ဂျပန်နိုင်ငံသည် ၎င်းထံတွင်ရှိသည့် F-15s လေယာဉ်ဟောင်းများနေရာ၌ အစားထိုးနိုင်ရန် အမေရိကန်လုပ် F-35 တိုက်လေယာဉ်အစင်း ၁၀၀ ကျော်ကို နောက်ထပ်မှာယူရေး ပြင်ဆင်လျက်ရှိကြောင်း ဂျပန်သတင်းဌာန Nikkei Asian Review အဆိုအရ သိရသည်။
ယင်းကဲ့သို့ ဂျပန်က တိုက်လေယာဉ်ထပ်ဝယ်မည့် အစီအစဉ်သည် တရုတ်၏စစ်အင်အား တိုးချဲ့နေခြင်းအပေါ် တုံ့ပြန်လိုက်ခြင်းဖြစ်သည့်အပြင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တိုကျိုကို နောက်ထပ်အမေရိကန်ကာကွယ်ရေးပစ္စည်းများ ထပ်မံဝယ်ယူရန် တိုက်တွန်းခြင်းအား လက်ခံလိုက်ခြင်းလည်း ဖြစ်သည်။ ဂျပန်ကလည်း တိုက်လေယာဉ်အသစ် ၄၂ စင်းထပ်ဖြည့်ရန် ရည်ရွယ်ချက်ရှိနှင့်ပြီးဖြစ်သည်။
F-35 လေယာဉ်တစင်း၏ကုန်ကျစရိတ်မှာ ယန်းငွေ ၁၀ ဘီလီယံ(ဒေါ်လာ ၈၈ ဒသမ ၁ သန်း) ရှိသဖြင့် နောက်ထပ်အော်ဒါမှာ ယူလျှင် ယန်းငွေ ၁ ထရီလီယံထက် ကျော်လွန်သွားမည့်အနေအထားဖြစ်သည်။
ဂျပန်အစိုးရက လာမည့် ဒီဇင်ဘာလလယ်တွင် ကျင်းပမည့် အစိုးရအဖွဲ့အစည်းအဝေး၌ အမျိုးသားကာကွယ်ရေးအစီအစဉ် လမ်းညွှန်ချက်သစ် ချပြသည့်အခါ ယခုတိုက်လေယာဉ် ဝယ်ယူမည့်ကိစ္စကို အတည်ပြုရန်ရှိသည်။ ကာကွယ်ရေးအစီအစဉ်၏ တတိယသက်တမ်းတွင် F-35 တိုက်လေယာဉ်များ မှာယူရန် ပါဝင်ပြီး လျာထားကာလမှာ ၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၃ ဘဏ္ဍာနှစ်အထိ ဖြစ်သည်။ ဂျပန်အစိုးရသည် ၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ်အရောက်တွင် လက်ရှိ F-4s လေယာဉ်အသုံးပြုသည့်နေရာတွင် F-35 တိုက်လေယာဉ် ၄၂ စင်းဖြင့် ဆက်ခံသုံးစွဲရန် ရည်မှန်းထားသည်။
ဂျပန်အစိုးရက မူလကတည်းက ဝယ်ယူရန်စီစဉ်ထားသော ယင်းတိုက်လေယာဉ် ၄၂ စင်းလုံးမှာ F-35A အမျိုးအစားဖြစ်ပြီး သမရိုးကျလေယာဉ်များ အတက်အဆင်းလုပ်ပုံနှင့် မတူဘဲ တမျိုးတဘာသာဖြစ်သည်။ နောက်ထပ်အော်ဒါမှာထားသည့် လေယာဉ်များတွင် F-35A နှင့် F-35B အမျိုးအစားများပါဝင်မည်ဖြစ်ပြီး ယင်းလေယာဉ်အမျိုးအစားများသည် အချိန်တိုအတွင်း မြေပြင်မှ ဝေဟင် ထိုးတက်နိုင်ပြီး ဒေါင်လိုက်ပုံစံဖြင့် မြေပြင်ပေါ် ပြန်လည်ဆင်းသက်နိုင်သည်။
