လာမည့်နှစ်တွင် ပြုလုပ်မည့် ထိုင်းရွေးကောက်ပွဲတွင် ပါတီကြီး တခုဖြစ်သည့် ဖု့ယာထိုင်းပါတီ အနေ ဖြင့် မဲဆွယ်ပွဲများကို ဦးဆောင်ရန် ပါတီ၏ အရေးပါသော ပုဂ္ဂိုလ်ဖြစ်သည့် ခွန်ယင်း ဆူဒါရက် ကူယူ ရာဖန်၊ ဒုတိယ ဝန်ကြီးချုပ်ဟောင်း ချာလမ် ယူဘမ်ရန်နှင့် ပြည်ပတွင် တိမ်းရှောင် နေသော ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာ၏ သားဖြစ်သူ ပန်သောင် တေး ရှင်နာဝပ်ထရာ တို့ကို ရွေးချယ်လိုက်သည်ဟု ပါတီ သတင်းရင်းမြစ်များ၏ အဆိုအရသိရသည်။
ပါတီ၏ အဓိက ခေါင်းဆောင် အများအပြားမှာ တခြားပါတီများသို့ သွားရောက် ပူးပေါင်းခဲ့သော ကြောင့် ၎င်းတို့ သုံးဦးကို ရွေးချယ်ရခြင်းဖြစ်ကြောင်း ထိုရင်းမြစ်ကပြောသည်။
လွန်ခဲ့သော စနေနေ့က ပါတီဝင်အဖြစ် လျှောက်ထားရန် ပန်သောင်တေး၏ အားထုတ်မှုမှာ ပါတီတွင် ဆက်လက် ရှိနေကြ သော ယခင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အားတက်စေရန် လုပ်ဆောင်မှု ဖြစ်သည်ဟု မြင်ကြသည်။
ထို့အပြင် ထိုလုပ်ရပ်ကြောင့် သက်ဆင်သည် ပါတီတွင် ဆက်လက်ရှိနေသေးကြောင်း ပိုမိုထင်ရှား စေ ရန် ပြုလုပ်သော တိတ်ဆိတ်သည့် နည်းလမ်း ဖြစ်ကြောင်းလည်း ထိုသတင်းရင်းမြစ်က ပြောသည်။
သက်ဆင်၏ သားသည် ပါတီ၏ လမ်းဘေးမဲဆွယ်ပွဲများသို့ တက်ရောက်မည် ဖြစ်သော်လည်း စကား များများ ပြောမည်ဟု မမျှော်လင့်ရပေ။
“သူတက်ရောက်တာနဲ့တင် သက်ဆက်မျိုးဆက်ဟာ ပါတီမှာရှိနေသေးကြောင်း ပြည်သူလူထုကို အာမခံချက် ပေးလိုက်တာပါပဲ” ဟုလည်း ထို သတင်းရင်းမြစ်က ပြောသည်။
အမျိုးသမီးတဦးဖြစ်သော ပါတီ ရွေးကောက်ပွဲ သေနင်္ဂဗျူဟာ ကော်မတီ ဥက္ကဋ္ဌ ခွန်ယင်း ဆူဒါရက် သည် နောက်လာမည့် ဝန်ကြီးချုပ်ဖြစ်လာရန် လူကြိုက်အများဆုံး သူများတွင် မကြာသေးမီက ထိပ်ဆုံးအထိ ရောက်လာခဲ့သည်ဟု လွန်ခဲ့သော ရက်သတ္တပတ်ကုန်က Nida လူထုသဘောထား စစ်တမ်းကဆိုသည်။
ထိုစစ်တမ်းအရ သူ၏ နောက်တွင် လက်ရှိဝန်ကြီးချုပ် ပါရာယွဒ် ချန်အိုချာ၊ Future Forward ပါတီ ခေါင်းဆောင် သန်နာ သွန် ဂျူရန်ယွန ဂရူအန်ကစ်နှင့် ဒီမိုကရက်တစ် ပါတီခေါင်းဆောင် အဘီဆစ် ဝိဇ္ဇာဇီဝတို့ ရှိနေသည်။
ခွန်ယင်း ဆူဒါရက်၏ နောက်တွင် ရောက်နေသော ဗိုလ်ချုပ်ကြီး ပရာယွဒ်က နောက်ဆုံး ထုတ်ပြန် သည့် ထိုလူထုသဘော ထား စစ်တမ်းကို အလေးမထားသကဲ့သို့ နေသည်။
