မတရားအသင်းဆက်သွယ်မှု အက်ဥပဒေနှင့် အရေးယူပေးရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်ကြားချက် သဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ မြောက်ပိုင်း ဒုဥက္ကဌ အပါအဝင် ၃ ဦးကို ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု သတင်းရရှိသည်။
ABSDF မြောက်ပိုင်း ဒုဥက္ကဌ ဦးအောင်ဆွေဦး၊ ဗိုလ်မောင်ဦးနှင့် အရပ်သား ကိုသန်းထိုက်အောင်တို့ကို နိုဝင်ဘာလ ၃၀ ရက်၊ နေ့လည်ပိုင်းက မိုးညှင်းမြို့၊ ရွာသစ်ကုန်းကျေးရွာရှိ အိမ်တအိမ်တွင် ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်ပြီး လက်ရှိတွင် ရဲစခန်းအချုပ်၌ ဖမ်းဆီးထားသည်ဟု သိရသည်။
မိုးညှင်းမြို့ အခြေစိုက်၊ ငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့မှ ဦးစိန်အေးက “ သူတို့ကို ရဲစခန်းမှာ ၁၇ (၁) နဲ့ အရေးယူပေးဖို့ ခလရ ၁၅ က ဗိုလ်ကြီး သီဟစိုးကနေ မြို့နယ်ရဲစခန်းကို စာပို့ထားတယ်” ဟု ပြောသည်။
ဧရာဝတီက ကြည့်ရှုခွင့်ရသည့် မိုးညှင်းမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၁၅ ၊ ဗိုလ်ကြီး သီဟစိုးမှ မိုးညှင်းမြို့မရဲစခန်း၊ စခန်းမှူးထံသို့ ပေးပို့ထားသည့် စာထဲတွင် ABSDF မြောက်ပိုင်း ဒုဥက္ကဌ ဦးအောင်ဆွေဦး၊ ဗိုလ် မောင်ဦးနှင့် အရပ်သား ကိုသန်းထိုက်အောင်တို့မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ KIA သောင်းကျန်းသူ လှုပ်ရှားမှု နယ်မြေအတွင်း ခွင့်ပြုချက် မရရှိဘဲ ဝင်ရောက် နေထိုင်ခဲ့သဖြင့် မတရားအသင်းအက်ဥပဒေ ၁၇ (၁) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ပေးရန် တပ်နယ်မှူးရုံးက ညွှန်ကြားထားသည်ဟု ရေးသားထားသည်။
ထို့ကြောင့် ၎င်းတို့ ၃ဦးကို အရေးယူပေးရန် မိုးညှင်းမြို့မ ရဲစခန်း၊ စခန်းမှူးကို တိုင်တန်းအပ်သည်ဟုလည်း ရေးသားထားသည်။
ဦးစိန်အေးက “လောလောဆယ်တော့ ရဲစခန်းမှာပဲ ရှိသေးတယ်။ စွဲချက်တင်ဖို့က စနေ၊ တနင်္ဂနွေက ပိတ်တယ်။ ထောင်ကို ပြောင်းလား မပြောင်းလားတော့ မသိသေးပါဘူး။ တနင်္လာနေ့မှ ပြောင်းမလား၊ ဒီနေ့ပြောင်းမလား တော့ ကျနော်တို့ မသိသေးပါဘူး” ဟု ပြောသည်။
ABSDF မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်နိုင်ထွန်းထွန်းမှာ မိုးညှင်းမြို့တွင် ကွယ်လွန်သွား သဖြင့် ABSDF ဒုဥက္ကဌ ဦးအောင်ဆွေဦးက အဖွဲ့အစည်းအရ ပြန်တမ်းစာ လာဖတ်ခြင်း ဖြစ်ပြီး မိုးညှင်းသို့ လာရာတွင်လည်း ခရီးသွားခွင့်ပြုမိန့်စာ ပါလာကြောင်း၊ ပြန်ခါနီးတွင် အဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု ဦးစိန်အေးက ပြောသည်။