လက်ရှိအနေအထားတွင် ဂျပန်က F-15 အမျိုးအစား တိုက်လေယာဉ်များကို တပ်ဖြန့်ထားပြီး ယင်းတို့ထဲမှ တဝက်မှာ အကြမ်းဖျင်းအားဖြင့် အဆင့်မြှင့်တင်နိုင်ခြင်း မရှိပေ။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက F-35 လေယာဉ်များနှင့်အတူ အဆင့်မြှင့်တင်နိုင်ခြင်းမရှိသည့် လေယာဉ်အစင်းအပေါင်း ၁၀၀ ကို အစားထိုးရန် ဆန္ဒရှိနေပြီး အစားထိုးနိုင်သည့်အခါ လက်ရှိ F-15 လေယာဉ်များကို အဆင့်မြှင့်တင်ခြင်းနှင့် ဆက်လက်သုံးစွဲခြင်း ပြုလုပ်မည်ဖြစ်သည်။
F-35B လေယာဉ်များကို ဂျပန်အစိုးရ က JS Izumo ရဟတ်ယာဉ် တင်ဆောင်နိုင်သော ဂျပန်ကာကွယ်ရေးရေတပ် စစ်သင်္ဘောတွင် နေရာချထားလိုသည်။
ဂျပန်၏ အိမ်နီးချင်းနိုင်ငံများမှာလည်း ၎င်းတို့ကိုယ်ပိုင် အဆင့်မြင့်စစ်သုံးလေယာဉ်များ မိတ်ဆက်နိုင်ရန် လုံးပန်းလျက်ရှိသည်။ တရုတ်နိုင်ငံက ၎င်းပြည်တွင်းဖြစ် J-20 ကိုယ်ပျောက်လေယာဉ်များကို ဖေဖော်ဝါရီလက တပ်ဖြန့်ပြခဲ့ပြီး ၂၀၃၀ ပြည့်နှစ်အရောက်တွင် ယခုနောက်ဆုံးပေါ် F-35 တိုက်လေယာဉ်မျိုးဆက်နှင့် အလားတူ တရုတ်၏ပဉ္စမမြောက် ဂျက်လေယာဉ် အစင်း ၂၅၀ ထက်မနည်း ထုတ်လုပ်နိုင်မည်ဟု ကျွမ်းကျင်သူအချို့က ခန့်မှန်းထားသည်။
ရုရှားနိုင်ငံကလည်း ၂၀၁၉ ခုနှစ်တွင် အစောဆုံးအနေဖြင့် ၎င်း၏ပဉ္စမမြောက် Sukhoi Su-57 ကို မိတ်ဆက်နိုင်ရန် ရည်သန်ထားသည်။
ထိုအခြေအနေကို ထိန်းညှိနိုင်ရေး ခေတ်အမီဆုံး ကိုယ်ပျောက်တိုက်လေယာဉ် ဝယ်ယူဖြည့်တင်းရေးကိစ္စမှာ သိသိသာသာ အရေးကြီးသည့်ကိစ္စဖြစ်သည်ဟု တိုကျိုက ယုံကြည်နေသည်။
တချိန်တည်းမှာပင် ထရမ့်က ဂျပန်နိုင်ငံကို အမေရိကန်လုပ်ပစ္စည်းများ ထပ်ဝယ်ပြီး နိုင်ငံများအကြား ကုန်သွယ်ရေး မညီမမျှဖြစ်နေခြင်းကို လျှော့ချရန် ဂျပန်နိုင်ငံကို ထပ်တလဲလဲ တိုက်တွန်းနေခဲ့သည်။ ဈေးကြီးသော တိုက်လေယာဉ်များ ထပ်ဝယ်ခြင်းသည် ကုန်သွယ်ရေး အကျပ်အတည်းကို အလျင်အမြန်ဖြေရှင်းနိုင်မည့်နည်းလမ်းဖြစ်သည်။
“အမေရိကန်လုပ်အပါအဝင် စွမ်းရည်မြင့်စစ်ပစ္စည်းတွေနဲ့ မိတ်ဆက်တာဟာ ကျနော်တို့နိုင်ငံအတွက် ကာကွယ်ရေးအင်အားခိုင်မာစေဖို့ အရေးကြီးတဲ့အချက်ပါ” ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထရမ့်ကို စက်တင်ဘာလက ပြောကြားခဲ့သည်။