ထို လူထုသဘောထား စစ်တမ်းသည် လူထောင်ဂဏန်း အနည်းငယ်မျှကိုသာ လိုက်လံမေးမြန်းသည့် စစ်တမ်း ဖြစ်ကြောင်း နှင့် တနိုင်ငံလုံး၏ အသံကို ကိုယ်စားပြုနိုင်ခြင်း မရှိကြောင်းပြောသည်။
“တခါတခါကျတော့လည်း လူထုသဘောထား စစ်တမ်းထက်ပို အရေးကြီးတာတွေ ရှိပါတယ်” ဟု ဗိုလ်ချုပ်ကြီး ပရာယွဒ်က ပြောသည်။
Nida လူထု သဘောထားစစ်တမ်းအရ ဖု့ယာထိုင်းပါတီသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကျင်းပ ရန် ပမာဏ လျာထား သော အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရန်လည်း ရေပန်းအစားဆုံး ပါတီ ဖြစ်နေသည်။ တချို့သော နိုင်ငံရေးသမား များသည် သူအစိုးရ၏ လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး လူထုအမြင် ဝေဝါးစေရန် လှည့်ကွက်ဟောင်းများကိုသာ အသုံးပြုနေကြောင်း ဗိုလ်ချုပ်ကြီး ပရာယွဒ် က ပြောသည်။
သို့သော် လူထုသည် ၂၀၁၄ ခုနှစ် မေလတွင် ယခင်အစိုးရ ဖြုတ်ချခံရချိန်မှစတင်ပြီး အခြေအနေကို များစွာ လေ့လာမိ လိမ့်မည်ဟု ယုံကြည်ကြောင်း သူက ပြောသည်။
တချိန်တည်းတွင်ပင် ဒုတိယ ဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝမ်က Nida လူထု သဘောထားစစ်တမ်းက အသုံးပြုသော နည်းလမ်းများနှင့်ပတ်သက်ပြီး အံ့သြမိသည်ဟု ပြောသည်။
ရွေးကောက်ပွဲကျင်းပရန် အချိန် နှစ်လမှ သုံးလအထိ လိုသေးကြောင်းနှင့် ထို့ကြောင့် လူထုသဘော ထား စစ်တမ်းတခု တည်းအပေါ် အခြေခံပြီး မည်သူနိုင်မည်၊ ရှုံးမည်ကို ပြောရန် စောလွန်းနေသေး ကြောင်း စစ်အစိုးရကို ထောက်ခံသော ပလန် ပရာချတ်ပါတီ (PPRP) ခေါင်းဆောင်အနေဖြင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဆူဗစ် မေဆင်စီက ပြောသည်။
အာရှပညာရှင်များ၏ ဥပဒေဌာန (Faculty of Law College of Asian Scholars) ၏ ဥက္ကဋ္ဌ ဂျိတ် ဒွန်နာဗန်နစ်ခ်ကမူ ၎င်းတို့၏ ရွေးကောက်ပွဲဝင်သည့် သေနင်္ဂဗျူဟာများကို အခြေခံပြီး နိုင်ငံရေး ပါတီများကို အုပ်စု သုံးခု ခွဲခြားလိုက်သည်။
ပထမ အုပ်စုတွင် ဒီမိုကရက် ဘမ်ဂျိုင်ထိုင်၊ ချတ်ထိုင်း ပတ်တနာ ပါတီများပါဝင်သည်။ ထိုပါတီများ သည် မဲဆန္ဒနယ် အခြေခံ တောင့်တင်းသော ယခင် လွှတ်တော်ကိုယ်စားလှယ်များကို အားကိုးသည်ဟု သူက ဆိုသည်။
