သတင်း

အမှုရုပ်သိမ်းခွင့်ရရန် တိုင်းဥပဒေချုပ်ဟောင်း ဇနီးထံ ချဉ်းကပ်ခဲ့ဟု ဆို

Want create site? Find Free WordPress Themes and plugins.

ဟာသ သရုပ်ဆောင် အောင်ရဲထွေး အမှု ရုပ်သိမ်းရေး ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း၏ ခွင့်ပြုချက် ရရှိရန်အတွက် ၎င်း၏ ဇနီးထံ ချဉ်းကပ်ခဲ့ကြောင်း တရားလိုဖြစ်သူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးမှူး ဦးမိုးနိုင်က ယနေ့ တရားခွင်တွင် ထွက်ဆိုသည်။

အမှု ရုပ်သိမ်းခွင့်ပြုရာတွင် လာဘ်စားသည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ဥပဒေအရာရှိများအား နိုဝင်ဘာလ ၃၀ ရက်က ရုံးထုတ်စစ်ဆေးစဉ် ယင်းသို့ ထွက်ဆိုခြင်း ဖြစ်သည်။

တရားလို ဦးမိုးနိုင်က “အမှု ရုပ်သိမ်းသည့်ကိစ္စအတွက် ငွေကျပ် သိန်း ၁၅၀၊ ငှက်သိုက် (အနီရောင်ကတ်) နှင့် ယိုးဒယားကိတ်မုန့်ဘူးပါ ကြွပ်ကြွပ်အိတ်ကို ဦးမောင်မောင်လတ်က ဒေါ်ခင်ခင်ကြွယ် (ဦးဟန်ထူး၏ ဇနီး) အား ပေးအပ်ခဲ့ရာ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်” ဟု တရားခွင်တွင် ထွက်ဆိုသည်။

၎င်း၏ ထွက်ဆိုချက်များအရ ဦးမောင်မောင်လတ်သည် လူသတ်တရားခံဟု စွပ်စွဲခံထားရသူ သန်းထွဋ်အောင် (ခ) သားကြီး၏ ဖခင် ဦးခင်မောင်လေး၏ လုပ်ဖော်ကိုင်ဖက် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတဦး ဖြစ်သကဲ့သို့ တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးနှင့်လည်း ခင်မင်ရင်းနှီးသူဖြစ်ကြောင်း သိရသည်။

ဦးခင်မောင်လေးမှာ အဂတိလိုက်စားမှုဖြင့် တရားစွဲခံထားသူ ဒု-ခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်နှင့်အတူ ဦးဟန်ထူးအား တွေ့ဆုံခွင့်ရရန် ကိုယ်ရေးအရာရှိမှတဆင့် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေခဲ့သည့်အတွက် ဦးဟန်ထူးအတွက် ယူဆောင်လာသော ရှပ်အင်္ကျီ ၁ ထည်နှင့် Blue Label အရက်ပုလင်း ၁ လုံးကို ပေးပေးရန်နှင့် ကျေးဇူးတင်စကား ပြောဆိုကာ ပြန်လာခဲ့ရသည်ဟုလည်း ထွက်ဆိုချက်များအရ သိရသည်။

ဦးခင်မောင်လေးသည် ဒေါ်သစ်သစ်ခင်၏ ပြောပြချက်အရ အမှုရုပ်သိမ်းခွင့် ပြုသည့်ကိစ္စတွင် တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူး၏ အဆုံးအဖြတ်သည် အရေးပါကြောင်း သိရှိရသဖြင့် ဦးမောင်မောင်လတ်အား ဦးဟန်ထူးအား အကူအညီ တောင်းခံပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း ဦးမိုးနိုင်က ထွက်ဆိုသည်။

ဦးမောင်မောင်လတ်က ဦးဟန်ထူး၏ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ကြွယ်ကို ဖုန်းဖြင့် ဆက်သွယ် ချိတ်ဆက်ခဲ့ရာမှ ၎င်းမှ နေအိမ်သို့ လာရောက်ရန် သဘောတူခဲ့ပြီးနောက် ဦးဟန်ထူးအား ပေးရမည့် ငွေကြေးနှင့် ပစ္စည်းများကို ဒေါ်ခင်ခင်ကြွယ်ကသာ လက်ခံရယူခဲ့သည်ဟုလည်း တရားလို၏ ထွက်ဆိုချက်များတွင် ပါရှိသည်။

