ဦးကိုနီ လုပ်ကြံခံရချိန်၌ လေဆိပ် လုံခြုံရေး အရာရှိအဖြစ် တာဝန် ထမ်းဆောင်နေသူ ရဲမှူးကြီး ဝင်းမင်းသိန်းသည် သက်သေ ထွက်ဆိုပေးရန် ယနေ့ ရုံးချိန်း၌ ထပ်မံ ပျက်ကွက်ကြောင်း တရားလို ရှေ့နေများက ပြောသည်။
၎င်းအနေဖြင့် ရဲတပ်ဖွဲ့ အားကစားပြိုင်ပွဲတွင် တာဝန်ယူ ဆောင်ရွက်ပေးနေရသည့် အတွက် ယခုတပတ် ရုံးချိန်း များ အား ကင်းလွတ်ခွင့်ပြုရန် တရားရုံးသို့ လျှောက်ထားစာ ပေးပို့ခြင်း ဖြစ်ပြီး တရားရုံးက လက်ခံခဲ့ကြောင်း သိရသည်။
တရားလို ရှေ့နေ ဦးမင်းမင်းဇော်က“ပျက်တာ ရုံးချိန်း သုံးချိန်းလောက်တော့ ရှိပြီ။ သူ့ဆီကို အောင်ဝင်းခိုင်နဲ့ အောင် ဝင်းဇော်တို့ လုပ်ကြံမှု ဖြစ်တဲ့နေ့က တကယ် လာမလာ ထွက်ဆိုပေးရဖွယ် ရှိတယ်”ဟု ပြောသည်။
ဦးကိုနီ လုပ်ကြံခံရချိန်တွင် လေဆိပ်သို့ ရောက်ရှိနေသည့် အောင်ဝင်းဇော်နှင့် အောင်ဝင်းခိုင်တို့ အနေဖြင့် ရဲမှူးကြီး ဝင်း မင်းသိန်းထံ လာရောက် တွေ့ဆုံခြင်းသာ ဖြစ်ကြောင်း ထွက်ဆိုမှုများ ရှိထားသည်။
ရဲမှူးကြီး ဝင်းမင်းသိန်းနှင့် ပတ်သက်၍ အောင်ဝင်းဇော်က“လာမှာပါ။သူလဲ နိုင်ငံ့ ဝန်ထမ်း တယောက်ပဲ။ တကယ် မအားလို့ နေမှာပါ”ဟု ယနေ့ ရုံးချိန်း အပြီးတွင် ပြောသည်။
ယနေ့ ရုံးချိန်းတွင် ဇေယျာဖြိုး၏ သက်သေ အဖြစ် ၎င်းနှင့်အတူ ထောက်လှမ်းရေး သင်တန်း တပတ်စဉ်တည်း အတူ တက်ခဲ့သည့် အပြင် ၎င်းပိုင် ကုမ္ပဏီတွင်လည်း လုပ်ကိုင်ဖူးသူ ဦးဝေမင်းအား စစ်ဆေးခဲ့သည်။
ဦးဝေမင်း၏ ထွက်ဆိုချက်တွင် ယခင် ရုံးချိန်းများ၌ ဇေယျာဖြိုး၏ကုမ္ပဏီ ဝန်ထမ်းများ အဖြစ် သက်သေ ထွက်ဆိုခဲ့ကြ သည့် ဦးကျော်လင်းသန်းနှင့် ဦးသန်းဝင်းတို့အား ကုမ္ပဏီ ဝန်ထမ်းများ မဟုတ်ကြောင်း ထွက်ဆိုခဲ့သည့်အတွက် သက်သေ အချင်းချင်းကြား ထွက်ဆိုချက်များ ကွဲလွဲမှု ရှိကြောင်း တရားလိုဘက် ရှေ့နေက ထောက်ပြခဲ့သည်။
ဇေယျာဖြိုးက ၎င်းအနေဖြင့် ပါဝင် ပတ်သက်မှု မရှိသည့် အမှု ဖြေရှင်းနေရခြင်းသာ ဖြစ်ကြောင်း တရားရုံးမှ အပြန်တွင် ထပ်မံ ပြောကြားသွားသည်။
အမှု စစ်ဆေးနေသည်မှာ ရုံးချိန်းပေါင်း ၉၀ ခန့် ရှိပြီဖြစ်ပြီး ဆက်လက် စစ်ဆေးရန် သက်သေ ၂၂ ဦးသာ ကျန်ရှိတော့ ကာ နိုဝင်ဘာ ၃၀ ရက်တွင် မြောက်ပိုင်း ခရိုင်တရားရုံးတွင် ဆက်လက် စစ်ဆေးမည် ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ရှေ့တွင် သေနတ်သမား ကြည်လင်း၏ ပစ်ခတ် လုပ်ကြံမှု ကို ခံခဲ့ရခြင်း ဖြစ်သည်။
အမှုတွင် ကြည်လင်းအား ပုဒ်မ ၃၀၂(၁)(ခ)/၃၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)၊၁၉(စ)၊ လေဆိပ်အငှားယာဉ် မောင်း ဦးနေဝင်းအား သတ်မှုပုဒ်မ ၃၀၂(၂) တို့ဖြင့် စွဲချက်တင်ထားသည်။
အောင်ဝင်းဇော်ကိုမူ လူသတ်ရန် ပူးပေါင်း လုပ်ဆောင်မှု ပုဒ်မ ၃၀၂(၁)(ခ)/၃၄ လည်းကောင်း၊ ဇေယျာဖြိုးအား လူသတ် ရန် အားပေး ကူညီမှုပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ ဖြင့် လည်းကောင်း၊ အောင်ဝင်းထွန်းအား ပြစ်မှု ကျူးလွန်သူအား ကူညီမှုပုဒ်မ ၂၁၂ ဖြင့်လည်းကောင်း အသီးသီး စွဲချက်တင်ထားပြီး အောင်ဝင်းထွန်းကို အာမခံပေးထားသည်။