ဒုတိယအုပ်စုမှာ သက်ဆင်နှင့် ပတ်သက်သော ဖု့ယာထိုင်းပါတီ၊ ထိုင်းရက်ဆာချ် နှင့် တခြား မဟာမိတ်ပါတီများ ဖြစ်သည်ဟု ဆိုသည်။
ဖု့ယာထိုင်းပါတီသည် မဲဆန္ဒနယ် များနိုင်သမျှ များများတွင် မဲအများဆုံး ရနိုင်ရေးအတွက် ပါတီကို ခွဲထုတ်ပြီး ပါတီဝင် များကို ပါတီသစ်များ ဖွဲ့ရန်စေလွှတ်ခဲ့သည်ဟုလည်း သူက ပြောသည်။
တတိယအုပ်စုမှာ စစ်အစိုးရလိုလားသော PPRP ပါဝင်ပြီး လူပုဂ္ဂိုလ် တဦးချင်းကို အားကိုကာ မဲဆန္ဒနယ် များတွင် အနိုင်ရရန် အားထားနေသည်ဟု ဂျိတ်က ဆိုသည်။
ထို့ကြောင့်ပင် ထိုပါတီသည် လူထုထောက်ခံမှုရှိသော ယခင် လွှတ်တော် ကိုယ်စားလှယ်ဟောင်း အများအပြားကို စည်းရုံးသည်ဟု သူက ဆက်ပြောသည်။
PPRP သည် လွှတ်တော်တွင် ၁၂၆ နေရာရရှိပါက အစိုးရဖွဲ့နိုင်ပြီး အထက် လွှတ်တော်ရွေးချယ်မှု အပေါ် သြဇာအကြီး အကျယ် သက်ရောက်ကာ ၎င်းတို့ ရွေးချယ်သော သူသည် ဝန်ကြီးချုပ်ဖြစ် လာမည်ဟု ဂျိတ်က ပြောသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပဖြစ်ပါက လွန်ခဲ့သော တနင်္လာနေ့သည် နိုင်ငံရေး သမားများ အနေဖြင့် ထိုရွေးကောက်ပွဲဝင်ရန် နောက်ဆုံး တရားဝင်နေ့ ဖြစ်သည်။
ဒုတိယ ဝန်ကြီးချုပ်ဟောင်း ဆုမ်ပေါင် အမွန်ဗီဗက်သည် မူူလက ဖု့ယာထိုင်းပါတီ၏ မဟာမိတ် ဖု့ယာသမ်ပါတီ ခေါင်းဆောင်အဖြစ် ရွေးကောက်ပွဲဝင်ရန် လျှောက်ထားပြီးမှ ဖုယာ့ထိုင်းအဖွဲ့ဝင်အဖြစ် ပြန်လည် လျှောက်ထားသည်။
သူသည် ချင်းမိုင်တွင် ယှဉ်ပြိုင်မည်ဟု ယုံကြည်ရပြီး ယခင် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဟောင်း ၏ သားဖြစ်သူ ဒက်နတ်တော်သစ် တာရီရာပီရွမ်၏ နေရာတွင် အစားထိုး ဝင်ရောက်မည် ဖြစ်သည်။
ယခင် ဗိုလ်ချုပ်ကြီး ချာဗာလစ်ယောင်ချိုင်ယုဒ် အစိုးရလက်ထက်က သယ်ယူပို့ဆောင်ရေး ဒုဝန်ကြီး ဟောင်း အရမ် လိုဗီရာနှင့် မြို့တော်ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲဟောင်း ရဲဗိုလ်ချုပ် ဝီချိုင်း ဆန်ပရာ ပိုင်သည် တို့သည် ဒီမိုကရက် အဖွဲ့ဝင်ဖြစ်ခွင့် လျှောက်ထားကြသည်။
နိုင်ငံအရှေ့ပိုင်း ရှပ်နီ၏ အဓိက အမျိုးသမီး ခေါင်းဆောင် ဂျူရီပွန် ဆင်သူပရိုင်က သူသည် နိုင်ငံရေးပဋိပက္ခ အဆုံးသတ် လိုသောကြောင့် PPRP အဖွဲ့ဝင်အဖြစ် လျှောက်ထားမည်ဟု ဆိုသည်။