ကျောက်ဆည် မြို့နယ် အတွင်း ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အတွက် အခြေခံပညာကျောင်း ၂၈ ကျောင်း ဆောက်လုပ်ခွင့် ရရှိခဲ့ကြောင်း ကျောက်ဆည် ခရိုင် ပညာရေးမှူးရုံးက သိရသည်။
ကျောက်ဆည်မြို့နယ် အတွင်းရှိ အချို့စာသင်ကျောင်းများသည် နှစ် ၅၀ ဝန်းကျင်ခန့် ရှိနေပြီဖြစ်ရာ အဆောက်အအုံများ ကောင်းမွန်မှု မရှိတော့ခြင်းနှင့် အချို့ကျောင်းများတွင် အဆောက်အအုံ ကောင်းကောင်း မရှိခြင်းများကြောင့် ယခုကဲ့သို့ ဆောက်လုပ်ပေးရခြင်းဟု သိရသည်။
ကျောက်ဆည် ခရိုင် ပညာရေးမှူးရုံးမှ တာဝန် ရှိသူတဦးက “ကျောင်း အဆောက်အဦး ၂၈ လုံးကို ဒီဘတ်ဂျက် နှစ်ထဲ မှာပဲ အပြီး တည်ဆောက်ပေးသွားမှာပါ” ဟု ပြောသည်။
ယင်းသို့ အခြေခံပညာ ကျောင်းအဆောက်အအုံ ဆောက်လုပ်ခွင့် ရသည့် ကျေးရွာများမှာ ပြည်တော်သာ၊ ပေါင်လောင်ကြီး၊ ရွာပုလဲ၊ ကုန်းကြီး၊ ပင်တလည်၊ တောင်တော်၊ ညွှန့်ပင်၊ ထနောင်းပင်လှ၊ ပွတ်တိုင်၊ သာစည်လေး၊ ဖျောက်ဆိပ်ပင်၊ ပဲခင်း၊ ရဲဘော်လေး၊ သင်ပုတ်၊ ကျီးပြ၊ ကိုးပင်၊ တံစိုး၊ ဟဲလှယ်၊ တောင်နောက်၊ ပေါက်ကုန်းတာတိုင်၊ ပေါက်ပင်ကွေ့၊ ရှမ်းတောင် ဦး၊ မကျီးတော၊ အုန်းကြော၊ ကြက်ဆင် ကျေးရွာများ နှင့် အမက ၃၊ အမက ၁၇၊ အမက ၁၆ တို့ဖြစ်ကြောင်း သိရသည်။
ရှမ်းတောင်ဦး ကျေးရွာမှ ကျောင်းသား မိခင် ဒေါ်ရွှေဝင်း က “ကျမတို့ ရွာကျောင်းလေးက မပြည့်မစုံနဲ့ ကလေးတွေ စာသင်နေရတာ ကြာပါပြီ။ ရွာကလည်း ငွေကြေး ပြည့်စုံတဲ့သူက လက်ချိုး ရေတွက်လို့ရတဲ့ အခြေအနေဆိုတော့ ကျောင်းသာ ရှိတာ အဆောက်အဦးက ကောင်းကောင်း မရှိဘူးရယ်၊ ကျောင်းဆောင် ဖြည့်တင်းပေးသလို ကျန်တဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်ပေးစေချင်ပါတယ်” ဟု ပြောသည်။
ကျောက်ဆည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲမင်းထွန်းမှ ၂၀၁၇ ခုနှစ် အတွင်းက ကျင်းပ ပြုလုပ်ခဲ့သည့် ဒုတိယ အကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွင် အဆိုပါ ကျောင်း အဆောက်အအုံ ဆောက်လုပ်ပေးရန် ရှိ၊ မရှိ မေးမြန်းခဲ့သည်။
ဦးရဲမင်းထွန်း က “လက်ရှိ အစိုးရကလည်း ပညာရေးကို အားပေးပြီး မူဝါဒတွေ ချမှတ် ဆောင်ရွက်နေတာဆိုတော့ ကျေးရွာတွေမှာ ဆိုရင် အချို့ စာသင်ကျောင်းတွေက နှစ်ပေါင်း ၄၀ ကျော် ၅၀ ဝန်းကျင်တွေ အထိ ရှိနေပြီ။ ကျောင်းအဆောက် အအုံ တွေက မကောင်းတော့ တာရယ်၊ အချို့ဆိုရင် ကျောင်းဆိုပြီးတော့သာ ရှိနေတာ အဆောက်အအုံ ကောင်းကောင်း မရှိတာမျိုးဆိုတော့ အခုလို ကျောင်းအဆောက် အဦးတွေ ရတာ ပြည်သူတွေကလည်း ဝမ်းသာနေကြပါတယ်။ အဲဒီကျောင်း တွေရဲ့အခြေအနေကို ကျနော် ကိုယ်တိုင် ကွင်းဆင်းပြီး ကြည့်တော့ တကယ်ကို လိုအပ်နေတဲ့ကျောင်းတွေလည်း ဖြစ်နေ တာကြောင့် လွှတ်တော်မှာ မေးမြန်းခဲ့တာပါ” ဟု ပြောသည်။
ယခု ပညာသင်နှစ်တွင် ပညာရေး ဝန်ကြီးဌာနမှ နိုင်ငံတဝှမ်းလုံးတွင် အခြေခံ ပညာကျောင်းပေါင်း ၅၀၉၉ ကျောင်းကို အဆင့် တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး အနေဖြင့် ၅၃၄ ပါဝင်ခဲ့ကြောင်း သိရသည်။