မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင် ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်းကျောင်းတခု ထူထောင်မည့် အစီအစဉ်၏ နောက်ကွယ်တွင် သဘာထား တင်းမာသော အမျိုးသားရေးဝါဒီများ ရှိနေသောကြောင့် အစိုးရက ခွင့်ပြုချက်ကို ဆိုင်းငံ့ထားသည်ဟု ဆရာတော် ဦးဝီရသူက မိန့်ကြားလိုက်သည်။
“အဲဒီမြေကွက်မှာ ကျောင်းဆောက်ဖို့တရားမဝင်ဘူးလို့ တိုင်းအစိုးရက ပြောတယ်။ တကယ်တော့ ကျောင်းဆောက်ခွင့် မပေးတာက ဒီအကြောင်းကြောင့် မဟုတ်ဘူး” ဟု ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာရှိ မဟော်သဓာ အမျိုးသား ရေး ကိုယ်ပိုင် အထက်တန်းကျောင်း ဖွင့်လှစ်ရန် စီစဉ်ထားသော နေရာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးဝီရသူက သတင်းထောက်များအား မိန့်သည်။
အမျိုးသားရေး ဝါဒီလည်း ဖြစ်သူ ၎င်းက ဆက်လက်ပြီး “ဒါက အမျိုးသားရေးသမားတွေ လုပ်တာဖြစ်လို့၊ ဝီရသူ လုပ် တာ ဖြစ်လို့၊ မဘသ အဖွဲ့ဝင်တွေ ဖြစ်လို့ ဆိုတာကြောင့်ပဲ။ အကယ်လို့သာ ဒီကျောင်းဟာ မွတ်စလင်တွေက ဖွင့်တဲ့ အာရဗီ ကျောင်း သာ ဆိုရင် အစိုးရက ဖွင့်ခွင့်ပေးရုံသာမက ဖဲကြိုးတောင် လာပြီး ဖြတ်ပေးလိမ့်မယ်”ဟု မိန့်ကြား သည်။
မွတ်စလင် ဆန့်ကျင်ရေး တရားများ၊ ဘာသာရေး လူမျိုးရေး အမုန်းပွားစေမည့် စကားများနှင့် တရားများ ဟောပြောမှု ကြောင့် ဦးဝီရသူသည် ၂၀၁၇ ခုနှစ် မတ်လတွင် တရားဟောခွင့် တနှစ် ပိတ်ပင်ခံခဲ့ရသည်။
ထို့ပြင် သူ၏ Facebook လူမှုကွန်ရက်ပေါ်တွင် အမုန်းစကားများ ဖြန့်ဝေခြင်းကြောင့် သူ၏ အကောင့်ကိုလည်း ဖေ့စ်ဘုတ် က ယခုနှစ် ဖေဖော်ဝါရီလတွင် ပိတ်ပင်ခဲ့သည်။
သံဃမဟာနာယက အဖွဲ့က အမျိုးသားရေး အစွန်းရောက် မဘသ အဖွဲ့ကိုလည်း တရားမဝင်ကြောင်း ကြေညာ ခဲ့သော်လည်း ထိုအဖွဲ့သည် ပိတ်ပင်မှုကို ရှောင်ကွင်းရန် အမည်ပြောင်းခဲ့သည်။
မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင် ဆောက်လုပ်ရေး အတွက် ခွင့်ပြုချက် တောင်းခံနေသည်မှာ တနှစ်ကျော်ပြီ ဖြစ်သော်လည်း ယနေ့အထိ ခွင့်ပြုချက်မရကြောင်း ဆရာတော်က မိန့်သည်။
“ဒီကျောင်းက နိုင်ငံရေးနဲ့ ဘာမှမဆိုင်သလို အစိုးရကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက်လည်း မရှိဘူး။ ဆင်းရဲသားတွေကို အခမဲ့ ပညာသင်ကြားပေးဖို့ပဲ။ ဒါပေမယ့် အမျိုးသားရေး သမားတွေ ဘာလုပ်လုပ် အစိုးရက လိုက်ဖိနှိပ်နေတယ်။ ဒါ ဒီမိုကရေစီ မဟုတ်ဘူး”ဟုလည်း ဦးဝီရသူက မိန့်ကြားသည်။
၎င်းက ဆက်လက်ပြီး“သူတို့တောင်းတဲ့ စာရွက်စာတမ်းတွေကိုလည်း အကုန်လုံး တင်ပြီးပြီ။ ဆိုတော့ ဆက်မစောင့်နိုင် တော့ဘူး။ ဒါကြောင့် ဘာဖြစ်ဖြစ် ကျောင်းဆောက်ဖို့ကို စပြီးလုပ်တော့မယ်။ အစိုးရက ဒီမိုကရေစီကို မလိုက်နာဘဲ တရား ဥပဒေ စိုးမိုးမှုကို အလွဲသုံးပြီး ဖိနှိပ်ချင်နေရင်တော့ ဝီရသူ ဆိုတာ ဘယ်လိုလူလဲ ဆိုတာကို အခု သိထားတာ ထက် ပိုပြီး သိအောင်လုပ်မယ်”ဟု မိန့်သည်။
ထို့ပြင် ကျောင်းဆောက်ရန်အတွက် ခွင့်ပြုချက်တောင်းသော အိတ်ဖွင့်ပေးစာတစောင်ကို မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်ထံ ဇူလိုင်လက လိပ်မူ ထုတ်ပြန်ခဲ့သည်ဟုလည်း ဆရာတော်က မိန့်ဆိုသည်။
