ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ မလေးရှားနိုင်ငံသို့ သွားနေသည့် ရိုဟင်ဂျာခေါ် ဘင်္ဂလီ ၉၃ ဦးကို မြန်မာရေတပ်က ထားဝယ်ကမ်းလွန်ရှိ စက်လှေတစင်းတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ ညက ဖမ်းမိကြောင်း ငါးဖမ်းသမားများနှင့် ရဲတပ်ဖွဲ့ကပြောသည်။
ထိုစက်လှေကို ပထမဆုံးတွေ့ရှိပြီး ဝိုင်းထားကာ ရေတပ်ကို ခေါ်ယူသော ဒေသခံများတွင် သူလည်း ပါဝင်ကြောင်း နှင့် ရေတပ်က ထိုစက်လှေနှင့် ခရီးသည်များကို ပင်လယ်ပြင်တွင် ဖမ်းလိုက်ကြောင်း ကိုနိုင်လင်းက ဧရာဝတီ သတင်းဌာနသို့ပြောသည်။
“လှေပေါ်ကသူတွေက မြန်မာစကားမပြောတတ်လို့ လောင်းလုံက ဗလီဆရာ နှစ်ယောက်က သူတို့ရဲ့ထွက်ဆိုချက်တွေကို အာဏာပိုင်တွေအတွက် ဘာသာပြန်ပေးရတယ်” ဟု ကိုနိုင်လင်းက ပြောသည်။
၎င်းတို့ကို ကမ်းခြေသို့ခေါ်သွားပါက ဒေသခံများက ဆန့်ကျင်မည်ကို စိုးသဖြင့် ရေတပ်သည် ၎င်းတို့ကို ပင်လယ်ပြင်တွင်သာ ထိန်းသိမ်းထားသည်ဟု ကိုနိုင်လင်းပြောသည်။ ထိုစက်လှေကို ရေတပ် သင်္ဘောတစင်းတွင် ချည်နှောင်ထားပြီး အာဏာပိုင်များသည် ခရီးသည်များအတွက် ပုံမှန် အစားအသောက်များ ပေးပို့နေကြောင်းလည်း သူပြောသည်။
“ ရခိုင်မြောက်ပိုင်း အကြောင်းကြားဖူးနေတော့ ဒေသခံတွေက သူတို့ကိုကြောက်ကြတယ်” ဟုလည်း သူပြောသည်။
ထိုသို့သော ဖြစ်ရပ်များသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ပွင့်လင်းရာသီတွင် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သောကြောင့် ဒေသခံများအနေဖြင့် ထိတ်လန့်စရာမလိုကြောင်း ပြောရေးဆိုခွင့်ရသူ မဟုတ်သောကြောင့် အမည်မဖေါ်လိုသော လောင်းလုံရဲစခန်းမှ အရာရှိတဦးက ပြောသည်။
ထိုစက်လှေကို အောက်ဘော့ကျွန်း၏ အနောက်ဖက် ၁၀ ကီလိုမီတာခန့်တွင် တွေ့ရှိခြင်းဖြစ်ကြောင်း၊ ခရီးသည်များမှာ ဘင်္ဂလီများဖြစ်ကြောင်း အစိုးရ၏ အသုံးအနှုန်းအတိုင်း ရဲအရာရှိက ပြောသည်။
ထိုသူများသည် ကျပ်ငွေ သိန်း ၁၈၀ ခန့် ဝိုင်းဝန်းထည့်ဝင်ပြီး ထိုစက်လှေကို စစ်တွေရှိ ငါးဖမ်းသမားတဦးထံမှ ဝယ်ယူခဲ့ကြောင်း၊ တဦးလျှင် ကျပ် ၃ သိန်းမှ ၅ သန်းအထိ ပေးခဲ့ရသည်ဟု အာဏာပိုင်များထံ ထွက်ဆိုကြောင်း ထိုရဲအရာရှိကပြောသည်။
ထိုအုပ်စုသည် ထားဝယ်မှ ကီလိုမီတာ တထောင်ခန့်ဝေးသည့် စစ်တွေမှ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စတင်ထွက်ခွာလာခဲ့ပြီး ၎င်းတို့အနက် ၃၂ ဦးမှာ ၁၈ နှစ်အောက်များဖြစ်ကြောင်း သူက ဆက်ရှင်းပြသည်။ ထိုသူများအားလုံးသည် ၂၀၁၂ ခုနှစ်က အသိုင်းအဝန်းနှစ်ခုကြား ပဋိပက္ခကြောင့် နေရပ်စွန့်ခွာခဲ့ရသူများ နေထိုင်ရာ ဒါးပိုင် စခန်းမှ ဖြစ်ကြောင်းလည်း သိရသည်။ ထိုစဉ်က မွတ်ဆလင် ဒေသခံ ၁၄၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည်။
စစ်တွေရှိ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် အသိုင်းအဝန်းများကို တင်းကျပ်စွာ ခွဲထားရဆဲဖြစ်သည်။ မွတ်ဆလင်များသည် ဒေသဈေးသို့မသွားနိုင်သလို အာဏာပိုင်များ၏ ခွင့်ပြုချက်မရဘဲ စစ်တွေမှ ထွက်ခွာခွင့်မရှိသောကြောင့် ၎င်းတို့အသိုင်းအဝန်းတွင် စားဝတ်နေရေး ကျပ်တည်းပြီး စခန်းများမှ အခြားနိုင်ငံများသို့ ထွက်ပြေးရန် တခါတရံ အန္တရာယ်များသော ရေလမ်းကိုပင် သုံးကာ ကြိုးစားကြသည်။
နိုင်ငံတကာ နယ်နိမတ်ကို တရားမဝင် ဖြတ်ကျော်ရန် ကြိုးစားသောကြောင့် ထိုသူများကို အရေးယူမည် သို့မဟုတ် စစ်တွေသို့ ပြန်လည်ပို့ဆောင်မည်ကို အဆင့်မြင့် အာဏာပိုင်များ စဉ်းစားနေဆဲဖြစ်သော်လည်း စစ်တွေသို့ ပြန်လည်ပို့ဆောင်ရန်သာ များကြောင်း လောင်းလုံ တာဝန်ကျ ရဲအရာရှိက ဆိုသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့က ဒါးပိုင်စခန်းမှ လူ ၆၀ သယ်ဆောင်လာသော ဒုတိယ စက်လှေတစင်းကို ခရီးစတင်ပြီး မကြာမီ ရခိုင်ပြည်နယ်တွင်ပင် လွန်ခဲ့သောအပတ်က ဖမ်းမိခဲ့သည်။
ထိုဖြစ်ရပ်မတိုင်မီ တပတ်ကလည်း ရန်ကုန်မှ အာဏာပိုင်များသည် ကလေးငယ်များ အပါအဝင် လူ ၁၀၀ ကျော်သယ်ဆောင်ပြီး မလေးရှားသို့ ဦတည်နေသော စက်လှေ တစင်းကို ဖမ်းမိခဲ့သည်။ ထိုစက်လှေမှာ အင်ဂျင်ပျက်သွားသောကြောင့် ပင်လယ်တွင်မျောနေသည်မှာ ရက် ၂၀ ခန့်ရှိပြီဖြစ်ပြီး ထိုကာလအတွင် စက်လှေပေါ်မှ အမျိုးသမီးတဦး သေဆုံးခဲ့သည်။
(93 Rohingya Headed For Malaysia Being Held at Sea by Navy in Tanintharyi ကို ဘာသာပြန်ဆိုသည်။)