ပြည်မြို့ ရွှေဆံတော်ဘုရားတွင် ယဉ်ကျေးမှုနှင့် မလျော်ညီသည့် အဝတ်အစားများ ဝတ်ဆင်ကာ ဘုရားဝတ်ပြုသည်ဟု ဆိုကာ တားမြစ်သည့် လုံခြုံရေး ရဲမေအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် အမျိုးသမီး ၃ ဦးအား ပုဒ်မ ၃ ခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
နိုဝင်ဘာလ ၂၃ ရက်က ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်ရာ စွယ်တော်တိုက်အတွင်း ရဲဝန်ထမ်း မိသားစုဝင် အမျိုးသမီး တဦးက ထိုသို့ ဝတ်စားဆင်ယင်မှု ပြုလုပ်၍ ကိုယ်ထိ လက်ရောက် ကျူးလွန်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းထွန်းအောင်က“မနေ့က ညနေပိုင်းက အမှုဖွင့်လိုက်တာပါ။ လောလောဆယ်တော့ ရဲမေတွေကို စစ်ဆေးနေတုန်းပဲ။ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက် ဆောင်ရွက်နေပါတယ်။ ရဲစခန်းမှာ အမှုဖွင့် တာကိုတော့ ကျေအေးလို့ မရပါဘူး။ တရားရုံးရောက်မှပဲ ကာယကံရှင်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ကျေအေးချင် ကျေအေး၊ မကျေအေးချင်ရင်လည်း အမှုရင်ဆိုင်နိုင်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
အမှုဖွင့်ခံရသူ ၃ ဦးမှာ ရဲတပ်ဖွဲ့ဝင်တဦး၏ မိသားစုဝင်များဖြစ်သည့် မကြည်ကြည်အေး၊ မသူသူဇင်နှင့် ဒေါ်ခင်ခင်ဌေး တို့ ဖြစ်ကာ ၎င်းတို့အား ပြည်သူ့ဝန်ထမ်းတာဝန် ထမ်းဆောင်စဉ် လက်ရောက်ကျူးလွန်မှု ပုဒ်မ ၃၅၃ ၊ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်စဉ် သာမန်ဒဏ်ရာရရှိစေမှု ပုဒ်မ ၃၃၂ နှင့် အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် တိုက်ခိုက်ခံရသူ ရဲတပ်သား စုစန္ဒာက တရားလိုပြု အမှုဖွင့် တိုင်ကြားခြင်း ဖြစ်သည်။
ပြစ်မှုကျူးလွန်သူ ၃ ဦး ပါဝင်သည့် အမျိုးသမီးတစုမှာ စွယ်တော်တိုက်အတွင်း ဝင်ရောက်ဖူးမြော်စဉ် လုံခြုံရေး ယူထား သည့် ပြည်မြို့ မြို့မရဲစခန်းမှ ရဲတပ်သား စုစန္ဒာနှင့် ယုဇင်ဦးတို့က တားမြစ်ခဲ့ရာမှစကာ အချင်းများပြီး တားမြစ်ခံရ သူ များ ဘက်မှ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ယင်းသို့ တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်သား စုစန္ဒာမှာ ဦးခေါင်းဖူးရောင်ဒဏ်ရာနှင့် ရဲတပ်သား ယုဇင်ဦးမှာ ယာ လက်မောင်း ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
ထိုသို့ ဖြစ်ပွားပြီးနောက် ပြစ်မှုကျူးလွန်သူများက တောင်းပန်ကြောင်းနှင့် နောက်နောင် ထိုသို့ ကျူးလွန်ခြင်း မပြုလုပ် တော့ကြောင်း ရွှေဆံတော် ဂေါပကအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များရှေ့တွင် နိုဝင်ဘာလ ၂၅ ရက်က ခံဝန်လက်မှတ် ရေးထိုး တောင်းပန်ခဲ့သော်လည်း နိုဝင်ဘာလ ၂၆ ရက်တွင် ရဲတပ်သား စုစန္ဒာက တရားလိုပြု အမှုဖွင့် တိုင်ကြားလိုက်ခြင်း လည်း ဖြစ်သည်။
ရဲမှူး သန်းထွန်းအောင်က“ကျေအေးပြီးမှ ဘာလို့ အမှုဖွင့်လဲဆိုတာတော့ ကျနော်လည်း မသိပါဘူး။ ကာယကံရှင် ရဲမေ တွေကိုတော့ ပြန်လည် စစ်ဆေးတာတွေ လုပ်နေတုန်းပါ”ဟု ဆိုသည်။
