘူး။ ရဲဝန်ထမ်း တယောက်ရဲ့ ဇနီးနဲ့ ညီမပါ။ ရဲမေတွေ ကို လည်း တပါတည်း တောင်းပန်လိုက်တော့ ကျေအေးသွားပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ကျူးလွန်သူများဘက်မှ တောင်းပန်ကြောင်း လက်မှတ်ရေးထိုးသူများမှာ မကြည်ကြည်အေး၊ မသူသူခင်နှင့် ဒေါ်ခင်ခင် ဌေး တို့ ဖြစ်ပြီး မိဘအုပ်ထိန်းသူနေရာတွင် ဦးညွန့်ဝေနှင့် ဒေါ်ခင်စန်းဟု ဖော်ပြထားကြောင်း သိရသည်။
ရွှေဆံတော်ဘုရားတွင် အမျိုးသမီးများအား စကပ်တို၊ ဘောင်းဘီတိုများ ဝတ်ဆင်ကာ ဘုရားဖူးမြော်ခြင်းကို သတိပေး တားမြစ်ထားကာ ဝတ်ဆင်လာသူများ ရှိပါကလည်း လုံချည်များ အခမဲ့ငှားရမ်းကာ ပြောင်းလဲ ဝတ်ဆင်ခိုင်းကြောင်း ဂေါပကရုံး အဖွဲ့ထံမှ သိရသည်။
စွယ်တော်တိုက်အတွင်း အခင်းဖြစ်ပွားသည့် ဗီဒီယိုမှတ်တမ်းမှာ လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်တွင် ပျံ့နှံ့ခဲ့ကာ ကျူးလွန် သူ မှာ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ဇနီးဖြစ်ကာ ပါးရိုက်ခံရသူ ရဲမေအား အမှုမဖွင့်ရန် အတွက် ဖိအားပေးမှုများ ရှိကြောင်း ဝေဖန်ပြစ်တင် ရေးသားမှုများ ထွက်ပေါ်လျက် ရှိသည်။
“ရဲမေတွေကို အမှုဖွင့်ခွင့် မပေးဘူးဆိုတာ မဟုတ်ပါဘူး ခင်ဗျာ။ သူတို့မှာ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိပါတယ်ဗျာ။ သူတို့ကိုယ်က စာနာတတ်တဲ့ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ အတွက် တဖက်နဲ့ တဖက် ပြဿနာ မဖြစ်ပါဘူး။ ကျနော့်ဇနီး မဟုတ်ပါဘူးဗျာ။ ကျနော့်ဇနီးက အိမ်ထဲက အိမ်ပြင်တောင် မထွက်တာကို။ ကျနော့်ကို ဝိုင်းတိုက်ခိုက်ထားတာ မျက်စိ စုံမှိတ်ပြီးတော့။ ကျနော့် အမျိုးသမီးက အပြင်တောင်မထွက်ပါဘူးဗျာ။ တပ်ဖွဲ့ဝင်ရဲ့ ဆွေမျိုးသားချင်းပါ”ဟု ရဲမှူး သန်းထွန်းအောင်က ဧရာဝတီကို ပြောသည်။
ရွှေဆံတော် ဘုရားပွဲတော်ကို တန်ဆောင်မုန်း လဆန်း (၈) ရက်မှ လပြည့်ကျော် (၂) ရက် (နိုဝင်ဘာလ ၁၅ ရက်မှ ၂၄ ရက်) အထိ ၁၀ ရက် ကျင်းပရာ ဗုဒ္ဓမြတ်စွယ်တော်အား နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အထိ စွယ်တော်တိုက်အတွင်း ဝင်ရောက်ဖူးမြော်ခွင့် ပေးထားခြင်း ဖြစ်သည်။