ဖခင်ဖြစ်သူ ဒေါက်တာအေးမောင်၏ လမ်းစဉ်အတိုင်းသာ ရခိုင့်နိုင်ငံရေးကို လုပ်ဆောင်သွားမည်ဟု ရသေ့တောင် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ပြောသည်။
နိုဝင်ဘာလ ၂၇ ရက်က ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ယင်းသို့ ပြောဆိုခြင်း ဖြစ်ကာ ၎င်းသည် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသူ ဖြစ်သည်။
ဦးတင်မောင်ဝင်း က “ကျနော့်အဖေရဲ့ ဆန္ဒအတိုင်း ပါတီထူထောင်တာတို့၊ အကုန်လုံး ကျနော့် အဖေရဲ့ကိုယ်စား ကျနော့် အဖေရဲ့ မိတ်ဆွေတွေနဲ့ ဆောင်ရွက်နေပါတယ်။ နောက်ထပ် တဆင့်တက်ဖို့ အတွက်လည်း ကြိုးစား ဆောင်ရွက် နေပါတယ်။ ကျနော့်အဖေရဲ့ လမ်းကြောင်းအတိုင်းပါပဲ ” ဟု ဧရာဝတီ၏ မေးမြန်းမှုကို ဖြေကြားသည်။
၎င်း၏ ဖခင်ဖြစ်သူ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်သည် ရခိုင့်နိုင်ငံရေး အသိုင်းအဝန်းတွင် အမျိုးသားရေး ဝါဒီသမားအဖြစ် လူသိများသော နိုင်ငံရေးခေါင်းဆောင်တဦး ဖြစ်ကာ ဦးတင်မောင်ဝင်းမှာ နိုဝင်ဘာလ ၃ ရက်က ပြုလုပ်သည့် ရသေ့တောင် ကြားဖြတ်ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
သားဖြစ်သူ၏ အောင်မြင်မှုမှာ မိမိ၏ အောင်မြင်မှုဖြစ်ကြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အား ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party) က ဦးဆောင်မည်ဖြစ်ကြောင်း စစ်တွေမြို့တွင် နိုဝင်ဘာလ ၁၂ ရက် ရုံးထုတ်လာစဉ် ဒေါက်တာအေးမောင်က ပြောဆိုထားသည်။
ဒေါက်တာအေးမောင် ဦးဆောင်မည့် ရခိုင့်ဦးဆောင်ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၁ ရက်က ပါတီတည်ထောင်ခွင့် ပြုလိုက်ပြီဖြစ်သည်။
ဦးတင်မောင်ဝင်းက “လွှတ်တော်နိုင်ငံရေးကို ကျနော့်အနေနဲ့ အခုမှ ဝင်လာတာဆိုတော့ လေ့လာသင်ယူရဦးမှာပါ။ ပြီးမှ ဘာတွေ လုပ်ရမလဲဆိုတာ ကျနော့်အထက် စီနီယာကြီးတွေနဲ့ တိုင်ပင်ပြီး ညှိနိုင်းဆောင်ရွက်သွားမှာပါ။ မဲဆန္ဒနယ် ပြည်သူတွေအတွက်လည်း ကျနော်ရဲ့တာဝန်ကို ကျေပွန်အောင် အကောင်းဆုံး ဆောက်ရွက်သွားမှာပါ” ဟု ဆိုသည်။
ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်က ရသေ့တောင်မြို့၌ ကျင်းပသော ရခိုင် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းမှု အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် ပတ်သက်၍ ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့၏ ဟောပြောချက်များသည် ဥပဒေနှင့် မလွတ်ကင်း ဟုဆိုကာ အစိုးရ က စစ်တွေခရိုင် တရားရုံးတွင် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ စစ်တွေမြို့နယ် တရားရုံးတွင် မတရား အသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် အကြည် အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး တရားစွဲဆိုထားခြင်း ဖြစ်သည်။
စွဲချက်တင်ထားခြင်းနှင့်ပတ်သက်၍ မကျေနပ်သည့်အတွက် ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ ပြင်ဆင်မှု တက်ရောက်ထားသည်ကို တရားလွှတ်တော်က လက်ခံထားခဲ့ပြီ ဖြစ်သည့်အတွက် လာမည့် ရုံးချိန်းများတွင် စွဲချက်အား ပယ်ဖျက်သင့် ၊ မသင့်ကို နှစ်ဘက် လျှောက်လဲချက်ပေးရမည် ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
၂၀၂၀၌ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ဖို့ ဦးတည်ချက်ထားဟု ဒေါက်တာအေးမောင်ပြော
ရခိုင်ပါတီများကို တပ်လှန့်လိုက်သည့် ရသေ့တောင် ကြားဖြတ် ရလဒ်
ဒေါက်တာ အေးမောင်ကို နိုင်ငံတော်ပုန်ကန်မှုဖြင့် စွဲချက်တင်