ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးအတွင်း ပုလင်းထဲ သံတိုသံစများထည့်ထား သည့် လက်လုပ်မိုင်း နှစ် လုံးအား ရက်ပိုင်းအတွင်း တွေ့ရှိခဲ့သည့်အတွက် လုံခြုံရေးအရ စိုးရိမ်ရ ကြောင်း အင်းစိန်မြို့နယ်၊ အမှတ် ၂ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်က အင်းစိန်ဈေးအတွင်းရှိ ငှက်ပျောသီးများရောင်းချရာနေရာ၌ လက်လုပ် မိုင်းတွေ့ခဲ့ပြီးနောက် ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ဈေး (E) ရုံအတွင်းရှိ အပ်ချုပ်ဆိုင်တဆိုင်၌ ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်လုပ်မိုင်း နှစ်ခုမှာလည်း ပုံစံတူဖြစ်ကြောင်း သိရသည်။
ဦးဝေဖြိုးဟန်က “ဒါက သံသယရှိစရာပါပဲ၊ ဒီလိုကိစ္စတွေက ပေါ့ပေါ့လေး လုပ်လို့မရဘူး၊ ဘာမှ မဖြစ် တော့ပါဘူးဆိုပြီး လုပ် လို့ မရဘူး။ ပထမတကြိမ်ထဲက ကျယ်ကျယ်ပြန့်ပြန့် သတိပေးမှုတွေ လုပ်ပြီး လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ထားမယ်ဆိုရင် ဒီနေ့ ထပ်ဖြစ်စရာ အကြောင်းမရှိပါဘူး။ ကိစ္စရပ်တခု အပေါ်မှာ ဖုံးတာဖိတာမလုပ်ဘဲနဲ့ လူထုကို ပွင့်ပွင့်လင်းလင်း ချပြရှင်း ပြထားရင် လူတွေကလည်း သတိရှိရှိနဲ့ လုပ်ကိုင်လို့ရတာပေါ့” ဟု ပြောသည်။
ပထမအကြိမ် လက်လုပ်မိုင်းတွေ့ရှိမှုတွင် တာဝန်ရှိသူများထံ အကြောင်းကြားမှုမရှိဘဲ ကိုယ်တိုင် ဖြေ ရှင်းမှု ပြုလုပ်ခဲ့သည့် အတွက် မသိရှိခဲ့ကြောင်းနှင့် ယနေ့မနက် ဖြစ်စဉ်ဖြစ်မှသာ ဆက်စပ်သိရခြင်း ဖြစ်ကြောင်း အင်းစိန်ဈေးကုန်းအနောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
အင်းစိန်ဈေးကုန်းအနောက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကြီးက “ပထမတကြိမ်ကတော့ ဒီ အတိုင်းပဲ ရှင်းလိုက်တာ၊ ကျနော်တို့ တောင် မသိလိုက်ဘူး။ ၂၃ ရက်နေ့က ငှက်ပျောသီးဆိုင်မှာ ဖြစ်သွားတာ၊ ပုံစံက အတူတူပဲ။ အသေးစားမိုင်း ပုံစံမျိုး၊ အချိုရှည်ပုလင်းထဲမှာ ဒီဇယ်နဲ့ တခုခုနဲ့ ရောထားတယ် ထင်တယ်။ ပုလင်းထဲမှာက သံချောင်းလေးတွေ အချောင်းနှစ်ရာလောက် ထည့်ထား တာ။ အဲဒီပုလင်းကမှ မီးကြိုးနှစ်စကို ပလပ်မှာ တပ်ထားတာ။ တကယ်လို့ ပလပ်ဖွင့်လိုက်မိရင် အသေးစား ပေါက်ကွဲမှု ဖြစ်မယ်ထင်တာပဲ” ဟု ပြောသည်။
၎င်းက “ထိခိုက်မှု ကြီးကြီးမားမားမဟုတ်ဘဲ အထိတ်တလန့် ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာ ထင်ပါတယ်” သုံးသပ်သည်။
အများပြည်သူ အသုံးပြုသည့် ဈေးရုံအတွင်း လက်လုပ်မိုင်း တွေ့ရှိမှုနှင့်ပတ်သက်ပြီး ရဲစခန်း၌ အမှု ဖွင့်လှစ်ထားပြီး လုံခြုံရေးအရ တိုးမြှင့်ဆောင်ရွက်သွားရန်လည်း ဈေးများဌာနနှင့် ညှိနှိုင်းလုပ် ဆောင်မည်ဖြစ်ကြောင်း သိရသည်။