ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ အရှေ့ပိုင်းခရိုင် တရားရုံး၌ စစ်ဆေးလျက်ရှိရာ တရားလိုပြ သက်သေတချို့၏ တရားရုံးရှေ့ ထွက်ဆိုချက်များ ကွဲလွဲမှု ရှိနေကြောင်း တွေ့ရှိရသည်။
ယနေ့ ရုံးချိန်းတွင် စွပ်စွဲခံရသူ သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် ကျော်ဇောဟန် (ခ) ကျော်ဇောတို့၏ သိကျွမ်းသူ မိတ်ဆွေ ကိုကောင်းမြတ်လင်း (ခ) နွားကြီးနှင့် သုဝဏ္ဏမြို့နယ် (၂၄) ရပ်ကွက် ရာအိမ်မှူး ဦးအုန်းသွင် တို့ကို စစ်မေးခဲ့သည်။
ကိုကောင်းမြတ်လင်းက အချင်းဖြစ်နေ့၌ ၎င်းသည် ကျော်ဇောဟန်နှင့်အတူ VVIP စင်အောက်တွင် ကသည့်အချိန်မှစ၍ VVIP စင်ပေါ်တက်ကအပြီး ပြန်ဆင်းလာကာ ဂိတ်ပေါက်ဝအပြင်သို့ ထွက်သည့်အချိန်အထိ တောက်လျှောက်အတူရှိနေ၍ အောင်ရဲထွေးနှင့် ခိုက်ရန်ဖြစ်ပွားသည့်ကိစ္စတွင် ကျော်ဇောဟန် ပါဝင်မှု၊ ခိုက်ရန်ဖြစ်ပွားမှု လုံးဝမရှိကြောင်း နိုဝင်ဘာ ၂၇ ရက်နေ့ ရုံးချိန်းတွင် ထွက်ဆိုသည်။
VVIP စင်ပေါ် ရုန်းရင်းဆန်ခတ်ဖြစ်ချိန်တွင် ၎င်းကိုယ်တိုင် ကျော်ဇောဟန်အား လက်ဆွဲ၍ စင်အောက်သို့ အတူဆင်းလာ ကြောင်း၊ ယင်းနောက် သားကြီးနှင့် အောင်လေးတို့ ၂ ဦး ၎င်းတို့နောက်မှ ဆင်းပြေးလာပြီး ဂိတ်ဝသို့ ရောက်ရှိလာခြင်းဖြစ် ကြောင်းလည်း ကိုကောင်းမြတ်လင်း က ထွက်ဆိုသည်။
စွပ်စွဲခံရသူ အမှတ် (၃) တရားခံ ကျော်ဇောဟန်၏ အကျိုးဆောင်ရှေ့နေ ဦးချစ်ကိုကို၏ မေးမြန်းချက်များကို အထက်ပါ အတိုင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။
ကိုကောင်းမြတ်လင်းသည် ရုံးရှေ့ စွပ်စွဲခံရသူ ၃ ဦးနှင့် လွန်ခဲ့သည့် ၂ နှစ်၊ ၃ နှစ်ခန့်က စတင်၍ သိကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ရုံးရှေ့ ထွက်ဆိုချက်များအရ သိရသည်။
အလားတူပင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက် ရုံးချိန်း၌လည်း ကျော်ဇောဟန်၏ ရည်းစားဖြစ်သူ မအေးချမ်းမြင့်က အောင်ရဲထွေး အမှုတွင် ကျော်ဇောဟန် ပါဝင်မှု မရှိကြောင်း ထွက်ဆိုခဲ့သည်။
မအေးချမ်းမြင့်က“ကျမတို့ တက်သွားပြီးနောက် VVIP စင်ပေါ်တွင် ပြဿနာဖြစ် ရုန်းရင်းဆန်ခတ် သဘောမျိုးဖြစ်နေ၍ ကျော်ဇောဟန်မှ ကျမ၏ လက်ကိုဆွဲ၍ အောက်သို့ ပြန်ဆင်းလာခဲ့ပါသည်။ သားကြီးနှင့် အောင်လေးတို့ မည်သည့်နေရာ တွင် ရောက်ရှိနေကြောင်းကို မသိပါ။ ထို့နောက် ၎င်းနှင့် ကျော်ဇောဟန်တို့က သူငယ်ချင်းများကို အပြင်ဘက် ကားပါကင် တွင် စောင့်နေခဲ့သည်”ဟု ထွက်ဆိုထားသည်။