နိုဝင်ဘာလ ၂၅ ရက်က သတင်းထောက်များထံ ဖြန့်ချိခဲ့သော ထိုအိတ်ဖွင့်ပေးစာတွင် ကျောင်းဖြစ်မြောက်ရေး ကော် မတီ တွင် ယခင် တိုင်းဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ အပါအဝင် အခြား အစိုးရ အရာရှိဟောင်းများလည်း ပါဝင်သည် ကို ဖော်ပြထားသည်။
အဆိုပါ ကော်မတီဝင်များ ပါဝင်နေသည်ကို ကြည့်၍ ကျောင်းဖြစ်မြောက်ရေးသည် နိုင်ငံရေး၊ အမျိုးသားရေး ကိစ္စများ ပါဝင်မည်ဟု မယူဆသင့်ကြောင်း၊ ကော်မတီဝင်များ အားလုံးသည် ပညာရေးကိုသာ အာရုံစိုက်ပြီး နိုင်ငံရေး၊ အမျိုးသားရေး တို့ကို မစဉ်းစားကြောင်း ယင်းစာတွင် ဖော်ပြထားသည်။
“အစိုးရနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ ပူးပေါင်းပါဝင်လိုပါက နွေးထွေးစွာ ကြိုဆိုကြောင်း၊ သို့သော် အမျိုးသားရေး စိတ်ဓာတ် အခြေခံရှိရမည် ဖြစ်ကြောင်း”လည်း ယင်းအိပ်ဖွင့်ပေးစာတွင် ပါရှိထားသည်။
အဆိုပါ မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင် အထက်တန်းကျောင်း ကိစ္စနှင့်ပတ်သက်၍ မန္တလေးတိုင်း အာဏာပိုင် များ ထံမှ မှတ်ချက် တစုံတရာ ရရှိရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
ပုသိမ်ကြီး မြို့နယ်၊ ကျောက်ချော ကျေးရွာတွင် လေးထပ်ကျောင်း ဆောက်ရန် ခွင့်ပြုချက်ကို ၂၀၁၇ ခုနှစ် နှစ်လယ်က လျှောက်ထားခဲ့ကြောင်းနှင့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့ကြောင်း ကျောင်းဖြစ်မြောက်ရေး ကော်မတီဝင်များက ဆိုသည်။
တိုင်းအစိုးရသည် လိုအပ်သော စာရွက်စာတမ်း အများအပြားကို တောင်းခံခဲ့သော်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလက အုတ်မြစ်ချပွဲ ကျင်းပမည့် အစီအစဉ်ကို ဆက်လက် မပြုလုပ်ရန် တားမြစ်ခဲ့ကြောင်း ထိုသူများက ပြောသည်။
“အဲဒီကစပြီး ဘာသတင်းမှ မကြားရတော့ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတရုံးကိုလည်း စာပို့ထားတယ်။ ဒါပေမယ့် ဒီစာကို သမ္မတရုံးကလည်း လျစ်လျှူရှုထားတော့ အခုထိ ဘာအကြောင်းပြန်ချက်မှ မရသေးဘူး”ဟု ကျောင်း တည်ဆောက်ရေး ကော်မတီ ဒု ဥက္ကဌ (၁) ဦးမျိုးချစ်က ပြောပြသည်။
၎င်းက ဆက်လက်၍ လွန်ခဲ့သောနှစ်မှ စတင်ပြီး မဟော်သဓာ အထက်တန်းကျောင်း တကျောင်းကို ရန်ကုန်နှင့် အခြား တကျောင်းတခုအား စစ်တွေတွင် စတင်ဖွင့်လှစ်ထားခဲ့ပြီး ပြဿနာတစုံတရာ မရှိခဲ့ကြောင်းလည်း ဆိုသည်။
“ကျောင်းရဲ့အမည်မှာ အမျိုးသားရေးဆိုတာပါနေလို့ တိုင်းအစိုးရက ခွင့်ပြုချက် မပေးချင်တာလို့ ကျနော်တို့ ယုံကြည် တယ်။ ခွင့်ပြုချက်ရဖို့ ဒါကို ဖြုတ်မပေးနိုင်ဘူး။ တကယ်တော့ အမျိုးသားရေးဆိုတာလည်း ကလေးတွေအတွက် ပညာ ရေး လိုပဲ အရေးကြီးတယ်”ဟု ဦးမျိုးချစ်က ပြောသည်။
“ကျနော်တို့က အစိုးရက စိတ်ပူနေသလို အမျိုးသားရေးကိုချည်း ဇောင်းပေးလုပ်နေတာ မဟုတ်ဘူး။ အဓိကက ကလေး တွေကို အခမဲ့ပညာရေး သင်ကြားပေးဖို့ပဲ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ကျောင်းဆောက်ဖို့ကို စလုပ် တော့ မယ်။ ၂၀၁၈-၁၉ ပညာသင်နှစ်မှာ ကျောင်းဖွင့်နိုင်အောင် ကြိုးစားမယ်”ဟု ဆက်လက် ပြောဆိုသည်။
ကျောင်းဆောက်လုပ်ရန် ပြင်ဆင်ထားသော နေရာတွင် လက်ရှိ အုတ်တံတိုင်းနှင့် မုခ်ဦး ဆောက်လုပ်ထားပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် ကျောက်ချောကျေးရွာ ပတ်ဝန်းကျင်မှ ၉ တန်းနှင့် ၁၀ တန်း ကျောင်းသား ကျောင်းသူ ၂၀၀ ခန့် ကို ကျောင်းချိန်ပြင်ပ စာဖတ်ဝိုင်း ဖွင့်လှစ်ထားပေးပြီး အခမဲ့ ပညာဒါန ပေးထားကြောင်း သိရသည်။