သတင်း

ချီဖွေတိုက်ပွဲရှောင် စခန်းအတွင်း လက်နက်ကြီးကျည်ကျ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်းရှိ ချီဖွေ ကချင် တိုက်ပွဲရှောင်စခန်း အမှတ် (၁) အတွင်း လက်နက်ကြီးကျည် ကျရောက်ခဲ့ကြောင်း တိုက်ပွဲရှောင်စခန်း အတွင်းရေးမှူး ဒေါ်ဇယ်ညွယ်က ဧရာဝတီသို့ ပြောသည်။

အိမ်ထောင်စု ၂၅ စု ရှိပြီး လူဦးရေ ၁၂၀ ကျော် နေထိုင်လျက်ရှိသော အဆိုပါတိုက်ပွဲရှောင်စခန်းအတွင်း နိုဝင်ဘာ ၂၆ ရက်တွင် စခန်းအတွင်းရှိ အိမ်တလုံးပေါ်သို့ကျရောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လက်နက်ကြီးကျည်သည် ပေါက်ကွဲခြင်း မရှိသေးသော်လည်း အိမ်ရှင်များမှာ တိမ်းရှောင်နေကြရသည်ဟုဆိုသည်။

ဒေါ်ဇယ်ညွယ်က “စစ်ရှောင်စခန်းက အိမ် တအိမ်ရဲ့ ခေါင်းမိုးပေါ်ကနေ ပေါက်ကျသွားပြီးတော့ အိမ်ရှေ့တံခါးဝပေါက်မှာ မြှုပ်နေတယ်၊ အဲထဲမှာ ရှိတဲ့ မိသားစုဝင်တွေ အကုန်လုံးက ဆွေမျိုးတွေဆီမှာ သွားနေနေ ရတယ်၊ မပေါက်ကွဲဘူး၊ ဒီအတိုင်းဘဲ အလုံးလိုက် မြုပ်နေတာ၊ ဒဏ်ရာကတော့ မရကျဘူး၊ အခုထိ မရှင်းရသေးဘူး။ ဘယ်အဖွဲ့က ပစ်တာလဲ မသိရဘူး”ဟု ပြောသည်။

မပေါက်ကွဲသေးသော အဆိုပါလက်နက်ကြီးကျည်အား ချီဖွေမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် အနီးက တပ်မတော်မှ အရာရှိများ လာရောက် စစ်ဆေးခဲ့ပြီး အန္တရာယ်မရှိအောင် ဆောင်ရွက်ပေးထားသည်ဟုသိရသော်လည်း ဖယ်ရှားသွားခြင်းတော့ မရှိသေးဟု ဆိုသည်။

အဆိုပါ တိုက်ပွဲရှောင် စခန်းသည် အစိုးရ ထိန်းချုပ်နယ်မြေအတွင်း တည်ရှိနေပြီး အနီးအနားတွင် တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ လှုပ်ရှား လျက်ရှိကြောင်း ဒုက္ခသည်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မြစ်ကြီးနားမြို့အခြေစိုက် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့( PCG)မှ ဦးဆန်းအောင် ကတော့ ချီဖွေတိုက်ပွဲရှောင် စခန်းတွင် ကျရောက်ခဲ့သည့် လက်နက်ကြီးကျည်သည် ၁၀၅ မမ ဖြစ်ပြီး KIA ထိန်းချုပ်နယ်မြေအတွင်းမှာ ဖြစ်သည့်အတွက် တပ်မတော်က ပစ်လိုက်သော လက်နက်ကြီးကျည်သာ ဖြစ် ကြောင်း ဆိုသည်။

ဦးဆန်းအောင် က “အဲဒီ လက်နက်က KIA ဘက်က မရှိတဲ့ လက်နက်ကျည်ဆံတွေလည်း ဖြစ်နေတယ်၊ ပြီးရင် ပစ်မှတ်ပေါ်မှာလည်း မကျဘူး၊ KIA ဘက်ခြမ်း ဖြစ်နေတဲ့ အခါကျတော့ တပ်ဘက်က ပစ်မှပဲ အဲဘက်ရောက်မှာ ဖြစ်နေတယ်၊ ကျနော်တို့ဆီ ဝင်လာတဲ့ သတင်း ကတော့ ၁၀၅ မမလို့ ပြောတယ်၊ ၁၀၅ မမ ဆိုတာတော့ KIA ဘက်က လုံးဝမရှိဘူးပေါ့နော်” ဟု ပြောသည်။

ချီဖွေတိုက်ပွဲရှောင်စခန်းအမှတ်(၁)သို့ ကျရောက်ခဲ့သည့် လက်နက်ကြီးကျည်ကိစ္စနှင့် ပတ်သက်ပြီး ကချင် ပြည်နယ် အစိုးရအဖွဲ့ကို ဆက်သွယ်သော်လည်း ဖုန်းကိုင်ဖြေခြင်း မရှိပါ။

ချီဖွေတိုက်ပွဲရှောင်စခန်းသည် အမှတ်(၁)တွင် နန်းလောကျေးရွာ၊ လောက်ကံကျေးရွာ၊ ဆန်နောင်ကျေးရွာ၊ လောက်ဖန်ကျေးရွာ အပါအဝင် ကျေးရွာ ၅ ရွာမှ ဒေသခံ ၁၂၀ ကျော် လာရောက် ခိုလှုံနေကြပြီး စားနပ်ရိက္ခာ အကူအညီ လိုအပ်နေကြောင်း ချီဖွေတိုက်ပွဲရှောင်အမှတ် (၁) စခန်းမှ ဒေါ်ဇယ်ညွယ်က ပြော သည်။

ချီဖွေမြို့နယ်အတွင်းမှာ တိုက်ပွဲရှောင်စခန်း အမှတ်(၁)နှင့် အမှတ်(၂) ဟု စခန်း (၂)ခုရှိသည်။ ထိုစခန်း (၂) ခု သည် ၂၀၁၂ ခုနှစ်က တပ်မတော်နှင့် KIA ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ကျေးရွာပေါင်း ၂၀ ဝန်းကျင်သည် ချီဖွေမြို့နယ်သို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြရာမှ စတင် ပေါ်ပေါက်လာသော စခန်းများ ဖြစ်ကြောင်း သိရသည်။

Loading