ဧရာဝတီတိုင်း ဒေသကြီး အတွင်း လာရောက် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များအား အကောင်းဆုံး ကူညီပေးသွားမည် ဖြစ်ကြောင်း တိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောသည်။
ယမန်နေ့ နံနက်ပိုင်းက ငွေဆောင် ကမ်းခြေရှိ ယမုံနာဦး ဟိုတယ်၌ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမို ဝင် ရောက်လာစေရန် ရည်ရွယ် ကျင်းပသည့် ဧရာဝတီတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ပြပွဲ ၂၀၁၈ တွင် ဝန်ကြီးချုပ်က ပြော ဆိုခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် ဦးလှမိုးအောင်က “တိုင်းအစိုးရ အဖွဲ့နဲ့ တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (ARIC )အနေနဲ့ တိုင်းအတွင်း စီးပွားရေး လုပ်ငန်းများ အလျင်အမြန် တိုးတက်လာစေဖို့ အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနဲ့ ပြည်တွင်းက စီးပွားရေး လုပ်ငန်း များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ အညီ ရိုးရှင်း လွယ်ကူစွာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စိုက်ပျိုးရေး ကဏ္ဍနဲ့ မွေးမြူရေး ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေး သွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။
ထို့ပြင် ဧရာဝတီတိုင်း၌ ရေနက် ဆိပ်ကမ်း၊ ရေနံချက် စက်ရုံ၊ ရေနံနှင့် ဓာတ်သတ္ထု တူးဖော်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက် လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း စသဖြင့် စီးပွားရေး အခွင့်အလမ်း များစွာ ရှိနေသည့် အတွက် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ အနေဖြင့် လာရောက်၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန် ဖိတ်ခေါ်ကြောင်းလည်း ၎င်းက ပြောသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု ပြပွဲကို ဂျပန် အပြည် ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် တိုင်းအစိုးရတို့ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ကာ နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာ ၁ ရက် အထိ ၂ ရက်တာ ကျင်းပမည် ဖြစ်သည်။
ပြပွဲ၌ ဧရာဝတီတိုင်းတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံထားသည့် စီးပွားရေး စီမံကိန်းများ၊ ဒေသထွက် လက်မှု ထုတ်ကုန်များနှင့် ဌာန ဆိုင်ရာ စသဖြင့် ပြခန်းပေါင်း ၃၀ ခင်းကျင်း ပြသခဲ့သည်။
ပြပွဲ ဒုတိယနေ့ ဖြစ်သည့် ဒီဇင်ဘာလ ၁ ရက်၌ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကို ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ က ဦးဆောင်၍ ငွေဆောင် ကမ်းခြေရှိ ပုစွန်နှင့် ငါးမွေးမြူရေး လုပ်ငန်းများ၊ ငွေဆောင် ဗီလာ ဆောက်လုပ်ရေး လုပ်ငန်း၊ ပုသိမ်မြို့ရှိ ပုသိမ် စက်မှုမြို့တော် စီမံကိန်းများသို့ လိုက်ပါ ပို့ဆောင်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။
ဧရာဝတီတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (ARIC )ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်၌ ဖွဲ့စည်း၍ တိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုခဲ့ရာ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အထိ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၂၅ သန်း ဝင်ရောက်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့က ဆိုသည်။
ထို့ပြင် ပြည်တွင်း လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်းပေါင်း ၁၆ ခုမှ ရင်းနှီးမြှုပ်နှံမှု ကျပ် ၅၁၈၇၅ သန်းကျော် ဝင်ရောက်ခဲ့ ကာ အလုပ်အကိုင် အခွင့်အလမ်း အဖြစ် လူပေါင်း ၃၁၃၇ ဦးကို အလုပ်အကိုင်များ ဖန်တီးပေးခဲ့ကြောင်း အစိုးရ အဖွဲ့ထံမှ သိရသည်။
တိုင်းအတွင်း၌ ဟောင်ကောင်၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ပြင်သစ်၊ အိန္ဒိယ၊ မလေးရှား၊ လူဇင်ဘတ် စသည့် နိုင်ငံများ လာရောက် ရင်းနှီးမြှုပ်နှံထားကြပြီး အထည်ချုပ် လုပ်ငန်း ၁၂ ခု၊ ကမ်းလွန် ရေနံ တူးဖော်မှု ထောက်ပံ့ရေး စီမံကိန်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်မှု၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက်ခြင်း စသည့် လုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားကြောင်း တိုင်းအစိုးရ စာရင်းများတွင် ဖော်ပြထားသည်။
ဧရာဝတီတိုင်း၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်မှု လုပ်ဆောင်နေသည့် MRPL ကုမ္ပဏီ အုပ်စု အုပ်ချုပ်မှု ဒါရိုက်တာ ဦးတင့်ဆွေက “အခုလို ပြပွဲတွေ ပြုလုပ်တာက တိုင်းပြည် စီးပွားရေး ဖွံဖြိုး တိုးတက်လာဖို့ အတွက် အထောက်အကူ ပြု မယ်လို့ ယုံကြည်ပါတယ်။ လမ်းပန်း ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ ဧရာဝတီတိုင်းမှာက တော်တော်လေး ပြဿနာ ရှိ တယ်။ ရန်ကုန်နဲ့ မိုင် ၁ဝဝ ကျော်ပဲ ဝေးပေမယ့် လမ်းမကောင်းဘူး။ ဒါက ရန်ကုန်ကနေ ပုသိမ်ကို လာတဲ့ အပိုင်း။ ပုသိမ် ကနေ စီမံကိန်း နေရာတွေ သွားဖို့ လမ်းက မကောင်းပြန်ဘူး။ အဲဒီ အပိုင်း မြန်မြန် တိုးတက်လာရင် တိုင်းရဲ့တိုးတက်မှုတွေ မြန်ဆန်လာမှာပါ” ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း ရင်းနှီးမြှုပ်နှံမှု ပြပွဲသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)ဒု ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကယား ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ် ဖောင်းရှို၊ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် အစိုးရ အဖွဲ့ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် NLD ပါတီ၏ စီးပွားရေး ဆိုင်ရာ အကြံပေး အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။
ထို့ပြင် အာရှနှင့် ဥရောပ နိုင်ငံများမှ ရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များ၊ ပြည်တွင်း လုပ်ငန်းရှင်များ၊ နိုင်ငံတကာ သံရုံးများမှ သံအမတ်ကြီးများ၊ စီးပွားရေး ပညာရှင်များ စသဖြင့် စုစုပေါင်း လူဦးရေ ၃၅၀ ကျော် တက်ရောက်ပြီး ဧရာဝတီတိုင်း၏ စီးပွားရေး အခွင့်အလမ်းများကို အစိုးရမှ ရှင်းလင်း တင်ပြခြင်း၊ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များမှ သိလိုသည်များ မေး မြန်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။