ဘင်္ဂလားဒေ့ရှ်တွင် ထုတ်ပေးမည့် စမတ်ကတ်များတွင် ရိုဟင်ဂျာ အမည် အသုံးပြုရေးအပါအဝင် ၎င်းတို့၏ တောင်းဆိုချက်များကို အစိုးရက ဆွေးနွေးရန် သဘောတူလိုက်ပြီးနောက် နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်ခဲ့သော သုံးရက်ကြာ ဆန္ဒပြပွဲများကို ရုပ်သိမ်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားခရိုင် ယူခီရာဒေသ ဒုက္ခသည် စခန်းများမှ ခေါင်းဆောင်များက သဘောတူလိုက်သည်။
“မိမိတို့၏ တောင်းဆိုမှုများကို ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ချဉ်းကပ် ပြောဆိုခဲ့ပြီး ဖြစ်သောကြောင့် ယခုဆန္ဒပြပွဲကို ခေတ္တ ရပ်ဆိုင်းထားရန် ဆုံးဖြတ်လိုက်သည်” ဟု နိုဝင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
“မိမိတို့၏ ဆန္ဒပြပွဲများသည် ရိုဟင်ဂျာ လူမျိုးစုပြဿနာနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် တခြား အာဏာပိုင်များက စမတ်ကတ်များ ထုတ်ပေးရေးနှင့် ပတ်သက်ပြီး ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ညှိနှိုင်းတိုင်ပင်မှု မရှိခြင်းတို့ကို အာရုံစိုက်အောင် လုပ်ဆောင်နိုင်ခဲ့သည်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ဒုက္ခသည်တို့သည် ၎င်းတို့၏ လူမျိုးစု သတ်မှတ်ချက်ကြောင့် မြန်မာနိုင်ငံတွင် ညှဉ်းပမ်းနှိပ်စက် ခံရခြင်း ဖြစ်သောကြောင့် UNHCR က ထုတ်ပေးသော မှတ်ပုံတင်ကတ်များတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည်များကို ၎င်းတို့၏ လူမျိုးစုအမည်ဖြင့် မှတ်ပုံတင်ရေးမှာ အရေးကြီးကြောင်း ဒုက္ခသည် စခန်း ခေါင်းဆောင်များက ပြောသည်။
ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ် ခေါ်ဆိုသူများသည် မြန်မာနိုင်ငံတွင်း မျိုးဆက်နှင့်ချီ နေထိုင်နေကြသော်လည်း ၎င်းတို့ကို မြန်မာနိုင်ငံက လူမျိုးစုအဖြစ် အသိအမှတ်မပြုဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် လာရောက် အခြေချသူများ အဖြစ် သတ်မှတ်ထားသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့က စတင်သော ဆန္ဒပြပွဲများတွင် ယူခီရာမှ ဒုက္ခသည် အများအပြား ပါဝင်သည်ဟု ဒုက္ခသည် ခေါင်းဆောင်များက ပြောသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့က ဒုက္ခသည် စခန်းများသို့ သွားရောက်ခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် ကယ်ဆယ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေး ကော်မရှင်နာမင်းကြီး မိုဟာမက် အဘူလ် ခါလမ်က အာဏာပိုင် များသည် ဒုက္ခသည်တို့၏ စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်ပြီး စခန်းခေါင်းဆောင်များနှင့် ဆွေးနွေးနေကြောင်း အတည်ပြု ပြောကြားသည်။