ABSDF သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က အစိုးရ၊ တပ်မတော်နှင့် တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ် (NCA) ကို ရေးထိုးထားပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစုပင်လုံအစည်းအဝေးများတွင်လည်း ပါဝင်ကာ ဆွေးနွေးမှုများပြုလုပ်နေသည့် လက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်သည်။
ABSDF ကို NCA မထိုးခင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်ကတည်းက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်ပြီး မတရားအသင်းအဖွဲ့စာရင်းမှလည်း ပြည်ထဲရေးဝန်ကြီး ဌာနက ပယ်ဖျက်ထားပြီး ဖြစ်သည်။
ABSDF မြောက်ပိုင်းအဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ လိုင်ဇာမြို့တွင် အခြေစိုက်ပြီး လှုပ်ရှားသည်။ KIA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားခြင်းမရှိပဲ တပ်မတော်နှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲ အဖွဲ့ဖြစ်သည်။
မိုးညှင်းမြို့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးကလည်း ABSDF ဒုဥက္ကဌတွင် နေပြည်တော်မှ ပေးထားသည့် ခရီးသွားလာခွင့် ခွင့်ပြုစာ ပါသော်လည်း မိုးညှင်းမြို့ ရောက်ရာတွင် သက်ဆိုင်ရာများကို အကြောင်းမကြားသဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ညွှန်ကြားချက်ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိထားကြောင်း ပြောသည်။
ဦးတင်အေးက “ သူတို့က လက်နက်ကိုင်အဖွ့ဲအစည်းဆိုတော့ အကြောင်းကြားရတာပေါ့။ ကျနော်တို့လည်း သွားရင် ရောက်တဲ့ဌာနကို အကြောင်းကြား သတင်းပို့ရတာပဲ။ သူတို့က လက်နက်ကိုင်အဖွဲ့အစည်းဆိုတော့ စည်းကမ်းဥပဒေအရ ပိုရှိတာပေါ့”ဟု ပြောသည်။
ABSDF ဒုဥက္ကဌ ဦးမျိုးဝင်းကလည်း ၎င်းတို့၏ မြောက်ပိုင်း ဒုဥက္ကဌနှင့် အဖွဲ့ဝင် ဖမ်းဆီးခံရသည့် အပေါ် လိုက်လံ စုံစမ်းပြီး ပြေလည်အောင်ဆောင်ရွက်နေဆဲ ဖြစ်သည်ဟု ပြောသည်။
ဦးမျိုးဝင်းက “ဒါက မဖြစ်သင့်တဲ့ ကိစ္စပါ။ သက်ဆိုင်ရာ အစိုးရနဲ့ တာဝန်ရှိသူတွေကို ကျနော်တို့ ဆက်သွယ် နေတယ်။ NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန) ၊ JMC ( ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ) ရှိမယ်။ ဒါတွေနဲ့ ကျနော်တို့ညှိနှိုင်း ဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ကလည်း ABSDF မြောက်ပိုင်း၏ ဗဟိုကော်မတီဝင် ရဲဘော်မင်းဌေးကို ကချင်ပြည်နယ်၊ ဗန်းမော်-လွယ်ဂျယ် ကားလမ်းပေးရှိ စိန်လုံဂိတ်တွင် တပ်မတော်က ဖမ်းဆီးခဲ့ပြီး ၈လကျော် အချုပ်ထဲတွင် နေပြီး တရားရင်ဆိုင်ခဲ့ရသည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှ ရဲဘော်မင်းဌေးသည် မတရားအသင်းနှင့် ဆက်သွယ်မှု မမြောက်ဟု မိုးမောက်မြို့နယ် တရားရုံးက ဆုံးဖြတ်လိုက်သဖြင့် ပြန်လွတ်လာခဲ့သည်။