ဦးမိုးနိုင် က “ဦးဟန်ထူးနေအိမ်သို့ ရောက်ရှိသည့်အခါ မူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ရောက်ရှိနေသဖြင့် ဦးဟန်ထူးနှင့် မတွေ့ရဘဲ ဇနီး ဒေါ်ခင်ခင်ကြွယ်နှင့်သာ တွေ့ဆုံခဲ့ရကြောင်း၊ ထိုသို့တွေ့ဆုံစဉ် ဦးမောင်မောင်လတ်က ၎င်း၏ မိတ်ဆွေ ဦးခင်မောင်လေး၏ သား သန်းထွဋ်အောင်အမှု ရုပ်သိမ်းခွင့်ရထားသည့် အမှုတွဲ ရောက်ရှိလာပါက ကူညီဆောင်ရွက်ပေးရန် ပြောကြားခဲ့ရာ ဒေါ်ခင်ခင်ကြွယ်မှ အမှုတွဲရောက်ရှိလာပါက ဥပဒေဘောင်အတွင်းက လုပ်ပေးနိုင်မည်ဆိုက လုပ်ပေးမည်ဟု ပြောကြားရာ ဦးမောင်မောင်လတ်သည် ဦးဟန်ထူး နေအိမ်မှ ပြန်လည်ထွက်ခွာသွားကြောင်း စစ်ဆေးပေါ်ပေါက်သည်” ဟု ယနေ့တရားခွင်တွင် ထွက်ဆိုသည်။

တရားလို၏ တရားခွင်တွင်း ထွက်ဆိုချက်နှင့် ပတ်သက်၍ စွပ်စွဲခံရသူ တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူး၏ အကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးမင်းစိန်ကို မေးမြန်းရာ ယင်းမှာ ၎င်း၏ စစ်ဆေးတွေ့ရှိချက်များကို ထွက်ဆိုခြင်းဖြစ်၍ သုံးသပ်၍ မရသေးကြောင်းနှင့် ၎င်း၏ ထွက်ဆိုချက်များ ပြီးမှသာ ပြန်လှန်မေးခွန်းများ မေးမြန်းသွားမည်ဟု ပြောသည်။

ဦးခင်မောင်လေးမှာ အမှုတွင် ပါဝင်ပတ်သက်သည့် ဥပဒေအရာရှိများကို လာဘ်ငွေနှင့် တံစိုးလက်ဆောင်များအား ဒေါ်သစ်သစ်ခင်မှတဆင့် လိုက်လံပေးအပ်ခြင်းဖြစ်ကာ ကုန်ကျငွေများကို ၎င်း၏ ကုမ္ပဏီမှ ကိုယ်ရေးကိုယ်တာ ခေါင်းစဉ်ဖြင့် ထုတ်ယူပေးခဲ့ခြင်းဖြစ်သည်ဟု တရားလို ဦးမိုးနိုင်၏ ထွက်ဆိုချက်များအရ သိရသည်။

တရားလို ဦးမိုးနိုင်၏ ထွက်ဆိုချက်များ ယနေ့ ရုံးချိန်းတွင် မပြီးပြတ်သေးသည့်အတွက် လာမည့် ဒီဇင်ဘာ ၇ ရက် ရုံးချိန်းတွင် တရားလိုအား ဆက်လက် စစ်ဆေးသွားမည် ဖြစ်သည်။

အောင်ရဲထွေး သေဆုံးမှုတွင် တရားရေးအရ ပြည့်စုံစွာ သုံးသပ်စိစစ်ခြင်းမရှိဘဲ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များ ရယူကာ အမှုကို ရုပ်သိမ်းခွင့်ပြုပြီး သံသယတရားခံများအား လွှတ်ပေးသည်ဟုဆိုကာ တိုင်းဥပဒေချုပ်ဟောင်း အပါအဝင် ၆ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားခြင်း ဖြစ်သည်။

တရားစွဲဆိုခံရသူများမှာ တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူး၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒု-ခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒု-ခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် ရွှေပေါက္ကံနယ်မြေစခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေ စခန်းမှူး) ရဲအုပ် ချစ်ကိုကိုတို့ ဖြစ်သည်။

ဆက်စပ်သတင်း

အောင်ရဲထွေး အမှု တရားလိုပြ သက်သေ ထွက်ချက်များ ကွဲလွဲမှု ရှိ

အောင်ရဲထွေး အမှု ရုပ်သိမ်းရေး မိသားစုဝင်များကို ကျပ်သိန်း ၁၅၀၀ ပေးခဲ့ဟု အဂတိ ကော်မရှင် ပြော

အောင်ရဲထွေး အမှု လာဘ်စားမှု ဖော်ထုတ်ရေး လူ ၆၀ ကျော် စစ်ဆေးခဲ့ဟု တရားလိုပြော 

Did you find apk for android? You can find new Free Android Games and apps.
Loading