၎င်းတို့၏ အခြားသော တောင်းဆိုချက်များတွင် ကတ်များအတွက် ဇီ၀ အချက်အလက် (Biometric data) များကို ပေးအပ်ရန် UNHCR က ဒုက္ခသည်များကို ဖိအားပေးမှု ရပ်တန့်ရေးနှင့် ထိုအချက်အလက်များကို မြန်မာနိုင်ငံသို့ မပေးပို့ရေးတို့လည်း ပါဝင်သည်။ ထိုအချက်အလက်များကို မြန်မာအစိုးရက ၎င်းတို့အပေါ် ဆက်လက် ဖိနှိပ်ရာတွင် သုံးစွဲမည်ကို စိုးရိမ်နေကြသည်။
“ဘင်္ဂလားဒေ့ရှ်နဲ့ UNHCR တို့ ပူးပေါင်းဆောင်ရွက်တဲ့ စိစစ်အတည်ပြုရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး ဒုက္ခသည် အသိုင်းအဝန်းက သူတို့ရဲ့ ထင်မြင်ယူဆချက်ကို ငြိမ်းချမ်းစွာ ထုတ်ဖော်တယ်ဆိုတဲ့ သတင်းတွေကို UNHCR က သတိထားမိပါတယ်” ဟု ကော့ဗဇားရှိ UNHCR ပြောခွင့်ရသူ ဖီရက်စ် အယ်လ် ခါတက်က ဧရာဝတီ သတင်းဌာနသို့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင်ပြောသည်။
စိစစ်အတည်ပြုသော လုပ်ငန်းစဉ်သည် အာဏာပိုင်များက လူဦးရေကို စီမံခန့်ခွဲရန်နှင့် ဒုက္ခသည်များ ဝန်ဆောင်မှု ရရှိစေရန်၊ ဘင်္ဂလားဒေ့ရှ်နှင့် UNHCR တို့အတွက် ဒုက္ခသည်များနှင့် ပတ်သက်သော တူညီသည့် အချက်အလက်များ ရရှိရန် အထောက်အကူ ပြုသည်ဟု သူက ပြောသည်။ လက်ရှိအချိန်တွင် ဒုက္ခသည် ၁ သန်းခန့်ရှိသည်။
ဘင်္ဂလားဒေ့ရှ်နှင့် UNHCR တို့ ထို အစီအစဉ်ကို စတင်ပြီးနောက်ပိုင်း ထိုကတ်များဖြင့် ဒုက္ခသည် ၂၉၀၀၀ ကျော် မှတ်ပုံတင်ခဲ့ကြပြီး ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ အဆိုအရ သိရသည်။ ပူပန်မှုများ ရှိသော်လည်း ဒုက္ခသည်များသည် နိုဝင်ဘာလ ၂၇ ရက်နေ့တွင်ပင် ဆက်လက် မှတ်ပုံတင်နေကြဆဲ ဖြစ်သည်။
“စိစစ် အတည်ပြုတဲ့ လုပ်ငန်းစဉ်ဟာ ဒုက္ခသည်တွေအတွက် အကာအကွယ် ပိုမိုရရှိစေဖို့ ရည်ရွယ်ပြီး ဘင်္ဂလားဒေ့ရှ်မှာ အကူအညီတွေရဖို့ အာမခံချက်အတွက် ရည်ရွယ်ပါတယ်။ ဒါတွေဟာ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းတွေနဲ့ မပတ်သက်ပါဘူး။ မြန်မာနိုင်ငံကို ပြန်တဲ့ကိစ္စဟာ သူတို့ လုံခြုံပြီလို့ ထင်တဲ့အခါ ဒုက္ခသည် တဦးချင်း ဆန္ဒအလျောက် ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်” ဟု ဖီရက်စ် အယ်လ် ခါတက်က ပြောသည်။
“နေရပ်ပြန်လိုမှု အကဲဖြတ်ခြင်းအပါအဝင် ဆန္ဒအလျောက် နေရပ်ပြန်ရေးနဲ့ ပတ်သက်တဲ့ ဘယ်လို လုပ်ငန်းစဉ်မဆိုကို လက်ရှိ စိစစ်မှတ်ပုံတင်တဲ့ လုပ်ငန်းနဲ့ သီးခြား ဆောင်ရွက်သင့်ပါတယ်၊ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟုလည်း သူက ဆက်ပြောသည်။
(Rohingya Refugee Leaders in Bangladesh Call Off Work Strike Early ကို ဘာသာပြန်ဆိုသည်။)