ကိုကောင်းမြတ်လင်း၏ တရားရုံးရှေ့ ထွက်ဆိုချက်များသည် ရဲထံ ထွက်ဆိုချက်များနှင့် ကွဲလွဲနေသဖြင့် ဥပဒေအရာရှိက ရဲစစ်ချက်နှင့် တိုက်ဆိုင် စစ်ဆေးခွင့် ပြုရန် တရားရုံးသို့ တင်ပြရာ တရားရုံးက တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၎င်းက ရုံးရှေ့ထွက်ဆိုချက်သည် အမှန်ဖြစ်ကြောင်း ထွက်ဆိုသည်။
ယနေ့ ရုံးချိန်းတွင် ဥပဒေအရာရှိက“စင်ပေါ်သို့ ရောက်လာပြီး ခဏအကြာတွင် စင်အောက်၌ ကနေသည့် သားကြီး၊ အောင်လေး၊ ကျော်ဇောဟန်တို့အဖွဲ့ စင်ပေါ်သို့တက်ကပြီး ကျနော်၏အနီး စင်ရှေ့ထောင့်တွင်ကနေသည့် အတွဲ ၁ တွဲမှ ကောင်လေးကို ၎င်းတို့ ဝိုင်းဝန်းထိုးကြိတ်နေသည်ကို မြင်တွေ့ခဲ့ကြောင်း ထွက်ဆိုသလားဆိုလျှင်”ဟု မေးမြန်းရာ ကိုကောင်းမြတ်လင်းက “မထွက်ဆိုခဲ့ပါ” ဟု ပြောသည်။
ဆက်လက်၍ ဥပဒေအရာရှိက“ဝိုင်းဝန်းထိုးကြိတ်၍ ကောင်လေး လဲသွားသည့်အခါ ခြေထောက်များဖြင့် ကန်သည်ကို မြင် တွေ့ ခဲ့ပါသည်ဟု ရဲထံ ထွက်ဆိုခဲ့သလား ဆိုလျှင်” ဟု မေးမြန်းရာ ကိုကောင်းမြတ်လင်းက “မထွက်ဆိုခဲ့ပါ” ဟု ထွက်ဆိုခဲ့ သည်။
ယင်းအမှုတွင် တရားလိုပြသက်သေ ၂၂ ဦး ရှိသည့်အနက် နိုဝင်ဘာ ၂၇ ရက် ရုံးချိန်းအထိ တရားလို ကိုသန့်ဇင်ဦး (အောင်ရဲထွေး အစ်ကို)၊ အောင်ရဲထွေး၏ မိဘနှစ်ဦး၊ ချစ်သူ၊ အခင်းဖြစ်ပွားခဲ့သည့် The One Entertainment Park မှ မန်နေဂျာနှင့် လုံခြုံရေးဝန်ထမ်းများ၊ စွပ်စွဲခံရသူများ၏ သူငယ်ချင်းများ အပါအဝင် စုစုပေါင်း ၁၅ ဦးကို စစ်ဆေးပြီးဖြစ်ရာ ကျန်ရှိ သက်သေ ၇ ဦးထဲမှ ၃ ဦးကို ဒီဇင်ဘာ ၄ ရက် ရုံးချိန်းတွင် ဆက်လက် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ်ကစတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် အောင်ရဲထွေးသည် ၂၀၁၇ ဒီဇင်ဘာညပိုင်းက The One Entertainment Park ၌ ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးပွဲတွင် လူတစုက ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ်လွန်သွားခဲ့သည်။
ဆက်စပ် ဖတ်ရှုရန် –
အောင်ရဲထွေးအမှု စွပ်စွဲခံရသူ ကျော်ဇောဟန် ပါဝင်မှု မရှိဟု တရားလိုပြ သက်သေ ထွက်ဆို
တရားလိုထွက်ချက်အား ဥပဒေနှင့်မညီဟု ကန့်ကွက်မှု၊ တရားရုံး လက်မခံ
အောင်ရဲထွေး ရည်းစား၏တရားရုံးနှင့် ရဲထံ ထွက်ဆိုချက်များ ကွဲလွဲမှုရှိ