စွယ်တော်တိုက်အတွင်း အခင်းဖြစ်ပွားသည့် ဗီဒီယိုမှတ်တမ်းမှာ လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်တွင် ပျံ့နှံ့ခဲ့ကာ ကျူးလွန် သူမှာ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ဇနီးဖြစ်ကာ ပါးရိုက်ခံရသူ ရဲမေအား အမှုမဖွင့်ရန်အတွက် ဖိအားပေးမှုများ ရှိကြောင်း ဝေဖန်ပြစ်တင် ရေးသားမှုများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို အမှုဖွင့် တိုင်ကြားမှုများ ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
တရားစွဲဆိုခံရသူ ၃ ဦးတွင် ပါဝင်သည့် ဒေါ်ခင်ခင်ဌေးက ရဲမေများ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် မိမိမှာ ဖြန်ဖြေပေးရန် အတွက် ကြိုးစားခဲ့ခြင်းသာ ရှိခဲ့ပြီး ရဲမေများက ပြန်လည် တရားစွဲဆိုမှု မပြုလုပ်နိုင်ရန် ခင်ပွန်းဖြစ်သူ ရဲအုပ်သန်းဌေးမှ တဆင့် ဖိအားပေးမှု ရှိခဲ့သည်ဟု လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်တွင် စွပ်စွဲပြောဆိုမှုများကို တွေ့ရကြောင်းနှင့် တောင်းပန် ပြီးသော်လည်း ယခုကဲ့သို့ တရားစွဲဆိုခံရခြင်းအပေါ် နားမလည်ကြောင်း ဧရာဝတီကို ပြောသည်။
ရဲအုပ် သန်းဌေး သည် ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် တောကျွဲအင်း နယ်မြေစခန်းမှ ဖြစ်ကြောင်း သိရသည်။
ဒေါ်ခင်ခင်ဌေးက“ဖြစ်တာက ကျမ အစ်မနဲ့ ဖြစ်တာပါ။ ကျမက ကျမ သမီးလေးနဲ့ စွယ်တော်ဖူးနေတဲ့အချိန် အစ်မနဲ့ ရဲမေတွေ ရန်ဖြစ်နေပြီး၊ CCTV မှတ်တမ်းမှာ သေချာပြန်ကြည့်ပါ။ ကျမ အစ်မက အဝါရောင်ဝမ်းဆက်နဲ့ ကျမက ပန်းရောင် ဝမ်းဆက် ဆံပင်အရှည်နဲ့ပါ။ လူစုခွဲပေးဖို့ အော်ဟစ် အကူအညီတောင်းနေရင်း ကျမ ဝင်ဆွဲတာပါ။ အဲဒါကို ကျမ အမျိုးသားရဲ့ ရာထူးနဲ့ ကျမရဲ့ နာမည်တွေတပ်ပြီး အွန်လိုင်းပေါ်မှာ မဟုတ်တာတွေ လျှောက်တင်တာပါ။ ကျမ ပြဿနာဖြစ်ပြီးတဲ့ အချိန်အထိတောင် ရဲအုပ်ရဲ့ ဇနီးဆိုတာ မပြောခဲ့ပါဘူး။ ဆိုရှယ်မီဒီယာပေါ် မဟုတ်ဘဲ အတင်ခံရ တော့ ကျမတို့ ရစရာမရှိအောင် သိက္ခာကျရပါတယ်။ အဲဒီလို တင်တဲ့လူတွေကို ဘာပြန်လုပ်မယ် ဆိုတာတော့ မိသားစုနဲ့ တိုင်ပင်ရဦးမယ်”ဟု ဆိုသည်။
ရွှေဆံတော်ဘုရားတွင် အမျိုးသမီးများအား စကပ်တို၊ ဘောင်းဘီတိုများ ဝတ်ဆင်ကာ ဘုရားဖူးမြော်ခြင်းကို သတိပေး တားမြစ်ထားကာ ဝတ်ဆင်လာသူများ ရှိပါကလည်း လုံချည်များ အခမဲ့ငှားရမ်းကာ ပြောင်းလဲ ဝတ်ဆင်ခိုင်းကြောင်း ဂေါပကရုံး အဖွဲ့ထံမှ သိရသည်။
ရွှေဆံတော် ဘုရားပွဲတော်ကို တန်ဆောင်မုန်း လဆန်း (၈) ရက်မှ လပြည့်ကျော် (၂) ရက် (နိုဝင်ဘာလ ၁၅ ရက်မှ ၂၄ ရက်) အထိ ၁၀ ရက် ကျင်းပရာ ဗုဒ္ဓမြတ်စွယ်တော်အား နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အထိ စွယ်တော်တိုက်အတွင်း ဝင်ရောက်ဖူးမြော်ခွင့် ပေးထားခြင်း ဖြစ်သည်။
ဆက်စပ် ဖတ်ရှုရန် – ပြည် ရွှေဆံတော်တွင် ရဲမေကို ပါးရိုက်သည့် ရဲဝန်ထမ်း မိသားစုဝင်များ ပြန်တောင်းပန်ရ